မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆန်းစစ်ခြင်း


28 August, 2018

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲရေးတွင် သော့ချက်ကျသည်။ မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအခြေအနေကို ဒေသတွင်းနိုင်ငံအချို့နှင့် နှိုင်းယှဉ်ဆန်းစစ်နိုင်မှသာတကယ်တိုးတက်နေပြီလားဆိုသည့်အချက်ကို ကြောင်းကျိုးညီစွာ သုံးသပ်နိုင်မည် ဖြစ်သည်။

ယှဉ်ပြိုင်နိုင်သော၊ ဆွဲဆောင်နိုင်သော၊ အခွင့်အလမ်းမြင့်မားသော၊ ဆန်း သစ်တီထွင်နိုင်သော၊ အာမခံနိုင် မှုမြင့်မားသော၊ အကျိုးအမြတ်ရ နိုင်သော ရင်းနှီးမြှုပ်နှံမှုဝန်းကျင် ကို ဆောလျင်စွာ ပြောင်းလဲတည် ဆောက်နိုင်မှသာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ဒေသတွင်းနိုင်ငံများနှင့် ပခုံးချင်းယှဉ်တိုးတက်နိုင်မည် ဖြစ်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယအကြိမ်ပြည်ထောင်စုလွှတ်တော် နဝမပုံမှန် အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ၁၃၈၀ ပြည့်နှစ် ဝါခေါင်လ ဆန်း ၁၃ ရက် (၂၀၁၈ ခုနှစ် သြဂုတ် ၂၄ ရက်) သောကြာနေ့ တွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ၂၀၁၇ ဧပြီလ ၁ ရက်နေ့မှ ၂၀၁၈ မတ်လ ၃၁ ရက် နေ့အထိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြ ခဲ့သည်။ ပြည်ထောင်စုလွှတ်တော်သည် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံး၏ သြဂုတ် ၁၄ ရက် စွဲပါစာဖြင့် လက်ခံရရှိခဲ့သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ၂၀၁၇ - ၁၈ ဘဏ္ဍာရေးနှစ်အတွင်း အစည်းအဝေး (၁၆) ကြိမ်ကျင်းပခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၂၂၂ ခုနှင့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၁၉ ခုကို ခွင့်ပြုခဲ့ သည်။ ပြီးခဲ့သော ဘဏ္ဍာရေးနှစ်အတွင်း၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍ ကိုးခုတွင် ခွင့်ပြုမိန့်ထုတ်ပေးခဲ့သည့်လုပ်ငန်း ၂၂၂ ခုအတွက် အမေရိကန်ဒေါ်လာ ၄ ဒသမ ၇၇၈ ဘီလီယံရှိခဲ့ပြီး ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈၂ ခုက ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၀ ဒသမ ၉၄ ဘီလီယံတိုးမြှင့်မှုကိုလည်း ခွင့်ပြုခဲ့၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းပမာဏမှာ အမေရိကန်ဒေါ်လာ ၅ဒသမ ၇၁၈ ဘီလီယံဖြစ်သည်။ ခွင့်ပြုခဲ့သည့် လုပ်ငန်းများမှ ကော်မရှင်သို့ သုံးလတစ်ကြိမ်တင်ပြသည့် အစီရင်ခံစာများအရ အမှန်ဝင်ရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၄ဒသမ ၃၄၁ ဘီလီယံ ဖြစ်သည်။

