ဘဏ်လုပ်ငန်းကဏ္ဍ စနစ်တကျ တိုးတက်ဖို့၊ နိုင်ငံတကာ စံနှုန်းတွေအတိုင်း ဆောင်ရွက်နိုင်ဖို့၊ ဘဏ်လုပ်ငန်းတွေရဲ့ စီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေဖို့အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မတ် ၂၅ ရက်မှာ ညွှန်ကြားချက်ငါးရပ်ကို ထပ်မံ ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံတော်ဗဟိုဘဏ်မှ ဆက်လက်ထုတ်ပြန်ခဲ့တဲ့ ညွှန်ကြားချက်ငါးရပ်မှာ သင့်လျော်မှန်ကန်ခြင်းရှိမှုဆိုင်ရာ စံသတ်မှတ်ချက်တွေအတွက် ညွှန်ကြားချက် (၈/၂၀၁၉)၊ ဘဏ်၏ ဒါရိုက်တာများဆိုင်ရာ ညွှန်ကြားချက် (၉/ ၂၀၁၉)၊ ဘဏ်၏ ပြင်ပ စာရင်းစစ်များဆိုင်ရာ ညွှန်ကြားချက် (၁၀/၂၀၁၉)၊ ဆက်နွှယ်သူများဆိုင်ရာ ညွှန်ကြားချက် (၁၁/၂၀၁၉)၊ အဓိကကျသည့် အကျိုးစီးပွားးများ ရယူခြင်းဆိုင်ရာညွှန်ကြားချက် (၁၂/၂၀၁၉) တို့ဖြစ်ပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒီညွှန်ကြားချက်ငါးရပ်ကို တရားဝင်ထုတ်ပြန်ခြင်းမပြုမီ မြန်မာနိုင်ငံစာရင်းကောင်စီ၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း၊ နိုင်ငံပိုင်ဘဏ်များနဲ့ ပုဂ္ဂလိကဘဏ်များကို ဖိတ်ကြားကာ ညွှန်ကြားချက် (မူကြမ်း) တွေ ဖြန့်ဝေခြင်းနဲ့ ပဏာမရှင်းလင်းခြင်း အခမ်းအနားကို အောက်တိုဘာ ၈ ရက်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲမှာ ပြုလုပ်ခဲ့ပါတယ်။
ဒီညွှန်ကြားချက်ငါးရပ်နဲ့ ပတ်သက်တဲ့ အကြံပြုချက်တွေကိုလည်း ရယူညှိနှိုင်းရေးဆွဲပြီးနောက် အခုညွှန်ကြားချက်ငါးရပ်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ရာ လိုက်နာဖို့ပျက်ကွက်ပါက ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအရ အရေးယူ ဆောင်ရွက်ခံရမှာဖြစ်ပြီး ဥပဒေနဲ့အညီ ဘဏ်အား ပြန်လည်တည့်မတ်အောင် ဆောင်ရွက်ခြင်း၊ ဒါမှမဟုတ် အရေးယူခြင်းနဲ့ စီမံခန့်ခွဲရေးနည်းလမ်းများ၊ စီမံခန့်ခွဲရေးဆိုင်ရာ ပြစ်ဒဏ်များ ချမှတ်ခံရမှာဖြစ်ပါတယ်။
ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ (၂၀၁၆) အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာ ၂၀၁၇ ခုနှစ် ဇူလိုင်လအတွင်း အဓိက စည်းမျဉ်းတွေဖြစ်တဲ့ မတည်ငွေရေးလုံလောက်မှုဆိုင်ရာစည်းမျဉ်း၊ ရရန်ပိုင်ခွင့်အမျိုးအစား သတ်မှတ်ခြင်းနဲ့ လျာထားခြင်းဆိုင်ရာစည်းမျဉ်း၊ ပမာဏကြီးမားသော ကြွေးမြီများဆိုင်ရာစည်းမျဉ်း၊ ငွေကြေးလွယ်ကူမှုအချိုး သတ်မှတ်ချက်ဆိုင်ရာစည်းမျဉ်းတွေကို ချမှတ်ခဲ့ပါတယ်။
