မြန်မာ့ဝါးဖြင့် စွန့်ဦးတီထွင်ထုတ်လုပ်နေသည့် လူသုံးကုန်ပစ္စည်းများ ကမ္ဘာ့ဈေးကွက်သို့ထိုးဖောက်


16 March, 2017

စွန့်ဦးတီထွင်ထုတ်လုပ်နေသည့် ဓာတ်ပုံ၊ စတစ်ကာ၊ ပန်းချီပုံတင်းဝါး၊ ဝါးလူသုံးကုန်ပစ္စည်းများကို မန္တလေးမြို့အရောင်းပြခန်းတွင် ဖွင့်လှစ်ရန် စီစဉ်နေပြီး နိုင်ငံခြားဈေးကွက်သို့ ထိုးဖောက်သွားရန်နှင့် ဆောင်ရွက်နေကြောင်း သိရှိရသည်။

၎င်း ဝါးလုပ်ငန်းကို ဖိုးသကြားမင်းအနုပညာဖန်တီးထုတ်လုပ်ရေးလုပ်ငန်းမှ တာဝန်ယူဆောင်ရွက်နေကြောင်း သိရှိရသည်။ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ဝါးဖြင့်ပြုလုပ်သော မီးအိမ်များကို ဈေးကွက်အတွင်းသို့ စတင်ဖြန့်ဖြူးရောင်းချလေ့ရှိပြီး ပြည်တွင်းအနေဖြင့် မော်လမြိုင်၊ ရန်ကုန်နှင့် နေပြည်တော်အစရှိသည့် မြို့များမှ မှာယူခြင်းများရှိကာ မီးအိမ်တစ်ခုလျှင် ငွေကျပ် ၁၂၀၀၀ ဖြင့် ပြုလုပ်ပေးလျှက်ရှိပြီး ယိုးဒယား၊ ကူမင်းမြို့မှ လာရောက်ချိတ်ဆက် ဝယ်ယူကြောင်း သိရှိရသည်။

ဓာတ်ပုံပညာ၊ ပန်းချီပညာနှင့် ပုံနှိပ်ပညာများနှင့်စုပေါင်း၍ စွန့်ဦးတီထွင်ခြင်းမှ အောင်မြင်သွားခြင်းလည်း ဖြစ်သည်။ ဝါးပေါ်တွင် ဓာတ်ပုံများကို တင်ကာ ရိုက်နှိပ်ခြင်းမှာ အခြားလုပ်ငန်းများနှင့်မတူ ကွဲပြားကြောင်း သိရသည်။

ဆေးအသစ်တွေနှင့် အမျိုးမျိုးစမ်းသပ်ပြီး အဆင့်တော်တော်များများ ကျော်ဖြတ်ရသည်။ ယခုအခါတွင် အမရပူရမြို့နယ်၌ အရောင်းပြခန်းဖွင့်လှစ်ရန် စီစဉ်နေပြီး ယင်းပြခန်းတွင် ဝါးဖြင့် မြန်မာ့ရိုးရာရှေးဟောင်း ပညာများ စုပေါင်းခြင်း၊ ကမ္ဘာ့နည်းပညာများ ပေါင်းစပ်ကာ တီထွင်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဝါးအမျိုးအစား ၁၅ မျိုးကိုလည်း ပြသမည်ဖြစ်ပြီး နေ့စဉ်လူသုံးကုန်ပစ္စည်းများဖြစ်သော အခန်းတွင်းအလှဆင်ပစ္စည်းများ ခုံ၊ စက်တီ၊ ဘီဒို၊ ကုတင်၊ အစရှိသည့် ပစ္စည်းများကိုလည်း ရောင်းချသွားရန် ကြိုးပမ်းနေသည်။

ဝါးပေါ်တွင် ဓာတ်ပုံတစ်ပုံချင်းစီရိုက်တင်ပါက ကုန်ကျစရိတ်သည် တစ်သောင်းနီးပါးဖြစ်သွားပြီး ၁၀ ခုနှင့်အထက်ဆိုလျှင် တစ်ခုကို ငွေကျပ် သုံးထောင့်ငါးရာနှင့် သင့်တော်အောင် ဈေးညှိ၍ ပေးမည်ဟု စီစဉ်ထားကြောင်းလည်းသိရသည်။

ဝါးမီးအိမ်အနေနှင့် အမြင်တွင် ရိုးရှင်းသော်လည်း ဝါးများကို ပထမဦးဆုံး ပိုးမစားစေရန် ၇ ရက်ကြာ ရေစိမ်ခြင်းပြုလုပ်ရမည်။ ထို့နောက် နေလှန်းကာ အသားသေအောင်ပြုလုပ်သည်။

ဝါးက အသားသေသွားတော့မှ မီးအိမ်အဆင့်ထိရောက်ရှိရန် အဆင့်ဆင့်ဆက်လက်ပြုလုပ်ကြသည်။ မီးအိမ်တစ်အိမ်ကို အနည်းဆုံး ၃ နှစ်အာမခံပေးသည်။ သို့သော်လည်း ၅ နှစ်ကြော်အထိ စိတ်ချလက်ချ အသုံးပြုနိုင်ကြောင်း ဝါး စွန့်ဦးတီထွင်ပြုလုပ်ခြင်းလုပ်ငန်းမှ ပြောကြားခဲ့သည်။

မီးအိမ်ပြုလုပ်ရာတွင် ပါဝင်သည့် နှီးအဖြစ် အသုံးပြုသည့် ဝါးအမျိုးအစားမှာ တင်းဝါးဖြစ်ပြီး မီးအိမ်ကိုယ်ထည်ကိုတော့ ဝါးအမျိုးအစားများထဲမှ သက်တမ်းရင့် ဝါးပိုးသက်ရင့်ကို အသုံးပြုကြောင်း သိရှိရသည်။

ဝါးမျိုးစိတ်စုစုပေါင်း ၁၅၀၀ ကျော်ရှိသော်လည်း စီးပွားရေးအတွက် အသုံးတည့်သည့် ဝါးအမျိုးအစားမှာ ၁၅ မျိုးသာရှိကြောင်း သိရှိရသည်။

 

Local News Read 13096 times