ကြယ်ဂေါင် မှာကျန်နေတဲ့ သွင်းကုန်တွေကို သယ်ခွင့်ပြုဖို့ တရုတ်ဘက်က ပြောလာ


05 October, 2021

မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်- ကြယ်ဂေါင် နယ်စပ်ကုန်သွယ်ရေးရဲ့ တရုတ်နိုင်ငံဘက်ခြမ်း ကြယ်ဂေါင် မှာ ပိတ်မိနေတဲ့ သွင်းကုန်တွေကို မြန်မာဘက်ကို သယ်ခွင့်ပြုဖို့ တရုတ်ဒေသန္တရ အာဏာပိုင်တွေဘက်က ပြောလာပါတယ်။

သွင်းကုန်တွေကို တရုတ်ဘက်က မကြာခင်ခွင့်ပြုပေးဖို့ရှိလို့ ကုန်တွေတင်သွင်းနိုင်ဖို့ သက်ဆိုင်ရာလုပ်ငန်းရှင်တွေ၊ ကုန်ဂိတ်တွေနဲ့ ကားဆရာတွေ အနေနနဲ့ အောက်ခြေအဆင့် ကြိုတင် ညှိနှိုင်းဆောင်ရွက်ထားဖို့ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေးကုန်သည်အသင်းက အောက်တိုဘာလ ၃ ရက်မှာ ကြေညာချက်ထုတ်ထားပါတယ်။

ကုန်ပစ္စည်းတွေ တင်ဖို့ကုန်တင်ကားအလွတ်တွေကို မူဆယ်ဘက်ကနေ ကြယ်ဂေါင်ဘက်ကို တိုကင်စနစ်နဲ့ ဝင်ရောက်ခွင့်ပေးမှာဖြစ်တယ်လို့ စာမှာဖော်ပြထားပါတယ်။

ဒါပေမဲ့ ဘယ်တော့ ဝင်ခွင့်ပေးမယ်ဆိုတဲ့အချိန်ကာလကို မဖော်ပြထားလို့ ဘီဘီစီက ကုန်သည်အသင်းကို ဆက်သွယ်ပေမဲ့ အသင်းဘက်က ပြောဖို့ ငြင်းဆိုပါတယ်။

ကိုဗစ်ကြောင့် မူဆယ်- ကြယ်ဂေါင် ကုန်သွယ်ရေးဇုန်ကို တရုတ်နိုင်ငံဘက်က ပိတ်ထားတာ တစ်နှစ်ကျော်ရှိပြီဖြစ်ပြီး အဲဒီမှာ မြန်မာပြည်ဘက်သွင်းမယ့် သွင်းကုန်တွေလည်း ပိတ်မိနေ တာဖြစ်ပါတယ်။

သွင်းကုန်အတော်များများပိတ်မိနေတာဖြစ်ပြီး ကုန်တွေ သွင်းခွင့်ပေးတဲ့အခါ ကုန်ကားအစင်း ၇၀၀ နီးပါးစာ ကုန်တွေအပြင် ပြည်တော်ပြန်တွေရဲ့အသုံးအဆောင်ပစ္စည်းတွေကိုပါ သယ် ဆောင်ခွင့်ပြုနိုင်ချေရှိတယ်လို့ နယ်စပ်ကုန်သည်ကြီးတွေက သုံးသပ်ပါတယ်။

ဒီလိုတင်သွင်းခွင့်ပြုတာကို အောက်တိုဘာလကုန်အထိ ခွင့်ပြုနိုင်ချေရှိပြီး မကြာခင်မှာ ကြယ်ဂေါင်မြို့ကို အဆင့်မြှင့်တင်မယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာကြောင့် မြို့ပြစီမံကိန်းအတွက် အပြောင်ရှင်းတာဖြစ်နိုင်တယ်လို့ နယ်စပ်ကုန်သည်တွေက ယူဆနေကြပါတယ်။

