လျှပ်စစ်စွမ်းအင် လုံလောက်စေဖို့ ရည်ရွယ်ပြီး မကွေးတိုင်းဒေသကြီးထဲမှာ ပထမဆုံး သဘာဝကနေ ထုတ်လုပ်ရရှိနိုင်တဲ့ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းဖြစ်တဲ့ မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်း ပထမအဆင့် မကြာမီပြီးစီးတော့မှာဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရပါတယ်။
အဆိုပါ နေရောင်ခြည်စွမ်းအင်သုံးစီမံကိန်းကို လာမယ့် ၂၀၂၀ နှစ်ကုန်ပိုင်းလောက်မှာ မကွေးတိုင်းထဲက ချောက်မြို့နယ် အပါအဝင် မြို့နယ် ၃ ခုမှာ လျှပ်စစ်မဂ္ဂါဝပ် ၂၆၀ ကျော် စတင်ထုတ်လုပ်နိုင်ဖို့ မကွေးတိုင်းဒေသကြီးအစိုးရမှ စီစဉ်နေတာဖြစ်ပါတယ်။
စီမံကိန်းရဲ့ ပထမအဆင့် ၄၀ မဂ္ဂါဝပ်စီမံကိန်းက ၉၂ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်တဲ့အတွက် မကြာမီ ကာလအတွင်း ၂၀ မဂ္ဂါဝပ် စတင်ထုတ်လုပ်မှာ ဖြစ်ပါတယ်။ အဲဒီစွမ်းအင်တွေကို နိုင်ငံတော် ဓာတ်အားစနစ်နဲ့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားတွေ ထုတ်လုပ်ဖြန့်ဖြူးပေးသွားမှာ ဖြစ်ပါတယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောပါတယ်။
မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းဟာ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် အနောက်တောင်ဘက် ၁၆.၃ မိုင်ခန့်အကွာ မင်းဘူး - အမ်း ကားလမ်းဘေးမှာ တည်ရှိပါတယ်။ အဲ့ဒီစီမံကိန်းကို Green Eartn Power ( Myanmar ) Co.,Ltd.မှ B.O.T စနစ်နဲ့ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလက စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။
စီမံကိန်းကို အဆင့်လေးဆင့်နဲ့ တည်ဆောက်သွားမှာ ဖြစ်ပြီး ပထမအဆင့်မှ တတိယအဆင့်အထိ ၄၀ မဂ္ဂါဝပ်စီနဲ့ အသီးသီး တည်ဆောက်ထုတ်လုပ်သွားမှာဖြစ်ပြီး စတုတ္ထအဆင့်မှာတော့ ၅၀ မဂ္ဂါဝပ် တည်ဆောက်ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။
Pyi Myanmar