မြန်မာ့ဆန်စက်လုပ်ငန်းများ အဆင့်ဆင့်ပြောင်းလဲလာပုံ အပိုင်း ( ၁ )


23 May, 2019

ဆန်ကို အဓိကစားသုံးတဲ့ မြန်မာနိုင်ငံမှာ ဆန်စပါးလုပ်ငန်းတွေက အခြေခံ စီးပွားရေးလုပ်ငန်းတစ်ရပ်အဖြစ် တည်ရှိခဲ့ပြီး ဆန်ကြိတ်ခွဲ ထုတ်လုပ်မှုပုံစံတွေကလည်း အဆင့်ဆင့် ပြောင်းလဲလာခဲ့ပါတယ်။

ရှေးခေတ်အခါက လယ်ယာစိုက်ပျိုးရေးမှ ထွက်ရှိလာတဲ့ စပါးတွေကို မောင်းဆုံများ၊ လက်ဆုံများနဲ့ ထောင်းဖွပ်ကာ ဆန်အဖြစ် စားသုံးခဲ့ကြပါတယ်။ ခေတ်တွေပြောင်းလဲလာတာနဲ့အမျှ မြန်မာ့ဆန်စက်လုပ်ငန်းတွေကလည်း ခေတ်အလိုက် ပြောင်းလဲလာတာကို တွေ့ရပါတယ်။

 

ကိုလိုနီခေတ် ဆန်စက်များ အခြေအနေ

ကိုလိုနီခေတ်မှာ ရှေးအကျဆုံး မြန်မာ့ဆန်စက်လုပ်ငန်းကို ပုသိမ်မြို့မှာ ၁၈၅၉ ခုနှစ်က တည်ဆောက်ခဲ့ပြီး မှတ်တမ်းတွေအရ ၁၈၆၇ ခုနှစ်မှာ ဂျိုးဇက်အိပ်ကုမ္ပဏီက ရန်ကုန်မြို့မှာ ဆန်စက်နှစ်လုံး တည်ခဲ့တယ်လို့ သိရပါတယ်။

ကိုလိုနီခေတ်ဦးကာလက ဆန်စပါးလုပ်ငန်းတွေ တိုးတက်လာတဲ့နဲ့အမျှ ဆန်စပါးကြိတ်ခွဲတဲ့လုပ်ငန်းတွေလည်း တပြေးညီ တိုးတက်ခဲ့ပါတယ်။ စူးအက်တူးမြောင်း မဖောက်မီ ၁၈၇၀ ပြည့်နှစ်အစောပိုင်းက မြန်မာနိုင်ငံမှ ပြည်ပကို စပါးအနေနဲ့လည်းကောင်း၊ လုံးတီးဆန် သို့မဟုတ် ငါးပုံဆန်၊ လုံးစိမ်း ( Brown Rice ) လို့ခေါ်တဲ့ အခွံခွာပြီးဆန် ( Rice not in the husk ) တွေကို တင်ပို့ခဲ့ကြပါတယ်။

၎င်းဆန်တွေကို သက်ဆိုင်ရာနိုင်ငံရောက်မှ ဆန်ဖြူစက်တွေနဲ့ လိုရာဆန်အမျိုးအစားရအောင် ထပ်မံကြိတ်ဖွတ်ပြီး ဈေးကွက်မှာ ရောင်းချကြတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အဲဒီအချိန်တုန်းက ဆိပ်ကမ်းမြို့တွေဖြစ်တဲ့ ရန်ကုန်၊ ပုသိမ်၊ စစ်တွေနဲ့ မော်လမြိုင်မြို့တွေရှိ ဆန်စက်တွေဟာ လုံးတီးဆန်စက်တွေသာ ဖြစ်ကြပါတယ်။

၁၉၀၀ ပြည့်နှစ်မှာတော့ စတီးဘရားသားကုမ္ပဏီမှ ရန်ကုန်တိုင်း ခနောင်တိုဒေသမှာ တစ်နေ့ ဆန်တန်ချိန် ၁၀၀၀ ( စပါးတန် ၁၅၀၀ ကြိတ်ဝါးနိုင် ) တဲ့ ဆန်စက်ကြီးကို တည်ဆောက်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းကတော့ ၎င်းဆန်စက်ကြီးဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးဆန်စက်ကြီးဖြစ်တယ်လို့ှ သိရပါတယ်။

ကိုလိုနီခေတ်နှေင်းပိုင်းတုန်းက မြန်မာနိုင်ငံမှာ ဆန်စက်ပေါင်း ( ၆၇၃ ) စက်အထိ ရှိခဲ့တယ်လို့ သိရပါတယ်။

 

လွတ်လပ်ရေးခေတ် ဆန်စက်များ အခြေအနေ

၁၉၄၇ ခုနှစ်မှာ မြန်မာနိုင်ငံ အစိုးရက နိုင်ငံတော် ကောက်ပဲသီးနှံ ရောင်းဝယ်ရေးအဖွဲ့ ကို ဖွဲ့စည်းခဲ့ပြီး ဆန်စက်များ ပြန်လည်ထူထောင်နိုင်ဖို့အတွက် ချေးငွေ ( ၆ ) မျိုးကို ထုတ်ချေးပေးခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံပိုင်ဆန်စက်တွေကိုလည်း တည်ဆောက်ခဲ့ပါတယ်။

Source: UMFCCI

Myanmar Industry Directory

Agriculture & Livestock Read 1153 times