မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ရေးကဏ္ဍ ၂၀၂၀ သြဂုတ်လနောက်ပိုင်း ပထမဦးဆုံးအကြိမ် တိုးတက်လာ


02 May, 2022


မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ရေးကဏ္ဍ ၂၀၂၀  သြဂုတ်လနောက်ပိုင်း ပထမဦးဆုံးအကြိမ် တိုးတက်လာ

 

၂၀၂၂ မေလ ၂ ရက်တွင် ထုတ်ပြန်သည့် S&P Global  မြန်မာ ထုတ်လုပ်မှု PMI™  သတင်းထုတ်ပြန်ချက်ကို ဖော်ပြအပ်ပါသည်။


မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ရေး ကဏ္ဍ ၂၀၂၀ ပြည့်နှစ် သြဂုတ်လနောက်ပိုင်း ပထမဦးဆုံးအကြိမ် တိုးတက်လာ

အဓိက တွေ့ရှိချက်များ

  • အော်ဒါသစ်များ ထပ်မံတိုးလာနေချိန်မှာ ထုတ်လုပ်မှု မြင့်တက်လာခြင်း
  • အလုပ်နေရာ ဖန်တီးမှုမှာ ဧပြီလတွင် စစ်တမ်း၏ ပူးတွဲအမြင့်ဆုံးသို့ အရှိန်မြင့်လာခြင်း
  • ဈေးနှုန်း ဖိအားပေးမှုများမှာ ကုန်ကြမ်း ရှားပါးမှုကြား ဆက်လက်မြင့်မားနေခြင်း

ဒေတာကို ၂၀၂၂ ခုနှစ် ဧပြီ ၀၄ - ၂၁ ရက်များတွင် စုစည်းခဲ့သည်


ဧပြီလအတွင်း ထုတ်လုပ်မှုရော အော်ဒါသစ်များပါ အသစ်တဖန် တိုးလာချိန်မှာ မြန်မာနိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍသည် ဒုတိယ သုံးလပတ်အစတွင် ၎င်း၏လုပ်ငန်းလည်ပတ်မှု အခြေအနေများ ပထမဦးဆုံးအကြိမ်တိုးလာကြောင်း တွေ့ရပါသည်။
ဧပြီလ ဒေတာက အလုပ်သမားဦးရေ အခိုင်အမာ တိုးလာကြောင်း ဖော်ပြခဲ့ပြီး အလုပ်နေရာ ဖန်တီးမှုနှုန်းမှာ စစ်တမ်းမှတ်တမ်းထဲမှ  အမြင့်ဆုံးများတွင် ပါဝင်သည်။

 


