မြန်မာနိုင်ငံတွင် သတ္တုတူးဖော်ခွင့် ပိတ်ပင်ထားခြင်းကြောင့် တရုတ်နိုင်ငံ သံဖြူသတ္တုရိုင်း တင်သွင်းမှု


31 October, 2023

မြန်မာနိုင်ငံတွင် သတ္တုတူးဖော်ခွင့် ပိတ်ပင်ထားခြင်းကြောင့် တရုတ်နိုင်ငံ သံဖြူသတ္တုရိုင်း တင်သွင်းမှု ထိခိုက်လာနိုင်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


အိမ်နီးချင်း မြန်မာနိုင်ငံရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဝ ပြည်နယ်တွင် သတ္တုတူးဖော်ရေး လုပ်ငန်းကဏ္ဍ ရပ်ဆိုင်းထားခြင်းကြောင့် ပြီးခဲ့သည့် စက်တင်ဘာလမှစ၍  တရုတ်နိုင်ငံ၏ သံဖြူ သတ္တုရိုင်း တင်သွင်းမှု ရပ်တန့်သွားခဲ့ပါသည်။ 

ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် United Wa State Army (UWSA) သည် သံဖြူသတ္တုရိုင်း တူးဖော်ရေးဏ္ဍကို စစ်ဆေးရေး ဝင်ရန်အတွက်  ဩဂုတ်လအစတွင် သတ္တုတူးဖော်ရေးလုပ်ငန်းနှင့် သန့်စင်ရေးလုပ်ငန်းများ အားလုံးကို ရပ်ဆိုင်းထားရန် အမိန့်ထုတ်ခဲ့သည်။


‘ဝ’ သတ္တုတွင်းများသည် မြန်မာနိုင်ငံ သံဖြူသတ္တုရိုင်း ထုတ်လုပ်မှု၏ ၇၀ ရာခိုင်နှုန်းကျော်ရှိသည်။ ကမ္ဘာ့တတိယအကြီးဆုံး သံဖြူသတ္တုရိုင်းထုတ်လုပ်သည့် နေရာဒေသ ဖြစ်သည်။
တရုတ်နိုင်ငံ၏ သတ္တုအရည်ကျို သန့်စင်စက်ရုံများက ကုန်ကြမ်း အဓိက တင်သွင်းနေသည့် သတ္တုတွင်းများလည်း ဖြစ်သည်။ 

ယခုအထိ ဆက်လက် တားမြစ်ပိတ်ပင်ထားဆဲ ဖြစ်သဖြင့် တရုတ်နိုင်ငံ၏ သတ္တုအရည်ကျို သန့်စင်စက်ရုံများဆီသို့ သံဖြူသတ္တုရိုင်း စီးဆင်းမှု လျော့နည်းနေစေသည်။ 

သတ္တုတူးဖော်ရေး လုပ်ငန်းကဏ္ဍ ရပ်ဆိုင်းမည်ဟု ကြိုကြိုတင်တင် အသိပေးကြေညာခဲ့သဖြင့်  တရုတ် ကုန်ထုတ်လုပ်သူများသည် ကုန်ကြမ်းနှင့် သန့်စင်ပြီး သံဖြူ နှစ်မျိုးလုံးကို ပိုမိုသိုလှောင်ထားခဲ့ကြသည်။ သို့ဖြစ်ရာ ပေးသွင်းရေးကွင်းဆက်အပေါ် သက်ရောက်မှုသည် ယခုအချိန်အထိ မပြင်းထန်သေးပါ။ 

ကမ္ဘာ့ အီလက်ထရွန်းနစ်ပစ္စည်းကဏ္ဍတွင် သံဖြူနှင့် ခဲတို့ကို ဂဟေဆော်ရန် သုံးစွဲကြသည်။ ယခုအခါ ကမ္ဘာ့ အီလက်ထရွန်းနစ်ပစ္စည်းများ ရောင်းအား ကျဆင်းသဖြင့် ထုတ်လုပ်မှုလည်း လျော့ကျသည်။ သို့ဖြစ်ရာ သံဖြူ လိုအပ်ချက်လည်း လျော့ကျနေသည်။

သို့သော် တရုတ်နိုင်ငံသည် သံဖြူကုန်ကြမ်းကို မြန်မာနိုင်ငံမှသာ အဓိကအားထားပြီး တင်သွင်းသဖြင့် သတ္တုတူးဖော်မှု ကာလရှည်ကြာ ဆက်လက် ပိတ်ပင်ထားမည် ဆိုပါက ကုန်ကြမ်း ရနိုင်မှု အကန့်အသတ် ရှိလာမည် ဖြစ်သည်။

တရုတ်နိုင်ငံမှ သံဖြူ တင်သွင်းသော  မြန်မာနှင့် အခြား အရင်းအမြစ်များ


စက်တင်ဘာလတွင် တရုတ်နိုင်ငံမှ တင်သွင်းသည့် သံဖြူ မက်ထရစ်တန်ချိန် ၇၃၀၀ ရှိပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း တလတာ တင်သွင်းမှု အနိမ့်ဆုံး ပမာဏဖြစ်သည်။

