မြန်မာ့စီးပွားရေးဖွံ့ဖြိုးရန်အတွက် မြန်မာ့စီးပွားရေးဘဏ်မှ ကူညီသွားမည်
မြန်မာ့စီးပွားရေးဘဏ်မှ အသေးစားနှင့် အလတ်စားလုပ်ငန်းများကို ချေးငွေသက်တမ်း ၃ နှစ်မှ ၅ နှစ်အထိရှိသော နှစ်လတ်ချေးငွေများ ထုတ်ချေးပေးမည်ဖြစ်ပြီး အနည်းဆုံးချေးငွေ ကျပ်သန်း ၅၀ မှ သန်း ၁၀၀၀ အထိ ခွင့်ပြုသွားမည်ဖြစ်ကြောင်းမြန်မာ့စီးပွားရေးဘဏ် ငွေစုဘဏ်လုပ်ငန်းနှင့် ဖွံ့ဖြိုးရေးချေးငွေဌာနက ညွန်ကြားချက် အမှတ် (၁၆၁/၂၀၁၇) ဖြင့် ကြေညာထားကြောင်း သိရပါသည်။
လက်ရှိအချိန်တွင် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် ပုဂ္ဂလိကကဏ္ဍသို့ ထုတ်ချေးသော ချေးငွေအများစုသည် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖြစ်သော်လည်း ၂၀၁၅ ခုနှစ် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးရေး ဥပဒေပြဋ္ဌာန်းချက်နှင့် ညီညွတ်သော လုပ်ငန်းများဖြစ်ရန် လိုအပ်ကြောင်းတွေ့ရှိရ၍ ယင်းဥပဒေအရ သတ်မှတ်ထားသော အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအနက် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများနှင့် ပြည်ပပို့ကုန် ထုတ်လုပ်မှုလုပ်ငန်း၊ ပြည်ပသွင်းကုန်အစားထိုးလုပ်ငန်းများကို မြန်မာ့စီးပွားရေးဘဏ်က နှစ်လတ်(၃ နှစ်မှ ၅ နှစ်အထိ) ချေးငွေများကို ထုတ်ချေးမည်ဟုသိရပါသည်။
အဆိုပါဥပဒေ အပိုဒ် ၂(က) နှင့် အပိုဒ် ၂(ခ) ပါသတ်မှတ်ချက်များနှင့် ညီညွတ်ပြီး SME လိုင်စင်ရရှိထားသည့် မည်သည့်အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များမဆို ချေးငွေရယူနိုင်သော်လည်း တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စုအစိုးရအဖွဲ့များ၏ လုပ်ငန်းဆိုင်ရာ စိစစ်ထောက်ခံချက်ရရှိထားသည့် အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များအား ဦးစားပေး ထုတ်ချေးမည်ဖြစ်ကြောင်း မြန်မာ့စီးပွားရေးဘဏ်က ကြေညာခဲ့သည်။
မြန်မာ့စီးပွားရေးဘဏ်က ချေးငွေထုတ်ပေးရန်အတွက် ဦးစားပေးကဏ္ဍများအဖြစ် သတ်မှတ်ထားသော လုပ်ငန်းများမှာ ထုတ်လုပ်မှုကဏ္ဍ၊ ထုတ်လုပ်ရောင်းဝယ်မှုကဏ္ဍ၊ တည်ဆောက်မှုကဏ္ဍ၊ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ၊ မွေးမြူထုတ်လုပ်မှုကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍ၊ ၀န်ဆောင်မှုကဏ္ဍ၊ နည်းပညာ အခြေခံထုတ်လုပ်မှုနှင့် ၀န်ဆောင်မှုကဏ္ဍ၊ Recycling နှင့် Energy Saving ကဏ္ဍတို့ဖြစ်ပါသည်။
အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များက မြန်မာ့စီးပွားရေးဘဏ်တွင် ချေးငွေလျှောက်ထားပါက ချေးငွေအဆိုပြုလွှာတင်ပြခြင်းကို မြန်မာ့စီးပွားရေးဘဏ် တိုင်းဒေသကြီး/ပြည်နယ်ရုံးများမှတစ်ဆင့် အထွေထွေမန်နေဂျာ မြန်မာ့စီးပွားရေးဘဏ်(ရုံးချုပ်) ငွေစုဘဏ်လုပ်ငန်းနှင့် ဖွံ့ဖြိုးရေးချေးငွေဌာနသို့ တင်ပြလျှောက်ထားရမည်ဖြစ်ပြီး ချေးငွေအဆိုလွှာတွင် လုပ်ငန်းနှင့် အာမခံပစ္စည်းတို့နှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များကို ဖော်ပြရန်သတ်မှတ်ထားပါသည်။
ထုတ်ချေးငွေများအနက် ရာခိုင်နှုန်း ၅၀ အား လုပ်ငန်းရှင်များ၏ လှည့်လည်ရင်းနှီးငွေအဖြစ်လည်းကောင်း၊ ကျန်ရာခိုင်နှုန်း ၅၀ ကို ပုံသေရင်းနှီးငွေအဖြစ်လည်းကောင်း ထုတ်ချေးမည်ဖြစ်ပြီး ဖော်ပြပါသတ်မှတ်ချက်အား လုပ်ငန်းအခြေအနေအပေါ်မူတည်၍ ခွင့်ပြုသတ်မှတ်မည်ဖြစ်သည်။
ငွေထုတ်ချေးရာတွင် မြန်မာ့စီးပွားရေးဘဏ်က စစ်ဆေးမည့် အဓိကအချက်များတွင် လုပ်ငန်း၏ အရည်အသွေးပိုင်ဆိုင်ရာများ၊ လုပ်ငန်း၏ ဘဏ္ဍာရေးပိုင်းဆိုင်ရာများ၊ ချေးငွေအသုံးပြုမည့်နည်းလမ်းများ စိစစ်ခြင်းများ စသည်တို့ပါ၀င်ကြောင်း သိရပါသည်။