အတားအဆီး အခက်အခဲများနှင့် ဆက်လက် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေ


26 January, 2022

အတားအဆီး အခက်အခဲများနှင့် ဆက်လက် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံ၏ စီးပွားရေး အခြေအနေ


မြန်မာ့စီးပွားရေးနှင့် မြန်မာပြည်သူတို့သည် ၂၀၂၁ခုနှစ်တွင် ပေါ်ပေါက်ခဲ့သည့် အာဏာသိမ်းမှုနှင့် ကိုဗစ် ၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုတို့ကြောင့် ပြင်းထန်စွာ ထိခိုက်ခံစားနေရဆဲဖြစ်သည်၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ ဘဏ္ဏာနှစ်အတွင်း စီးပွားရေးနှုန်းသည် ၁၈ ရာခိုင်နှုန်း ကျုံ့သွားမည်ဟု ခန့်မှန်းတွက်ချက်ခဲ့ပါသည်။ 
ဇန်နဝါရီ ၂၆ ၊ ၂၀၂၂ ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့်ကြည့်လေ့လာမှု အစီရင်ခံစာအရ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိတွက်ချက်ထားသည့် ဘဏ္ဏာနှစ်တွင် စီးပွားရေးနှုန်းသည် ၁ ရာခိုင်နှုန်းသို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားသည်။ 
အချို့သောကဏ္ဍများ၌ တည်ငြိမ်လာမည့် အရိပ်လက္ခဏာများ ပေါ်ပေါက်လာသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ အာဏာသိမ်းမှုများသာ မပေါ်ပေါက်ခဲ့လျှင် ရှိနေမည့် စီးပွားရေးပမာဏထက် ၃၀ ရာခိုင်နှုန်း ပိုမိုသေးငယ်သွားနိုင်သည်ဟု ခန့်မှန်းထားသည်။
ထိုခန့်မှန်းချက်သည် အလွန်အမင်း အားနည်းနေသည့် စီးပွားရေးအခြေအနေအား ထင်ဟပ် လျက်ရှိသည်။


ကာလတို ခန့်မှန်းချက်မှာ ကမ္ဘာ့ကပ်ရောဂါ အခြေအနေ နှင့် ပဋိပက္ခ၏ အကျိုးသက်ရောက်မှု၊ နိုင်ငံခြားငွေလဲလှယ်နှုန်း နှင့် ဘဏ္ဏာရေးကဏ္ဍ တို့တွင် တွေ့ကြုံနေရသည့် အခက်အခဲ အနိမ့်အမြင့် အပေါ်တွင်သာမက လျှပ်စစ်မီး၊ ကုန်စည်သယ်ယူပို့ဆောင်ရေး နှင့် ဒစ်ဂျစ်တယ် နည်းပညာအရ ချိတ်ဆက်နိုင်မှုအပါအဝင် အဓိက ဝန်ဆောင်မှုများ နှောင့်နှေးပြတ်တောက်မှုတို့အပေါ် မူတည်ပါလိမ့်မည်။

“မြန်မာနိုင်ငံက ပြည်သူအများစုအတွက် လက်ရှိအခြေအနေနဲ့ ရှေ့ကာလအတွက် ခန့်မှန်းချက်တွေက ဆက်လက်ပြီး အလွန်စိုးရိမ်စရာ အနေအထားမှာ ရှိနေပါတယ်။ ပဋိပက္ခတွေ လတ်တလောမှာ ဆက်တိုက်ဖြစ်လာတာကြောင့် ပထမအချက်အနေနဲ့ လူသားချင်းစာနာ ထောက်ထားရေးဆိုင်ရာ ရှုထောင့်မှ စိုးရိမ်စရာ ဖြစ်နေပြီး စီးပွားရေးလုပ်ငန်းများအပေါ် နောက်ဆက်တွဲ သက်ရောက်မှုတွေလည်း ရှိနိုင်ပါတယ်ဒါ့အပြင် ကာကွယ်ဆေးထိုးနှံနိုင်မှု နည်းပါးသေးတာနဲ့ ကျန်းမာရေးကဏ္ဍမှာ လိုအပ်ချက်တွေ ရှိနေတာကြောင့် မြန်မာနိုင်ငံဟာ ကိုဗစ်-၁၉ ဗီဇမျိုးကွဲ အိုမီခရွန်ဒဏ်ကို ခံနိုင်ရည် အင်မတန် နည်းပါလိမ့်မယ်” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မာရီယမ်ရှာမန် ကပြောကြားခဲ့သည်။ “

