နိုင်ငံခြားဘဏ်ခွဲများကို ပြည်တွင်းကုမ္ပဏီ အဖွဲ့အစည်းများသို့ ချေးငွေပံ့ပိုးခွင့် ပေးလိုက်ခြင်းက မြန်မာ့ ငွေရေး ကြေးရေးကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ရောင်နီသစ် စတင်လိုက်ခြင်းဖြစ်သည်ဟု ပြည်တွင်းစီးပွားရေး ပညာရှင်များနှင့် ဘဏ်လုပ်ငန်းအသိုင်းအဝိုင်းက ပြောနေကြသည်။မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားဘဏ်များကို ပြည်တွင်းစီးပွားရေးလုပ်ငန်းများသို့ မည်သည့် ချေးငွေကိုမဆို (Any Financing) ဆောင်ရွက်ခွင့်နှင့် အခြားသောဘဏ်လုပ်ငန်းဝန်ဆောင်မှုများ (Other Banking Services) ဆောင်ရွက်ခွင့်တို့ကို ခွင့်ပြုကြောင်း နိုဝင်ဘာ ၈ ရက်တွင် ခွင့်ပြုခဲ့သည်။ ထိုခွင့်ပြုမှုနှင့်အတူ ချေးငွေဆိုင်ရာ လုပ်ပိုင်ခွင့်အများစုကို နိုင်ငံခြားဘဏ်များသို့ ဖြေလျှော့ပေးလိုက်ခြင်းနှင့် ဆက်စပ်၍ မြန်မာ့ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးရေးရောင်နီကို လှမ်းမြင်နေရပြီဟု ဘဏ်လုပ်ငန်း အသိုင်းအဝိုင်းနှင့် ပညာရှင်တို့က ပြောဆိုနေကြပြီ ဖြစ်သည်။
ယခုကဲ့သို့ ခွင့်ပြုလိုက်ပြီ ဖြစ်သော်လည်း နိုင်ငံခြားဘဏ်များ၏ ဈေးကွက်စောင့်ကြည့်ခြင်းနှင့် ပြည်တွင်းလုပ်ငန်းများ၏ ချေးငွေရရှိရေး ပြင်ဆင်မှုများအတွက် အနည်းဆုံး ခြောက်လနှင့် တစ်နှစ်အကြား အချိန်ယူရဖွယ် ရှိနေသေးသည်ဟု ၎င်းတို့က ပြောကြသည်။"နိုင်ငံခြားဘဏ်တွေအနေနဲ့က ပြည်တွင်းလုပ်ငန်းတွေကို အရမ်းကို ချေးပေးချင်နေကြတယ်။ ဒါပေမဲ့ ဘယ်လမ်းကြောင်းကို အခြေခံပြီး ချေးလို့ရမလဲဆိုတာကို တစ်ချက်စောင့်ကြည့်မှာဖြစ်လို့ နိုင်ငံခြားဘဏ်တွေက ခြောက်လလောက်အချိန်ယူရဦးမယ်။ ပြည်တွင်းလုပ်ငန်းတွေကလည်း လိုအပ်ချက် စာရွက်စာတမ်း စာရင်းဇယားတွေကို စုစည်းပြင်ဆင်ဖို့က အနည်းဆုံးတစ်နှစ်လောက် အချိန်ယူရဖို့ရှိနေသေးတယ်။ ဆိုတော့ ဒါတွေကို ကျော်ဖြတ်ဖို့ အချိန်တစ်ခုတော့လိုအပ်ချက်ရှိနေဦးမှာပါ" ဟု ဘဏ်နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပုဂ္ဂလိကအကြံပေးပညာရှင် ဦးဂျော့စိုးဝင်းက ပြောသည်။
