နိုင်ငံတော်ဒုတိယ သမ္မတ (၁) ဦးဆောင်သော ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ (၁၅)ကြိမ်မြောက် ပုံမှန်တွေ့ဆုံပွဲ၌ ရန်ကုန်တိုင်းဒေသကြီး ဦးဖြိုးမင်းသိန်းက အလုပ်သမား ဆန္ဒပြသည့်ကိစ္စရပ်၊ စက်သုံးဆီ အရောင်းဆိုင်နှင့် ဈေးမြင့်နေခြင်းကိစ္စရပ်၊ ငါးကန်များကိစ္စရပ်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး ယခု အလုပ်သမား ဆန္ဒပြသည့်ကိစ္စရပ်ကို ကောက်နုတ်တင်ပြအပ်ပါသည်။
အလုပ်သမား ဆန္ဒပြသည့်ကိစ္စရပ်
ရန်ကုန်တွင် အလုပ်သမားများ တောင်းဆိုဆန္ဒပြခြင်းများ ဖြစ်ပွားခဲ့သော်လည်း ၎င်းတာဝန်ယူခဲ့ချိန်မှစ၍ ယခုအထိ အင်အားသုံးဖြိုခွင်းခဲ့ခြင်း လုံးဝမရှိဘဲ နောက်ဆုံး၌ နှစ်ဦးနှစ်ဖက် ပြေလည်သည့်အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း၊ အလုပ်သမားများ ဆန္ဒပြဆောင်ရွက်မှု၊ အလုပ်သမားသမဂ္ဂမှ ပါဝင်မှုများ၊ အလုပ်ရှင်အစုအဖွဲ့များမှ ဖြေရှင်းဆောင်ရွက်မှုတို့မျာ ပါဝင်ပြီး ပြဿနာများကို ပြေလည်မှု ရသည်အထိ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ တောင်းဆိုဆန္ဒပြသည့်အခါ ဥပဒေချိုးဖောက်နေသည့်အတွက် အလုပ်ရှင်တွေက အစိုးရမှ အင်အားသုံးပြီး ဖြေရှင်းပေးဖို့ တောင်းဆိုမှုများ ရှိခဲ့သည်။ ‘‘ဥပဒေချိုးဖောက်ရင် ဥပဒေနဲ့အညီ အရေးယူပါမယ်။ အင်အားသုံးတာနဲ့ ဥပဒေနဲ့အညီ အရေးယူတာဟာ မတူဘူးဆိုတာ ဒီနေရာမှာ ကျွန်တော် ပြောပါရစေ’’ ဟု ၎င်းက ရှင်းပြပါသည်။
ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်လာရန်အတွက် အလုပ်သမားနှင့် အလုပ်ရှင်တို့အကြား ကောင်းမွန်သော relation ရှိရန်လိုသည်။ ထို့သို့ ရှိစေရန် မှန်ကန်တဲ့ နှစ်ဦးနှစ်ဖက် ဆက်ဆံမှု ထူထောင်ထားရမည်။
အလုပ်သမားသမဂ္ဂများအနေဖြင့် ၎င်းတို့၏ အခန်းကဏ္ဍအတွက် အလုပ်သမား လှုပ်ရှားမှုများ ပုံဖော်လာသည်ကို တွေ့ရကြောင်း၊ ထို့အတွက် ဥပဒေနဲ့အညီ ထိန်းသိမ်းနိုင်ဖို့ ဆောင်ရွက်မည်။ အခြားတစ်ဖက်၌ အလုပ်ရှင်နှင့် အလုပ်သမားများအကြား ပဋိပက္ခများကို ဖြန်ဖြေမှုများဖြင့် ပြေလည်မှုများ ရရှိအောင် ဆောင်ရွက်ကြပြီး ပြေလည်မှု ရရှိသွားကြသည်။ ထိုသို့ ရရှိသွားကြရာ၌ အဘယ်ကြောင့် ရသည်။ မည်သို့သော ရလဒ်များ၊ မည်သို့သော ညှိနှိုင်းဆောင်ရွက်မှုများ ရှိသည်ကို လေ့လာဆန်းစစ်ရန် လိုမည်။ ညှိနှိုင်းဆောင်ရွက်ကြသည့်အခါ နှစ်ဖက်စလုံးမှ ဆောင်ရွက်ပေးရမည့် အကြောင်းတရားများ ရှိသည်။ ထိုအခြေအနေ အနေအထားကို အဖြေထုတ်နိုင်မှ မှန်ကန်သည့်ပုံစံကို ရရှိမည်။ ထိုသို့ မဟုတ်ပါက ‘‘တိုင်းပြည်မတည်မငြိမ်မှုကို အလုပ်သမားများဘက်မှ ပေါ်ပေါက်လာအောင် တွန်းအားတစ်ခု ဖြစ်သွားနိုင်ပါတယ်’’
ဟု ဝန်ကြီးချုပ်က ရှင်းပြပါသည်။
ဆက်လက်၍ နိုင်ငံတကာမှ ရှုမြင်မည့် အမြင်သဘောထားများကို ထည့်သွင်းစဉ်းစားရခြင်းကို ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြပါသည်။
ဤအခြေအနေမျိုးသည် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ရောက်လာရန် အလားအလာကောင်းများ မဟုတ်သည့်ပြင် စက်ရုံအလုပ်ရုံများအနေဖြင့်လည်း ပြည်ပသို့ တင်ပို့သည့် ပို့ကုန်များအတွက်လည်း အလားအလာကောင်း မဟုတ်ချေ။
အလွန်အရေးကြီးပြီး နက်နဲသိမ်မွေ့သောသဘောရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ သိမ်သိမ်မွေ့မွေ့ဖြင့် ကိုင်တွယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း ၊ ထုတ်ကုန်များကို နိုင်ငံတကာမှ အသိအမှတ်ပြုနိုင်ရန်အတွက် ဖြစ်သည်အလုပ်သမားများကို ဖိနှိပ်ထားလျှင် နိုင်ငံတကာမှ လက်ခံမည်မဟုတ်သဖြင့် (မြန်မာနိုင်ငံသို့ ပေးထားသည့် အကောက်ခွန်မဲ့ တင်သွင်းခွင့် GSP ကဲ့သို့သော) အခွင့်အရေးများ ဆုံးရှုံးကုန်လိမ့်မည်ဟု ၎င်းက အသိပေးပြောကြားပါသည်။
ရန်ကုန်သည် စက်ရုံအလုပ်ရုံ အရေအတွက် အများဆုံး၊ အလုပ်သမားဦးရေ အများဆုံး ဖြစ်နေသဖြင့် စနစ်တကျဖြင့် သိမ်သိမ်မွေ့မွေ့ ကိုင်တွယ်ဆောင်ရွက်နေကြောင်း ဝန်ကြီးချုပ်က အသိပေးပြောကြားပါသည်။