မြန်မာနိုင်ငံတွင် ကျွဲ၊ နွားတင်ပို့မှုမှ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၃၆၀ ခန့်ရရှိ


19 April, 2019

မြန်မာနိုင်ငံတွင် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနအနေဖြင့် ကျွဲ၊ နွားတင်ပို့မှုမှ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာသန်း ၃၆၀ ခန့်အထိ ရရှိခဲ့ကြောင်း မကွေးတိုင်းဒေသကြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးထံမှသိရပါတယ်။

ဒေါက်တာမောင်မောင်စိုးဦးက မြန်မာနိုင်ငံအတွင်း ပြည်ပသို့ ကျွဲ၊ နွား တင်ပို့မှုကို ၂၀၁၇ ခုနှစ် အောက်တိုဘာ ၇ ရက်မှ စတင်ပြီး တရားဝင်ခွင့်ပြုခဲ့တာပါ။ ဒါပေမဲ့ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကျမှသာ စတင် တင်ပို့ခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ တိုင်းနဲ့ပြည်နယ် ၁၅ ခုရှိတဲ့အနက် တိုင်းနဲ့ပြည်နယ် ၁၂ ခုမှာ ပြည်ပပို့ကုမ္ပဏီပေါင်း ၅၀၂၂ ခုရှိပါတယ်။ ကျွဲကောင်ရေ ၅၂၂၃၃ ကောင်၊ နွားကောင်ရေ ၄၄၈၅၂၉ ကောင်တို့ကို ပြည်ပတင်ပို့ဖို့ ကျန်းမာရေးစစ်ဆေးပြီးဖြစ်ပါတယ်။

တိုင်းနဲ့ပြည်နယ်အလိုက် ပဲခူးတိုင်းက ကုမ္ပဏီ အများဆုံးဖြစ်ကာ စစ်ကိုင်းတိုင်းက ဒုတိယလိုက်ပါတယ်။ မကွေးတိုင်းမှာ ကုမ္ပဏီ ၂၈၀ ပဲရှိပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလမှ ယခုနှစ် မတ်လအထိ ကျွဲကောင်ရေ ၂၃၅၀ နဲ့ နွားကောင်ရေ ၅၁၉၁၅ ကောင်ကို ကျန်းမာရေး စစ်ဆေးပြီးပါပြီ။ ကျန်းမာရေးစစ်ဆေးပြီး ကျွဲ၊ နွားတွေထဲက ရာခိုင်နှုန်း ၉၀ ခန့်ကို ပြည်ပသို့ တင်ပို့ခဲ့ပြီး ဖြစ်ပါတယ်။

ကျွဲ၊ နွားများ ပြည်ပတင်ပို့မှုမှ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာသန်း ၃၆၀ ခန့်ရရှိကြောင်း၊ အခွန်ကောက်ခံမှုတွင် နွားတစ်ကောင်ကို ဒေါ်လာ ၁၂၀ဝ နဲ့ ကျွဲတစ်ကောင်ကို ဒေါ်လာ ၁၄၀ဝ သတ်မှတ်ပြီး နှစ်ရာခိုင်နှုန်း ကုန်သွယ်ခွန်ကောက်ခံကြောင်း သိရပါတယ်။

ယခုနောက်ပိုင်း ပြည်ပပို့ကုမ္ပဏီများကို ကျွဲ၊ နွားများအား ဝယ်ရောင်းစနစ်မှ မွေးရောင်းစနစ်ကို အကောင်အထည်ဖော်ရေး စည်းရုံးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းသို့ စည်းရုံးဆောင်ရွက်မှုကြောင့် ကုမ္ပဏီကြီးများအနေဖြင့် နွားကောင်ရေ ၁၀ဝ မှ ၁၅၀ ခန့်အထိ မွေးမြူနေကြသလို ကျန်ကုမ္ပဏီများကလည်း အနည်းဆုံး နွားကောင်ရေ ၃၀ မှ ၄၀ အထိ မွေးမြူနေကြကြောင်း မကွေးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရပါတယ်။

ပြည်ပကို နွားတင်ပို့နေတဲ့ ကုမ္ပဏီပိုင်ရှင်တစ်ဦးက ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး ပြည်ပ (တရုတ်) ကို နွားတွေတင်ပို့ခဲ့ပါတယ်။ ပထမနှစ် တင်ပို့ခဲ့တုန်းက အမြတ်ငွေတော်တော် ရရှိခဲ့ပါတယ်။ ပြည်ပပို့ကုမ္ပဏီတွေ များလာလို့ သူ့ထက်ငါ အလုအယက် ဈေးပေးပြီး ဝယ်ယူရတာပါ။ ပြီးခဲ့တဲ့ ခြောက်လလောက်ကစပြီး တရုတ်နိုင်ငံက နွားတင်ပို့မှုကို ရပ်ဆိုင်းခဲ့တယ်။

ဝယ်ယူတဲ့ နွားတွေကိုလည်း ယခင်ကလို ဈေးမပေးတော့ဘဲ ဈေးနှိမ်ပြီးဝယ်တော့ ကုမ္ပဏီတွေ အရှုံးပြတော့တာပေါ့။ အခုတော့ အရှုံးခံမပို့တော့ဘဲ မွေးမြူရေးကို အောင်မြင်အောင်လုပ်မယ်ဆိုပြီး နွားကောင်ရေ ၇၀ လောက်ကို စတင်မွေးမြူ နေပါပြီ။ ဈေးကောင်းရမှ ပြန်တင်ပို့တော့မယ်လို့ ပြောပါတယ်။

The Myanmar Times
 

Agriculture & Livestock Export, Import Read 994 times