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၏ အင်တာနက်ဝက်ဘ်ဆိုက်တွင် ၂၀၁၈ ခုနှစ်ဇန်နဝါရီ ၁ ရက်နေ့မှ ဇူလိုင်လ ၂၀ ရက်နေ့အထိ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ကိန်းဂဏန်းများနှင့် ဇယားများကို လွယ်လင့်တကူဝင် ရောက်ကြည့်ရှုနိုင်သည်။ ဗီယက်နမ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအေဂျင်စီသည် စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနလက်အောက်တွင်ရှိပြီး ညွှန်ကြားရေးမှူးချုပ်က အကြီးအမှူးအဖြစ် ဦးဆောင်လျက်ရှိသည်။ ညွှန်ကြားရေးမှူးချုပ်လက်အောက်တွင် ဒုတိယညွှန်ကြားရေးမှူး ငါးဦးသည် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာန (ဗီယက်နမ်တောင်ပိုင်း)၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာန (ဗီယက်နမ်အလယ်ပိုင်း)၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာန (ဗီယက်နမ်မြောက်ပိုင်း)အပါအဝင် ဌာနကြီးကိုးခုကို စီမံခန့်ခွဲလျက်ရှိသည်။

၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့အထိ ဗီယက်နမ်နိုင်ငံတွင် ခွင့်ပြုစီမံကိန်း ၂၆,၂၁၄ ခုရှိပြီး ခွင့်ပြုရင်းနှီးမြှုပ်နှံမှုပမာဏ စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၃၃၃ ဒသမ ၀၃ ဘီလီယံရှိသည်။ ၁၂၉ နိုင်ငံနှင့် နယ်မြေများသည် ဗီယက်နမ်နိုင်ငံ၏ စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံ ဆောင်ရွက်လျက်ရှိပြီး ကိုရီးယားသမ္မတနိုင်ငံ (တောင် ကိုရီးယားနိုင်ငံ)သည် အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး ဂျပန်နိုင်ငံက ဒုတိယအများဆုံးရင်းနှီးမြှုပ်နှံ၍ စင်ကာပူသမ္မတနိုင်ငံသည် တတိယအများဆုံး ရင်းနှီးမြှုပ်နှံထားသည်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင်လ ၂၀ ရက်နေ့ အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍ ၁၇ ခု၌ စီမံကိန်း ၁,၆၅၆ ခုတွင်စုစုပေါင်း ခွင့်ပြုရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၂၂,၉၄၄ ဒသမ ၇၉ သန်း (၂၂ ဒသမ ၉,၄၄၈ ဘီလီယံ)ရှိသည်။ ၉၆ နိုင်ငံနှင့် နယ်မြေများ၏ ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုထားပြီး ဂျပန်နိုင်ငံက အမေရိကန်ဒေါ်လာ ၆,၈၇၆ ဒသမ ၅၈ သန်း (၆ဒသမ၈,၇၆၆ ဘီလီယံ)၊ ကိုရီးယားသမ္မတနိုင်ငံက အမေရိကန်ဒေါ်လာ ၅,၄၅၉ ဒသမ ၉၀ သန်း (၅ဒသမ ၄,၅၉၉ ဘီလီယံ)၊ စင်ကာပူသမ္မတနိုင်ငံက အမေရိကန်ဒေါ်လာ ၂,၇၂၅ ဒသမ ၃၁ သန်း (၂ဒသမ ၇,၂၅၃ ဘီလီယံ)တို့ဖြင့် ထိပ်ဆုံးတွင်ရှိနေသည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ (ဟောင် ကောင်ကျွန်းအပါအဝင်)သည် အမေရိကန်ဒေါ်လာ ၂,၃၇၄ ဒသမ၂၂ သန်း (၂ ဒသမ ၃,၇၄၂ ဘီလီ ယံ) ရင်းနှီးမြှုပ်နှံထားသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ အစီရင်ခံစာအရ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း၌ နိုင်ငံပေါင်း ၂၈ နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုခဲ့ပြီး အများဆုံးရင်းနှီးမြှုပ်နှံကြသည့်နိုင်ငံများမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နယ်သာလန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ယူနိုက်တက်ကင်းဒမ်းနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုတို့ဖြစ်ပြီး ၁၉၈၈-၁၉၈၉ ခုနှစ်မှ ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အထိ မြန်မာနိုင်ငံအတွင်း အများဆုံးရင်းနှီးမြှုပ်နှံခဲ့သည့် နိုင်ငံများမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်သည်ကို တွေ့ရှိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ၁၉၈၈-၁၉၈၉ ဘဏ္ဍာရေးနှစ်မှအစပြု၍ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့အထိ နိုင်ငံအလိုက်ရင်းနှီးမြှုပ်နှံမှုပမာဏကို လေ့လာကြည့်မည်ဆိုလျှင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အမေရိကန်ဒေါ်လာ ၂၀,၀၅၄ ဒသမ ၈၃၀ သန်း (၂၀ ဒသမ ဝ,၅၄၈ ဘီ လီယံ)၊ စင်ကာပူသမ္မတနိုင်ငံသည် အမေရိကန်ဒေါ်လာ ၁၉,၃၂၆ ဒသမ ၅၉၃ သန်း (၁၉ ဒသမ ၃,၂၆၆ဘီလီယံ)၊ ထိုင်းနိုင်ငံသည် အမေရိကန်ဒေါ်လာ ၁၁,၀၉၀ ဒသမ ၇၄၈သန်း (၁၁ ဒသမ ဝ,၉၀၇ ဘီလီယံ)တို့ဖြင့် ထိပ်ဆုံးတွင်ရှိနေသည်။ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသည် အမေရိကန်ဒေါ်လာ ၂,၁၀၆ ဒသမ ၅၁၃ သန်း (၂ ဒသမ၁,၀၆၅ ဘီလီယံ)ဖြင့် နံပါတ် (၇) နေရာတွင်ရှိနေပြီး ကိုရီးယား သမ္မတနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ သည် အမေရိကန်ဒေါ်လာ ၃,၈၅၃ ဒသမ ၇၇၄ သန်း (၃ ဒသမ ၈,၅၃၈ဘီလီယံ)နှင့် အမေရိကန်ဒေါ်လာ ၁,၁၆၁ ဒသမ ၄၂၆ သန်း (၁ ဒသမ၁,၆၁၄ ဘီလီယံ)ဖြင့် နံပါတ် (၆) နှင့် နံပါတ် (၁၀) နေရာတို့တွင် အသီးသီးရှိနေသည်။

ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ပထမခြောက်လအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၂ ဘီလီယံရှိခဲ့ပြီး ၂၀၁၇ ခုနှစ်ပထမခြောက်လ၌ အမေရိကန် ဒေါ်လာ ၁ ဒသမ ၁၆ ဘီလီယံ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏထက် ၁၄ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ဟု ကမ္ဘောဒီးယားနိုင်ငံတော်ဘဏ်၏ နှစ်ဝက်အစီရင်ခံစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လစဉ်ထုတ်ပြန်ချက်များအပေါ် တွက်ချက်မှုအရ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ပထမခြောက်လအတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၁,၂၂၄ ဒသမ ၆၃၄ သန်း(၁ ဒသမ ၂,၂၄၆ ဘီလီယံ) သာရှိခဲ့သည်ဟု တွေ့ရှိရသည်။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကိုဆန်းစစ်မည်ဆိုလျှင် မြန်မာနိုင်ငံသည် ကမ္ဘောဒီးယားနိုင်ငံထက်နည်းပါးနေသည်ကို တွေ့ရှိရသည်။

ကော်မရှင်အနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်းတစ်ရပ်ဖြစ်ပေါ်ပြီး ဆွဲဆောင်မှုမှ တစ်ဆင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်စေရေးအတွက် လိုအပ်သော ဥပဒေ၊ မူဘောင်၊ လုပ်ထုံးလုပ်နည်းများနှင့် အဖွဲ့အစည်း ဆိုင်ရာပြုပြင်ပြောင်းလဲမှုများကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြည်ထောင်စုလွှတ်တော်တွင် ရှင်းလင်းပြောကြားခဲ့သည်။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးတက်လာစေရေးအတွက် ကော်မရှင်အနေဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာရေး နှစ်အတွင်း ပြည်တွင်း၊ ပြည်ပမှ အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအစီအစဉ်များဆောင်ရွက်ခြင်း၊ တစုတစည်းတည်းအလုံးစုံ ဝန်ဆောင်မှုပေးခြင်းဆောင်ရွက်သည့်အဖွဲ့ ဖွဲ့စည်းခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုအကူအညီပေးရေးကော်မတီဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးကို ရှေးရှုလျက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကောင်းတစ်ရပ်ဖြစ်ပေါ်ရန်၊ ဆွဲဆောင်မှုမှတစ်ဆင့် ရင်းနှီးမြှုပ်နှံမှုများတိုးတက်လာစေရန် တည်ဆဲဥပဒေ၊ မူဘောင်၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ လာမည့်ဘဏ္ဍာရေးနှစ်တွင် ပထမ သုံးလ၊ ပထမ ခြောက်လ စသဖြင့် ကာလသတ်မှတ်၍ ဖော်ဆောင်ရန် လျာထားသည့် အစီအစဉ်များ၊ စီမံချက်များနှင့် မျှော်မှန်းချက်များကို ပြည်ထောင်စုလွှတ်တော်မှတစ်ဆင့် အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်ဖြစ်သော နိုင်ငံသားများထံ ဆောလျင်စွာ တင်ပြနိုင်ရေးတိုက်တွန်းဆော် သြသင့်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်နိုင်ရေးတွင် မက်လုံးပေးနိုင်မှုသည်လည်း သော့ချက်ကျသည့်အလျောက် ဒေသတွင်းနိုင်ငံများ၏ မက်လုံး ပေးဆွဲဆောင်မှုများကို ဆန်းစစ် သုံးသပ်လျက် မြန်မာနိုင်ငံအနေ ဖြင့် လာမည့်ဘဏ္ဍာရေးနှစ်အတွင်း မက်လုံးပေးဆွဲဆောင်မည့် အစီအစဉ်များကိုလည်း အကြောင်းအချက်ခိုင်ခိုင်လုံလုံနှင့် ရှင်းလင်း တင်ပြပေးနိုင်ရန် တိုက်တွန်းရမည် ဖြစ်သည်။

အချုပ်အားဖြင့်ဆိုသော် ၂၀၁၈ ခုနှစ် ပထမခြောက်လ (ဇန်နဝါရီလမှ ဇွန်လ)တွင် ကမ္ဘောဒီးယားနိုင်ငံထက် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုပမာဏ လျော့နည်းနေသည့် နောက်ခံအခင်းအကျင်း၌ မြန်မာနိုင်ငံသို့ ဝင်ရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်နေပြီဟု သုံးသပ်ဖို့ ခဲယဉ်းမည် ဖြစ်သည်။ ပြည်ထောင်စုလွှတ်တော်အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရနှင့် ရင်းနှီးမြှုပ်နှံမှုကော်မ ရှင်တို့၏ ဆောင်ရွက်ချက်များကို အချိန်နှင့် တစ်ပြေးညီစောင့်ကြည့် ထိန်းကျောင်းနိုင်ရေး ရှေးရှုသင့်သည်။ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ပြည်ထောင်စုလွှတ်တော်သို့ သုံးလတစ်ကြိမ် အစီရင်ခံနိုင်ပြီး ပြည်ထောင်စုလွှတ်တော်အနေဖြင့် သုံးလတစ်ကြိမ် ဆန်းစစ်၊ သုံးသပ်၊ အကြံပြုတိုက် တွန်းနိုင်မည်ဆိုလျှင် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုများ လှိုင်းလုံးပမာဝင် ရောက်လာနိုင်ရေး မျှော်လင့်ချက်နှင့် အလားအလာတို့ မြင့်မားသည်ထက် မြင့်မားလာနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

Source: 7 Day

Local News Investment/Divestment Tips Read 469 times