ယင်းအတောအတွင်း ပေးသွင်းပစ္စည်းများ ရှားပါးမှုပြဿနာမှာ အဓိကအကြောင်းအရာအဖြစ် ဆက်လက်ရှိနေခဲ့ပြီး အချို့ကုမ္ပဏီများက ၎င်းတို့၏ စက်ရုံများကို ပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့ကြရသည်အထိ ဖြစ်ပွားခဲ့သည်။ 
သို့ဖြစ်၍ မပြီးပြတ်သည့် လက်ကျန် အလုပ်များမှာ ကြီးမားသောနှုန်းဖြင့် ဆက်လက်မြင့်မားကာ သွင်းကုန်ပစ္စည်းကြာမြင့်ချိန်များ တိုးလာခဲ့ပြီး ဈေးနှုန်းဖိအားပေးမှုများ ဆက်လက်မြင့်မားလျက်ရှိနေခဲ့သည်။
S&P Global မြန်မာ ကုန်ထုတ်လုပ်ရေး PMI အညွှန်းကိန်း  ကုန်ထုတ်လုပ်မှု လုပ်ကိုင်နိုင်စွမ်းကို ဖော်ပြပေးသည့် ပေါင်းစပ်ထားသည့် တစ်ခုတည်းသော ကိန်းဂဏန်းမှာ မတ်လတွင် ၄၇.၁ ရှိခဲ့ရာမှ ဧပြီလတွင် ၅၀.၄ သို့ မြင့်တက်လာခဲ့ပါသည်။
အပြောင်းအလဲမရှိ အမှတ် ၅၀.၀ အထက်တွင် ရှိနေသည့် နောက်ဆုံးစစ်တမ်းဒေတာမှ ကုန်စည်ထုတ်လုပ်ရေးကဏ္ဍ၏ အခြေအနေမှာ  ၂၀၂၀ ပြည့်နှစ် သြဂုတ်လ နောက်ပိုင်းတွင် ပထမဦးဆုံးအကြိမ် တိုးတက်လာကြောင်းကို ညွှန်ပြနေသည်။ 
PMI ထဲက အကြီးမားဆုံး အစိတ်အပိုင်း သုံးခုမှာ အော်ဒါသစ်များ၊ ထုတ်လုပ်မှုနှင့် အလုပ်ခန့်အပ်မှုနှင့် ကဏ္ဍ၏ အခြေအနေဆိုင်ရာ အဓိကစံအတိုင်းအတာများ ဖြစ်ကြပြီး ၎င်းတို့အားလုံးက ဖြစ်ပေါ်လာသည့် နောက်ဘိတ်ဆုံးတိုးတက်မှုကို ပံ့ပိုးပေးခဲ့ကြပါသည်။
ပါဝင်ဖြေကြားသူတို့၏ အဆိုအရ ဖောက်သည်များဘက်မှ ဝယ်လိုအား အနည်းအကျဉ်းတိုးလာမှုက ကုန်ထုတ်လုပ်ရေးကဏ္ဍ ပြန်နာလန်ထူလာရေးကို တွန်းအားပေးခဲ့ပါသည်။
 အော်ဒါသစ်များ တိုးလာမှုမှာ ဒသမဂဏန်းမျှသာ ဖြစ်သော်လည်း ထုတ်လုပ်မှု ပမာဏများကို မြှင့်တင်ပေးနိုင်ခဲ့သည့်အတွက် နောက်ဆုံးစစ်တမ်းဒေတာက ထုတ်လုပ်မှု အသင့်အတင့် တိုးလာခြင်းကို ညွှန်ပြလာသည်။ အော်ဒါ မှာယူမှုများ တိုးရလာခြင်းကို မကြာခဏဆိုသလို ပြည်တွင်းဈေးကွက် အခြေအနေများ ပိုကောင်းလာခြင်းနှင့် ဆက်စပ်ရှင်းပြကြသည်။
မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍတစ်ဝန်း၏ တိုးထုတ်လုပ်မှုကို ကုန်ကြမ်းရှားပါးမှုများနှင့် လျှပ်စစ်ဓာတ်အား မမှန်မှုကဲ့သို့သော ပစ္စည်းပေးသွင်းမှုဆိုင်ရာ စိန်ခေါ်မှုများက အဟန့်အတားပြုနေကြပါသည်။ 
အချို့သော ပါဝင်ဖြေကြားသူတို့က သွင်းကုန်ဖြည့်သွင်းမှုဆိုင်ရာ အခက်အခဲများကြောင့် ၎င်းတို့၏ ဖောက်သည်များ အဆိုပါလတွင် ထုတ်လုပ်မှုကို ရပ်စဲလာခဲ့ကြရာ လုပ်ငန်းသစ်များ လက်ခံယူမှု ကျဆင်းလာခဲ့ရသည်ဟု ဆိုကြသည်။