ရွှေ့ပြောင်းနိုင်သော ပစ္စည်းများဖြစ်သည့် မြေနှင့် အဆောက်အအုံများကို အပေါင်ပစ္စည်းအဖြစ် ရယူပိုင်ခွင့်မရှိခြင်း၊ ကာလတို ခေါ်ယူအပ်ငွေ (Fixed Deposit Saving) ကို လက်ခံခွင့်နှင့် အတိုးပေးခွင့် မရှိစေရန် အချက်များကို ကန့်သတ်ထားသည်။"ပြည်တွင်းဘဏ်တွေကို ခွင့်ပြုပေးခဲ့တာ ၂၅ နှစ် ရှိခဲ့ပါပြီ။ အခုချိန်ထိ အရင်းအနှီး လိုအပ်ချက်က ရှိနေဆဲဖြစ်နေတယ်။ ပြည်တွင်းဘဏ်တွေ မဖွံ့ဖြိုးလို့ဆိုပြီး ပြည်ပဘဏ်တွေကို ပိတ်ထားလို့မရဘူး။ အဓိကက တိုင်းပြည်ရဲ့ စီးပွားရေးကဏ္ဍကြီးတစ်ခုလုံး ဖွံ့ဖြိုးလာဖို့ကို ဦးစားပေးဖို့ လိုပါလိမ့်မယ်" ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောသည်။
နိုင်ငံခြားဘဏ်များအနေဖြင့် ချေးငွေပံ့ပိုးရာတွင် နိုင်ငံခြားငွေနှင့် ကျပ်ငွေနှစ်မျိုးစလုံးကို ဆောင်ရွက်နိုင်မည်ဖြစ်ကာ ကုန်သွယ်ရေးဆိုင်ရာ ဘဏ်ဝန်ဆောင်မှုများအားလုံးကို ဆောင်ရွက်ခွင့်ပေးထားသည်ဟု ၎င်းတို့ကပြောသည်။"နိုင်ငံခြားငွေနဲ့ ချေးတဲ့ငွေအတွက် အတိုးနှုန်းကို သတ်မှတ်မထားဘူး။ ဈေးကွက်ပေါက်နှုန်းအတိုင်း ချေးနိုင်တယ်။ ကျပ်ငွေနဲ့ ချေးမယ်ဆိုရင်တော့ ပြည်တွင်းဘဏ်တွေရဲ့ သတ်မှတ်နှုန်းအတိုင်း ၁၃ ရာခိုင်နှုန်းထက် မကျော်ဘဲ ချေးပေးခွင့်ရှိတယ်" ဟု ဦးစိုးသိန်းက ပြောသည်။ ထိုကဲ့သို့ ဖြေလျှော့ချက်များက အရင်းအနှီး လိုအပ်ချက်ကြီးမားနေသည့် မြန်မာနိုင်ငံအတွက် အားသစ်တစ်ရပ်ဖြစ်လာခဲ့သည်။ ဗဟိုဘဏ်အနေဖြင့် ခွင့်ပြုချက်များစွာ ဖြေလျှော့ပေးလိုက်သော်လည်း နိုင်ငံခြားဘဏ်လုပ်ငန်းများကမူ ၎င်းတို့၏ ချေးငွေပံ့ပိုးခွင့်ကို မိခင်နိုင်ငံခြားကုမ္ပဏီ၏ လမ်းညွှန်ချက်အရသာ ဆောင်ရွက်ခွင့် ရှိခြင်းကြောင့် ၎င်းအခြေအနေကို စောင့်ကြည့်ရန် လိုအပ်မည်ဟု ပြည်တွင်းဘဏ် အသိုင်းအဝိုင်းက ပြောသည်။
"အဓိကအချက်က နိုင်ငံခြားငွေကြေးနဲ့ နိုင်ငံခြားဘဏ်တွေက ထုတ်ချေးပေးဖို့လိုတယ်။ အဲဒါကိုလည်း အတိုးနှုန်းက နိုင်ငံတကာဈေးကွက် ဈေးနှုန်းအတိုင်း ချေးပေးလာမယ်ဆိုရင်တော့ ပြည်တွင်းလုပ်ငန်းတွေအတွက်က ချေးငွေရနိုင်တဲ့ ကွန်ရက်အများကြီး ကျယ်ပြန့်သွားမယ်။ ဗဟိုဘဏ်အနေနဲ့ ခွင့်ပြုလိုက်ပေမဲ့ နိုင်ငံခြားဘဏ်တွေက နိုင်ငံခြားငွေနဲ့ ချေးမှာလား၊ မချေးဘူးလားဆိုတာ အခုချိန်ထိ ခန့်မှန်းလို့မရသေးတော့ စောင့်ကြည့်ဖို့ လိုနေသေးတယ်" ဟု စီဘီဘဏ်၏ အကြီးတန်းအကြံပေး ဦးဖေမြင့်က ပြောသည်။အလားတူပင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားဘဏ်များကို လက်လီဘဏ်လုပ်ငန်းများဖြစ်သော ကတ်ဝန်ဆောင်မှု၊ တစ်ဦးချင်းငွေလွှဲခြင်း၊ တစ်ဦးချင်းအပ်ငွေ ဆောင်ရွက်ခြင်းများကို လုပ်ကိုင်ခွင့် ကန့်သတ်ထားသည်။ ထို့အတွက် ပြည်တွင်းဘဏ်လုပ်ငန်းများနှင့် နိုင်ငံခြားဘဏ်များအကြား ဈေးကွက်ပြိုင်မှုအတွက်မူ စိုးရိမ်စရာအနေအထား ဖြစ်မလာနိုင်ကြောင်းလည်း ဦးဖေမြင့်က ပြောသည်။
"လက်ရှိမှာ လက်လီလုပ်ငန်းတွေကိုတော့ ကန့်သတ်ထားဆဲဖြစ်တဲ့အတွက် ဝန်ဆောင်မှုပေးနိုင်တဲ့ အခြေအနေချင်းက မတူဘူး။ အဲဒါကြောင့် ပြည်တွင်းဘဏ်တွေအနေနဲ့ကလည်း ယှဉ်ပြိုင်မှုပိုင်းအတွက် သိပ်ပြီးစိုးရိမ်စရာ မရှိဘူး" ဟု ဦးဖေမြင့်က ဆက်လက်ပြောသည်။အခြေအနေများအရ ဗဟိုဘဏ်အနေဖြင့် ဖြေလျှော့လိုက်သော်လည်း လက်တွေ့အကျိုးကျေးဇူးပိုင်းတွင် ကုန်သွယ်ရေးဆိုင်ရာ ဘဏ်ဝန်ဆောင်မှုနှင့် ရေတိုချေးငွေများကိုသာ အလွယ်တကူ ရနိုင်ဖွယ်ရှိနေပြီး ပမာဏများပြားသည့် ချေးငွေများ ရရှိနိုင်ရန်အတွက်မူ အချိန်ကာလတစ်ခု စောင့်ဆိုင်းရဖွယ်ရှိနေဆဲဟု ဦးဂျော့စိုးဝင်းက ပြောသည်။
"အမြန်ဆုံးဖြစ်လာနိုင်တဲ့ အခြေအနေက ကုန်သွယ်မှုလုပ်တဲ့အခါမှာ ဝန်ဆောင်မှုပေးနိုင်တဲ့ ရေတို ငွေကြေးပံ့ပိုးမှုတွေကတော့ မြန်မြန်ဆန်ဆန် ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ ချေးငွေအပိုင်းမှာတော့ ပြည်တွင်း လုပ်ငန်းတွေ လုပ်ရမယ့် အဆင့်တွေ အများကြီးကျန်နေသေးတယ်။ နိုင်ငံခြားဘဏ်တွေတောင်းဆိုတဲ့ စာရင်းဇယားဆိုတာက ပြည်တွင်းက စာရင်းဇယားလောက်နဲ့မရဘူး။ နိုင်ငံတကာမှာ သုံးနေတဲ့ International Financial Reporting Standards - IFRS အဆင့် စာရင်းဇယား တွေဖြစ်ဖို့လိုတယ်။ နောက်ပြီး ဝင်ငွေခွန်ဆောင်ထားတဲ့ ပမာဏကိုလည်း ကြည့်ကြသေးတယ်" ဟု ဦးဂျော့စိုးဝင်းက ပြောသည်။