တရုတ်ဂိုထောင်တွေထဲမှာ ပိတ်မိနေတဲ့ ပစ္စည်းတွေက ကုန်ကားအစီးပေါင်း ရာနဲ့ချီစာရှိတယ်လို့ မူဆယ် နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး အသင်းဝင်တဦးဖြစ်တဲ့ ဦးမင်းသိမ်းက ဗွီအိုအေကို ပြောပါတယ်။ ရက်အတိအကျ မသိရသေးပေမဲ့ ဒီရက်ပိုင်း အတွင်းမှာ မြန်မာပြည်ထဲကို သယ်ခွင့်ရမယ်လို့ သူကပြောတာပါ။
“ တွဲကားအစီး ၆၀၀ စာလောက်ရှိတဲ့ တရုတ်ပြည်က ထွက်တဲ့ပစ္စည်းတွေဟာ ကျယ်ဂေါင် ဂိုထောင်တွေထဲမှာ သောင်တင်နေတယ်၊ အဲဒါတွေက။ တအားလည်း ထိခိုက် နစ်နာမှုတွေရှိတယ်။ အဲဒီကုန်ပစ္စည်းတွေက ဗမာတွေ ဝယ်ထားတဲ့ ကုန်ပစ္စည်းတွေ။ နောက် လေးငါးရက် နေရင်တော့ ကုန်လုံးဝမပါတဲ့ ခါလီကားတွေ ကျယ်ဂေါင်ထဲကို ဝင်မယ်၊ ပြီးရင် ကျယ်ဂေါင်ထဲမှာ ကားအစီး ၆၀၀ စာလောက်ရှိတဲ့ ကုန်ပစ္စည်းတွေကို တင်ပြီးတော့ ဗမာပြည်ထဲကိုလာမယ်၊ မူဆယ်ကိုလာမယ်။”
မူဆယ်မြို့ မန်ဝိန်းနယ်စပ်ဂိတ်ကနေ မြန်မာဘက်ကို ကုန်တွေ ပြန်သယ်ဖို့ စီစဉ်နေကြတာဖြစ်ပါတယ်။ သက်ဆိုင်ရာ ကုန်သည်တွေနဲ့ လုပ်ငန်းရှင်တွေက ဒီရက်ပိုင်းအတွင်းမှာ အောက်ခြေအဆင့် ဆောင်ရွက်ရမဲ့ ကိစ္စတွေကို ကြိုတင်ညှိနှိုင်း ထားကြဖို့ မူဆယ်- နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေးအသင်း အလုပ်အမှုဆောင်အဖွဲ့က တိုက်တွန်းထားပါတယ်။ အဓိက ကုန်တွေကတော့ လုပ်ငန်းသုံး ပစ္စည်းတွေ ဖြစ်တယ်လို့ ဦးမင်းသိန်းက ပြောပါတယ်။
“ နံပတ် (၁) ဆောက်လုပ်ရေး ပစ္စည်းတွေပါတယ်၊ ပြီးရင် ဆေးဝါးပစ္စည်တွေပါတယ်၊ ပြီးရင် လျှပ်စစ်ပစ္စည်းတွေပါတယ်၊ စားကုန် သောက်ကုန် ပစ္စည်းတွေ ပါတယ်။ စက်မှုပစ္စည်းတွေပါတယ် ဆိုင်ကယ်တို့ ဘာတို့ပေါ့နော်"
ဒီပစ္စည်းတွေအားလုံးကို မြန်မာနိုင်ငံထဲကို ပြန်သယ်ပြီးပြီ ဆိုရင်တော့ မူဆယ်မြို့က မန်ဝိန်းနယ်စပ်ဂိတ်ကို အရင်အတိုင်းပဲ အဝင်ရော၊ အထွက်ရော တရုတ်ဘက်က ပြန်ပိတ်ထားဦးမယ်လို့ ကုန်သည်တွေက ပြောပါတယ်။ မူဆယ်မြို့မှာ ကိုဗစ်စင်တာတခုကို တရုတ်- မြန်မာ နှစ်နိုင်ငံ ပူးပေါင်းပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ဖွင့်လှစ်ခဲ့ပေမဲ့ ကုန်သွယ်ရေးက ပြန် စနိုင်ဖို့ကတော့ မရေရာသေးပါဘူး။ လက်ရှိမှာတော့ မူဆယ်နဲ့ အနည်းငယ်လှမ်းတဲ့ ကျင်စန်းကျော့ဂိတ်တခုကိုပဲ တရုတ်ဘက်က ဖွင့်ပေးထားပြီး ဆေးပစ္စည်းတမျိုးကိုပဲ မြန်မာနိုင်ငံထဲကို တင်သွင်းခွင့် ပြုထားပါတယ်။

 

BBC, VOA

Export, Import Read 480 times