ဒါ့ပြင် ပြန်လည်ရရှိရန် ဦးစားပေးအဆင့်မှာမရှိတဲ့ ကြွေးမြီများဆိုင်ရာ ညွှန်ကြားချက်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာ ၂၀၁၉ ခုနှစ်အတွင်း ဘဏ်လုပ်ငန်းဝန်ဆောင်မှုနဲ့ ငွေရေးကြေးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ညွှန်ကြားချက်တွေကို ဆက်တိုက်ထုတ်ပြန်နေပြီး အခုအချိန်အထိ ညွှန်ကြားချက်ခြောက်ခု ထွက်ရှိပြီးဖြစ်ပါတယ်။
ဘဏ်တွေမှ ထုတ်ချေးထားတဲ့ ချေးငွေတွေအပေါ် တောင်းခံနိုင်တဲ့ အတိုးနှုန်းများ (Lending Rates) ပြင်ဆင်သတ်မှတ်တဲ့ကိစ္စကို ဗဟိုဘဏ်က ညွှန်ကြားချက်အမှတ် ၁/၂၀၁၉ နဲ့ ထုတ်ပြန်ခဲ့ပါတယ်။ ပြီးနောက် ညွှန်ကြားချက်အမှတ် ၂/၂၀၁၉ နဲ့ ပြည်တွင်းဘဏ်တွေအား စုစုပေါင်းချေးငွေရဲ့ ငါးရာခိုင်နှုန်းကို သက်တမ်း သုံးနှစ်ထက်ပိုတဲ့ အိမ်ရာချေးငွေတွေ ထုတ်ချေးခွင့်ပြုခဲ့ပါတယ်။
ဒါ့အပြင် ပြည်တွင်းဘဏ်တွေရှိ ပြန်လည်ရရှိရန် ဦးစားပေးအဆင့်မှာ မရှိတဲ့ကြွေးမြီများကို ဖြည့်စွက် မတည်ငွေရင်းအဖြစ် ထည့်သွင်းခွင့်ပြုတဲ့ ညွှန်ကြားချက်အမှတ် ၃/၂၀၁၉ ကိုထုတ်ပြန်ခဲ့ပြီး ညွှန်ကြားချက် ၄/၂၀၁၉ အရ ဂျပန်ယန်းနဲ့ တရုတ်ယွမ်တွေကို နိုင်ငံတကာ ငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှုများ ဆောင်ရွက်နိုင်တဲ့ ငွေကြေးတွေအဖြစ် ခွင့်ပြုခဲ့ပါတယ်။
ပြီးနောက် AD လိုင်စင်ရဘဏ်တွေ နိုင်ငံခြားငွေ ရောင်း/ဝယ်တဲ့အခါ ဈေးကွက်ကို ခြယ်လှယ်လွှမ်းမိုးမှုတွေ၊ ထပ်တလဲလဲ ရောင်းဝယ်မှုတွေနဲ့ သတ်မှတ်စည်းမျဉ်း စည်းကမ်းတွေ မလိုက်နာပါက အရေးယူမှာ ဖြစ်တယ်လို့ ဗဟိုဘဏ်က ညွှန်ကြားချက် ၅/၂၀၁၉ နဲ့ ထုတ်ပြန်ကြေညာထားပါတယ်။
ဒါ့ပြင် နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်းလိုင်စင် (Authorized Dealer License - AD) ရဘဏ်တွေ နိုင်ငံခြားငွေကြေးများ လိုငွေ/ပိုငွေ အခြေအနေမဖြစ်ပေါ်ရေး ထိန်းသိမ်းဖို့နဲ့ လိုငွေ/ပိုငွေကို အဓိက မတည်ငွေရင်းရဲ့ ရာခိုင်နှုန်း ၂၀ ထက် မကျော်လွန်ဖို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားချက်အမှတ် ၆/၂၀၁၉ နဲ့ထုတ်ပြန်ထားတာဖြစ်ပါတယ်။
မြန်မာနိုင်ငံဗဟိုဘဏ်မှ အဆိုပါ ညွှန်ကြားချက်ငါးရပ် ထုတ်ပြန်ခြင်းဟာ မြန်မာနိုင်ငံ ဘဏ်လုပ်ငန်းကဏ္ဍ စနစ်တကျဖွံ့ဖြိုးတိုးတက်စေဖို့၊ နိုင်ငံတကာမှ ကျင့်သုံးနေတဲ့စံနှုန်းတွေအရ ဆောင်ရွက်နိုင်စေဖို့နဲ့ ဘဏ်များအတွက် ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုစနစ် တိုးတက်ဖွံ့ဖြိုးလာစေဖို့အတွက် စည်းမျဉ်း၊ စည်းကမ်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ရဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်လိုှ့ ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။
Daily Eleven