ပစ္စည်းပေးသွင်းသူတို့တွင် ကုန်ပစ္စည်းရရှိမှုအခြေအနေ နည်းပါးလာမှုကြောင့် ပစ္စည်းတင်ပို့မှု ကြန့်ကြာလာခဲ့ရာ ပစ္စည်းပေးသွင်းရေး ပျမ်းမျှကြာမြင့်ချိန်များမှာ ဧပြီလတွင် သိသိသာသာကြာမြင့်လာပြီး ထိုသို့ ကြာမြင့် နေသည်မှာ လပေါင်းနှစ်ဆယ် ဆက်တိုက် ရှိနေပြီ ဖြစ်သည်။
သို့သော်လည်း ပစ္စည်းပေးသွင်းသူတို့၏ စွမ်းဆောင်ရည် ဆုတ်ယုတ်လာမှုမှာမူ မတ်လ၏ စံချိန်တင်နှုန်းထက် မသိမသာ အားနည်းခဲ့ပါသည်။
ပစ္စည်းပေးသွင်းမှုဆိုင်ရာ အခက်အခဲများ အကြားတွင် နောက်ဆုံးစစ်တမ်းဒေတာက ဧပြီလအတွင်း နောက်ထပ် လက်ကျန်အလုပ်များ သိသိသာသာ တိုးလာခဲ့ခြင်းကို အချက်ပြနေသည်။ 
အချို့သော ကိစ္စရပ်များတွင် ကုန်ကြမ်းပစ္စည်း ရှာဖွေရမှု အခက်အခဲများကြောင့် ကုမ္ပဏီများက ၎င်းတို့၏ စက်ရုံများကို ပိတ်သိမ်းခဲ့ကြရသည်။
သို့သော်လည်း နောက်ဆုံးဒေတာက မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍ တစ်ဝန်းတွင် အလုပ်နေရာများ အားကောင်းစွာ တိုးလာခဲ့ကြောင်း ညွှန်ပြနေသည်။ 
စင်စစ်တွင် အလုပ်နေရာသစ် ဖန်တီးမှု နှုန်းမှာ မှတ်တမ်းထဲတွင် ပူးတွဲအမြင့်ဆုံး ဖြစ်လာပါသည်။
ပို့ဆောင်ခများနှင့် လောင်စာ ဈေးနှုန်းများ မြင့်တက်နေမှုအပြင် ကုန်ပစ္စည်းများ ရှားပါးမှုကြောင်း ဒုတိယသုံးလပတ်၏ အစပိုင်းတွင် သွင်းကုန်ဈေးနှုန်းများ ထိုးတက်သွားခဲ့သည်။
 ထို့ကြောင့် ကုမ္ပဏီများက မြင့်တက်လာသည့် ကုန်ကျစရိတ်များကို ဈေးဝယ်များထံသို့ လွှဲဖို့ချနိုင်ရန် ၎င်းတို့၏ စက်ရုံ ရောင်းဈေးများများကို တဟုန်ထိုး မြှင့်တင်ခဲ့ကြသည်။ 
သွင်းကုန်များနှင့် ထုတ်ကုန်ဈေးနှုန်း နှစ်ခုစလုံးတို့၏ ငွေကြေးဖောင်းပွမှုနှုန်းများမှာ ဧပြီလတွင် သမိုင်းဝင် မြင့်မားလာခဲ့ပြီး ဒေတာကို စတင်ကောက်ယူခဲ့သည့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ နောက်ပိုင်းတွင် ငွေကြေးဖောင်းပွမှုနှုန်းများ အမြန်ဆုံးတစ်ခု ဖြစ်လာခဲ့သည်။
နောက်ဆုံးအနေနှင့် လုပ်ငန်းများအပေါ် ယုံကြည်မှုအဆင့်မှာ ယခင်စစ်တမ်းကာလတွင် အားနည်းခဲ့ပြီး ယခု ဧပြီလတွင် မသိမသာ အားကောင်းလာခဲ့သည်။ 
ထုတ်ကုန်သစ်များ ထုတ်လုပ်လာနိုင်ခြင်းနှင့် ကုမ္ပဏီကို တိုးချဲ့ရန် စီမံကိန်းများက အကောင်းမြင်စိတ်ကို ပံ့ပိုးပေးခဲ့သည်။ သို့သော်လည်း ယုံကြည်မှုအဆင့်မှာမူ စစ်တမ်းသမိုင်းတွင် မှတ်တမ်းတင်ထားသည့် ပျမ်းမျှထက် နိမ့်နေပါသည်။