မကြာသေးခင်က စတင်တွေ့မြင်ရသည့် စီးပွားရေး တည်ငြိမ်လာမှု အရိပ်လက္ခဏာများအနက် ကူးသန်းသွားလာမှုသည် ၂၀၂၁ ခုနှစ် ဇူလိုင်လက ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှု မတိုင်ခင်အခြေအနေထက် ၇၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားရာမှ ၂၀၂၀ ခုနှစ် အခြေပြ အဆင့် (baseline levels) သို့ ပြန်လည်ရောက်ရှိလာသည်သို့သော် လက်လီကုန်သွယ်မှုအပန်းဖြေမှုနှင့် သယ်ယူပို့ဆောင်ရေး ဝင်ငွေများသည် ကမ္ဘာ့ကပ်ရောဂါ မဖြစ်ပွားခင် အဆင့်အောက် ၃၀ ရာခိုင်နှုန်း ခန့် ဆက်လက်နိမ့်ကျနေဆဲဖြစ်သည်။ လတ်တလော ကူးသန်းသွားလာမှုဆိုင်ရာ တည်ငြိမ်လာမှုကြောင့် ဝန်ဆောင်မှုကဏ္ဍကို အထောက်အကူဖြစ်နိုင်ခြေရှိသော်လည်း စားသုံးသူဝယ်လိုအား ကမူ ဝင်ငွေနှင့် အလုပ်အကိုင် ထိခိုက်ခဲ့မှုကြောင့် ဆက်လက်အားနည်းနေဆဲဖြစ်သည်။ ကုန်ထုတ်လုပ်ရေးကဏ္ဍ၊ ထုတ်ကုန် နှင့် အလုပ်အကိုင် တို့မှာ တည်ငြိမ်နေဟန် ရှိပြီး ပြီးခဲ့သည့်လများအတွင်း ပြည်ပပို့ကုန် မြင့်တက်လာခဲ့သည်။


သွင်းအားစု အပိုင်း နှင့် ဝယ်လိုအားတို့တွင် အားနည်းချက်များ ရှိနေခြင်းက လုပ်ငန်းများလည်ပတ်နိုင်မှုကို အတားအဆီး ဖြစ်နေဆဲဖြစ်သည်။ လုပ်ငန်းများအနေဖြင့် အရောင်းပမာဏ နှင့် အကျိုးအမြတ်တို့ သိသိသာသာ ကျဆင်းလာမှု ၊ ငွေသားစီးဆင်းမှု အကျပ်အတဉ်း၊ ကုန်ကြမ်းရရှိနိုင်မှု၊ ဘဏ်ဝန်ဆောင်မှု နှင့် အင်တာနက် အသုံးပြုမှု စသည် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ ကမ္ဘာ့ဘဏ်၏ အောက်တိုဘာလက နောက်ဆုံး ပြုလုပ်ခဲ့သည့် စီးပွားရေးစစ်တမ်းအရ ကုမ္ပဏီအားလုံး၏ ထက်ဝက်ခန့်သည် သွင်းအားစုနှင့် ကုန်ကြမ်းများပြတ်တောက်မှု ကြုံတွေ့ခဲ့ရကြောင်း ၊ ယင်းသို့ဖြစ်ရခြင်းမှာ ကုန်စည်စီးဆင်းမှုတွင် အခက်အခဲများ ဖြစ်ပေါ်ခြင်းနှင့် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းခြင်းတို့ကြောင့် ကုန်ကျစရိတ် ကြီးမြင့်လာခြင်းတို့နှင့် များစွာသက်ဆိုင်ကြောင်း ညွှန်ပြနေသည်။ လယ်သမားများသည် အဓိကသွင်းအားစုများ ဈေးတက်ခြင်း၊ ချေးငွေရယူရန် အခက်အခဲများရှိခြင်း နှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး အခက်အခဲများ ဆက်လက်ရင်ဆိုင်ကြုံတွေ့နေရသည်။


