မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများကို ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် ပြည်ပဈေးကွက်၌ ယခုအခါ ငါးတန်ငါးများမှာ ဈေးကွက်အလားအလာကောင်းများရှိနေကြောင်း ရန်ကုန်မြို့ကြည့်မြင်တိုင်မြို့နယ် စံပြငါးဈေးရှိ ငါးဒိုင်များမှ သိရသည်။
ဈေးကွက်ထဲတွင် အများစုမှာ သဘာဝကနေ ဖမ်းယူရရှိတဲ့ ငါးတန်တွေကိုပဲရောင်းကြတာများကြောင်း၊ မွေးမြူသူတွေတော့ရှိပေမယ့် နည်း အခုပြည်ပဈေးကွက်ကနေ အဝယ်လိုက်ကြောင်း၊ ထို့ကြောင့် ပိုပြီးမွေးမြူရင် အလားအလာ ကောင်းတွေရှိနိုင်သည်ဟု ငါးဒိုင်ပိုင်ရှင်တစ်ဦးက ပြောခဲ့ပါသည်။
ယခင်က ငါးတန်ငါးကို ပြည်တွင်းဈေးကွက်တွင် အခြားသောငါးများနှင့်နှိုင်းယှဉ်လျှင် စားသုံးမှုနည်းပါးခြင်းကြောင့် တွက်ခြေမကိုက်သည့်အတွက် ငါးမွေးမြူသူများမှာ စိတ်ဝင်စားမှုနည်းပါးသော အခြေအနေမျိုးရှိကြောင်း သိရသည်။
ယခုတရုတ်ဈေးကွက်မှာ ငါးတန်ကိုပေါပေါများများစားသုံးနေကြလို့ ပြည်တွင်းကနေ မွေးမြူထုတ်လုပ်ပြီး တင်ပို့မယ်ဆိုရင် ဈေးကွက်အလားအလာကောင်းနိုင်ကြောင်း၊ လောလောဆယ်တော့ တရုတ်ဈေးကွက်ထဲကို ဗီယက်နမ်က ငါးတန်တွေပို့နေကြောင်း၊ ကျွန်တော်တို့ နိုင်ငံအနေနဲ့လည်း ဈေးကွက်ယှဉ်ပြိုင်နိုင်တဲ့ အခြေအနေမျိုးဆိုရင်မွေးမြူသူတွေအတွက်လည်း အကျိုးရှိနိုင်မည်ဟု မြန်မာနိုင်ငံ ငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်းတာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။
အဆိုပါ ငါးတန်ငါးကို နေရာကျဉ်းကျဉ်းဖြင့် မွေးမြူနိုင်ပြီး ရောဂါဒဏ်ကိုလည်း ခံနိုင်ရည်ရှိကာ ကြီးထွားနှုန်းမြန်သည့်ငါးအမျိုးအစားဖြစ်ပြီး လတ်တလော အိမ်နီးချင်းတရုတ်ဈေးကွက်တွင် ဝယ်လိုအားအများအပြားရှိလာသလို ပြည်တွင်းဈေးကွက်အတွင်းတွင်လည်း ငါးခြောက်များပြုလုပ်၍ ရောင်းချမှုများ ရှိလာကြကြောင်း သိရသည်။
Myanmar Times