သုံးသပ်ချက်

နောက်ဆုံး စစ်တမ်းရလဒ်များကို သုံးသပ်ဖေါ်ပြရာတွင် S&P Global မှ စီးပွားရေးပညာရှင် Maryam Baluch ပြောကြားခဲ့သည်မှာ-

"ကုန်ထုတ်လုပ်မှုကဏ္ဍဟာ ဧပြီလမတိုင်မီအထိ အချိန်အတော်ကြာ ကျဆင်းမှု ကာလထဲတွင် ရှိလာခဲ့ရာကနေပြီး ၂၀၂၀ ပြည့်နှစ် သြဂုတ်လ နောက်ပိုင်းတွင်  ပထမဦးဆုံးအကြိမ် တိုးထုတ်လုပ်မှုကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
 နောက်ဆုံးဒေတာ ရယူခဲ့တဲ့ လရဲ့ စစ်တမ်းက ပြင်းထန်တဲ့ နိုင်ငံတကာ စိန်ခေါ်မှုများနောက်ခံကြားမှာ ရုန်းကန်နေခဲ့ရတဲ့ ကဏ္ဍတွင် အတော်အသင့်တိုးတက်မှု ရှိလာကြောင်းကို မီးမောင်းထိုးပြနေပါတယ်။
ဧပြီလတွင် အော်ဒါအသစ်များ၊ ထုတ်လုပ်မှုနှင့် အလုပ်နေရာအားလုံး တိုးတက်လာကြောင်း မြင်ရခြင်းမှာ အပြုသဘော လက္ခဏာများပါ။
"ဒါပေမဲ့ ပစ္စည်းပေးသွင်းမှုဆိုင်ရာ အခက်အခဲများနှင့် ငွေကြေးဖောင်းပွမှုရဲ့ ဖိအားပေးမှုများက တိုးတက်မှုအရှိန်အဟုန်ကို ဆက်လက်အဟန့်အတားဖြစ်စေခဲ့ပါတယ်။ 
ကုမ္ပဏီတချို့က လျှပ်စစ်နှင့် ကုန်ကြမ်းပစ္စည်း ပြတ်တောက်မှုများကို တုံ့ပြန်တဲ့အနေနှင့် ၎င်းတို့ရဲ့ စက်ရုံများကို ပိတ်သိမ်းဖို့ နည်းလမ်းကို  ရွေးချယ်ခဲ့ကြတယ်။ 
တရုတ်နိုင်ငံတွင် ကိုဗစ်ကြောင့် ဆိပ်ကမ်းများ ပိတ်ထားမှုများကပါ စက်မှုကဏ္ဍကို ရှေ့ဆက်ထိုးနှက်နေတဲ့ အန္တရာယ်များဖြစ်လာတယ်။
"နိုင်ငံရေး မတည်ငြိမ်မှုကို တစ်နိုင်ငံလုံး ပြင်းထန်စွာ ရင်ဆိုင်နေရခြင်းကြောင့် အခြေအနေများမှာ ပိုလို့ကို ဆိုးဝါးလာခဲ့ပါတယ်။ ဒါ့အပြင် ကာကွယ်ဆေး ထိုးနှံမှုနှုန်း နှေးကွေးနေခြင်းကြောင့် မြန်မာနိုင်ငံဟာ ကူးစက်မှုလှိုင်း အသစ်များနှင့် မျိုးကွဲအသစ်များကို ပိုမိုခံစားလာရနိုင်ဖွယ်ရှိပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးစစ်တမ်း ဒေတာက ကုန်ထုတ်လုပ်မှုကဏ္ဍ အစိတ်အပိုင်းများအတွင်း ကြံ့ကြံ့ခံနိုင်စွမ်းမျှော်လင့်ချက်တချို့ကို ဖေါ်ပြနေတယ်လို့ ဆိုနိုင်ပါတယ်။”

Industry Reviews Read 1637 times