အခြားတစ်ဖက်တွင် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများသည်ချေးငွေလျှောက်ထားရန် လိုအပ်သည့် အခြေခံလိုအပ်ချက်များကို ပြင်ဆင်ထားမှု အားနည်းနေဆဲဖြစ်ရာ ပြည်တွင်းလုပ်ငန်းများ အနေဖြင့် ရေတိုကာလတွင်မူ အကျိုးကျေးဇူးရရှိရန်မှာ မလွယ်ကူသေးကြောင်း ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။"ကျွန်တော်တို့ဆီမှာ ချေးငွေအချက်အလက် (Credit Bureau) တွေ၊ ဥပဒေရေးဆိုင်ရာအခြေခံအဆောက်အအုံ၊ နည်းပညာ ဆိုင်ရာအခြေခံအဆောက်အအုံတွေ မရှိသေးဘူး။ ချေးငွေတစ်ခုကို ချေးမယ်ဆိုရင် နိုင်ငံခြားဘဏ်တွေကလည်း အပေါင်ပစ္စည်းဆိုင်ရာ၊ အခွန်ထမ်းဆောင်ထားမှုမှတ်တမ်း၊ ချေးငွေအချက်အလက်တွေက တောင်းခံမှာပဲ။ ကျွန်တော်တို့ဆီက လုပ်ငန်းတော်တော်များများမှာ အဲဒီအပိုင်းတွေအားနည်းသေးတော့ ဒါတွေကို ပြင်ဆင်ဖို့ အချိန်တစ်ခုအထိကျော်လွှားပြီးမှ ခံစားခွင့်ရမယ်လို့ထင်တယ်" ဟု Genius ကော်ဖီလုပ်ငန်းပိုင်ရှင် ဦးငွေထွန်းက မြန်မာတိုင်း(မ်)ကို ပြောထားသည်။
နိုင်ငံခြားဘဏ်များသည် ကုန်သွယ်ရေးဆိုင်ရာ ဘဏ်ဝန်ဆောင်မှုများတွင် ဘဏ်အာမခံချက်ပြေစာ (Letter of Credit - L/C) ဖြင့် ချေးငွေပံ့ပိုးရာတွင် ပြည်တွင်းဘဏ်များထက် ရက်ကာလအနည်းငယ် ပိုမိုကြာမြင့်စွာရယူနိုင်သဖြင့် ၎င်းအပိုင်းတွင်လည်း အားသာချက်များစွာရှိလာနိုင်သည်ဟု ပြည်တွင်းလုပ်ငန်းရှင်များက ပြောသည်။အချုပ်အားဖြင့် နိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံခြားဘဏ်လုပ်ငန်းများအတွက် ချေးငွေပံ့ပိုးခွင့်ကို ခွင့်ပြုပေးလိုက်သော်လည်း ပြည်တွင်းလုပ်ငန်းများ၏ ဆောင်ရွက်ရန်လိုနေဆဲအခြေအနေများကြောင့် ကုန်သွယ်ရေးဆိုင်ရာ ဘဏ်ဝန်ဆောင်မှုပိုင်းတွင်သာ လျင်မြန်စွာ ဖွံ့ဖြိုးလာနိုင်ဖွယ်ရှိနေပြီး ချေးငွေပိုင်းတွင် အချိန်ကာလတစ်နှစ်ခန့် အနည်းဆုံးရယူရဖွယ်ရှိနေဆဲဖြစ်သည်။
အခြားတစ်ဖက်တွင် ပြည်တွင်းလုပ်ငန်းအများစုအနက် နိုင်ငံတကာအဆင့်အတန်းမီ စာရင်းဇယားများဆောင်ရွက်ထားသည့် ကုမ္ပဏီများသည် ထိပ်သီးအင်အားကြီး ကုမ္ပဏီအနည်းစုသာ ဆောင်ရွက်ထားနိုင်သဖြင့် အင်အားအနည်းစု ကုမ္ပဏီများအတွက်မူ ချေးငွေရရှိနိုင်ရေးမှာ အချိန်ကာလတစ်ခုအထိ ပြင်ဆင်စောင့်ဆိုင်းရဦးမည်သာ ဖြစ်သည်။