မြန်မာနိုင်ငံမှ တင်သွင်းသည့် ပမာဏသည် သတ္တုတွင်း တူးဖော်မှု ပိတ်ပင်မှု မတိုင်မီ ဇူလိုင်လနှင့် ဩဂုတ်လတို့တွင် အနည်းငယ် မြင့်တက်ခဲ့ပြီးနောက် စက်တင်ဘာလတွင် လျော့ကျသွားခဲ့ပြီး မက်ထရစ်တန်ချိန် ၁,၄၂၁ တင်သွင်းခဲ့သည်။
၎င်းသတ္တုရိုင်းများသည် ဝနယ်မြေပိုင်နက် အပြင်ဘက်မှဟု ယူဆရသည်။ ကယားပြည်နယ် မော်ချီးသတ္တုတွင်း၊ တနင်္သာရီတိုင်းဒေသကြီး ဟိန္ဒားသတ္တုတွင်းတို့ ဖြစ်မည်ဟု ယူဆရသည်။
 
ဝ ထိန်းချုပ်ထားသော နယ်မြေမှ အများဆုံး ထွက်ရှိခြင်း ဖြစ်သဖြင့် ကျန်ဒေသများသည် ထုတ်လုပ်မှု လျော့ကျနေသည်ကို ထေမိအောင် ထုတ်လုပ်တင်ပို့နိုင်ခြင်း မရှိပေ။

 တရုတ်နိုင်ငံသည်လည်း ကုန်ကြမ်းအတွက် မြန်မာနိုင်ငံအပေါ် မှီခိုအားထားမှုကို သိသိသာသာ လျှော့ချနိုင်မည် မဟုတ်ပေ။

 မကြာသေးမီနှစ်များအတွင်း မြန်မာနိုင်ငံပြီးလျှင် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံသည် ဒုတိယအများဆုံး တင်သွင်းသူဖြစ်ခဲ့သည်။ ယခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ မက်ထရစ်တန် ၂၁,၆၀၀ တင်ပို့ခဲ့သည်။

မြန်မာနိုင်ငံ နယ်စပ်မှ စီးဝင်သည့် ပမာဏာမှာ ယခုနစ်တွင် မက်ထရစ် ၁၃၇,၀၀၀ ရှိသဖြင့် ကွန်ဂို တင်ပို့သည့် ပမာဏသည် နည်းလွန်းနေသဖြင့် ကွန်ဂိုသည်လည်း ထေမိအောင် ထုတ်လုပ်တင်ပို့ နိုင်မည် မဟုတ်ချေ။

တရုတ်ဝယ်လက်များသည် ဘိုလီးဗီးယား၊ ဘရာဇီးနှင့် ရုရှားတို့ကဲ့သို့သော အခြားရင်းမြစ်များမှ ဝယ်ယူမှုများ အရှိန်မြှင့်တင်လာသည်။ သို့သော် ပမာဏများမှာ အသင့်အတင့်သာဖြစ်ပြီး မြန်မာမှ တင်ပို့မှု လျော့ကျခြင်းကို ထေမိမည် မဟုတ်ချေ။

မြန်မာနိုင်ငံတွင် သတ္တုတူးဖော်ခွင့် ပိတ်ပင်ထားခြင်းကြောင့် တရုတ်နိုင်ငံ သံဖြူသတ္တုရိုင်း တင်သွင်းမှု ထိခိုက်လာနိုင်သော်လည်း မြန်မာနိုင်ငံမှ ပိတ်ပင်ခြင်းသည် ယနေ့အထိ တရုတ်နိုင်ငံ၏ သန့်စင်ပြီး သံဖြူထုတ်လုပ်မှုနှင့် သံဖြူစျေးနှုန်းအပေါ် သက်ရောက်မှု အနည်းငယ်သာ ရှိခဲ့သည်။

 

တရုတ်နိုင်ငံ၏ အရည်ကျိုသန့်စင်လုပ်ငန်းကဏ္ဍသည် ယခုနှစ်တွင် ယခင်နှစ် အလားတူကာလထက် ၅.၆ ရာခိုင်နှုန်း တိုးမြှင့် ထုတ်လုပ်ခဲ့ပြီး မက်ထရစ်တန်ချိန် ၁၃၀,၀၀၀ ထုတ်လုပ်ခဲ့သည်။

London Metal Exchange (LME) တွင် တစ်မက်ထရစ်တန် ကန်ဒေါ်လာ ၂၅,၀၀၀ ဝန်းကျင်တွင် တည်ငြိမ်နေသည်မှာ ၃ လ ရှိပြီ ဖြစ်သည်။
ကုန်ကြမ်း လက်ကျန်များပြားနေခြင်းနှင့် ကမ္ဘာ့ဈေးကွက်တွင် ဝယ်လိုအား လျော့ကျနေခြင်းကြောင့် ဖြစ်သည်။

ကမ္ဘာတစ်လွှား သုံးစွဲမှုသည် ယမန်နှစ်က ၃.၂% ကျဆင်းခဲ့ပြီး ယခုနှစ်တွင် နောက်ထပ် ၁.၆% ကျနိုင်ဖွယ်ရှိသည်ဟု နိုင်ငံတကာ သံဖြူအသင်းက ခန့်မှန်းထားသည်။ 

 

 

Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Export, Import Read 414 times