စီးပွားရေး ဖိအားများ ဆက်လက်တည်ရှိနေခြင်းကြောင့် ထိခိုက်နိုင်ခြေ နှင့် စားနပ်ရိက္ခာဖူလုံရေးတို့အပေါ်ကြီးစွာ သက်ရောက်မှုရှိသည်။ အထူးသဖြင့် မကြာသေးခင်က ရင်ဆိုင်ခဲ့ရသည့် ဖြစ်စဉ်များကြောင့် စုဆောင်းထားသည်များ ကုန်ဆုံးသွားသည့် အောက်ခြေလူတန်းစား ဆင်းရဲသားများအပေါ် များစွာရိုက်ခတ်သည်။ ဆင်းရဲမွဲတေမှုပမာဏသည် ကိုဗစ် - ၁၉ ကူးစက်ရောဂါ မဖြစ်ပွားခင်ကထက် နှစ်ဆ ပိုမိုများပြားလာသည်ဟု ခန့်မှန်းသည်။ စိုက်ပျိုးရေးထွက်ကုန် လျော့ကျလာခြင်း၊ အလျှင်အမြန် ကုန်ဈေးနှုန်း ဖောင်းပွလာခြင်း နှင့် ချေးငွေ ရရှိနိုင်မှု နည်းပါးလာခြင်းတို့ကြောင့် စားနပ်ရိက္ခာ ဖူလုံနိုင်မှု ကိုပိုမိုဆိုးရွားလာစေနိုင်ပါသည်။ ကာလရှည်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကပင် စတင်ဖြစ်ပွားခဲ့သည့် အခြေအနေများသည် မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်ခြေကို အဟန့်အတား ဖြစ်စေလိမ့်မည်ဟု ခန့်မှန်းရသည်။


ညွှန်းကိန်းအများစုက ပုဂ္ဂလိက ရင်းနှီးမြုပ်နှံမှု သိသိသာသာ ကျဆင်းသွားပြီး လျှပ်စစ်ကဏ္ဍအပါအဝင် ယခင်က ဖြစ်ထွန်းနိုင်ခြေ ရှိတဲ့ စီမံကိန်းများပင်လျှင် ဝယ်လိုအား လျော့ကျသွားတဲ့အတွက် ရပ်တည်ရန် ခက်ခဲလာတာကို တွေ့ရပါတယ် ။ မြန်မာကျပ်ငွေတန်ဖိုးဟာ နိုင်ငံခြားငွေကြေးနဲ့တွက်ရင် တန်ဖိုးကျဆင်းသွားတဲ့အတွက် ပြည်ပကတင်သွင်းရတဲ့ ကုန်ပစ္စည်း ကုန်ကျစရိတ်မြင့်တက်လာပါတယ်။ ဒါ့အပြင် လအတန်ကြာ ပညာသင်ကြားခွင့်ပြတ်တောက်သွားမှုနဲ့အတူ အလုပ်လက်မဲ့နှုန်း လျင်မြန်စွာ မြင့်တက်လာမှု၊ နေရပ်စွန့်ခွာရွှေ့ပြောင်းရမှုတွေကြောင့် ရေရှည်မှာ လူသားရင်းမြစ်၊ ကျွမ်းကျင်မှု နဲ့ ကုန်ထုတ်စွမ်းအားတွေ သိသိသာသာ လျော့ကျသွားပါလိမ့်မယ်။ ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်း စီးပွားရေးပညာရှင် ကင်မ် အဒ်ဝဒ်က ပြောသည်။

Industry Reviews Read 456 times