မြန်မာ့ဝါးလက်မှုထုတ်ကုန်များစိတ်ဝင်စားမှုများပြားလာ


17 February, 2017

အင်းလေးကန်အနီးရှိ ရှမ်းတောင်ပေါ်ဒေသထွက် ဝါးလက်မှုပစ္စည်းများကို ဈေးကွက်အတွင်း စိတ်ဝင်စားမှု များပြားလာကြောင်းသိရှိရသည်။

ထိုဒေသအနီးတွင်နေထိုင်သော တောင်ရိုးလူမျိုးများက နိုင်ငံတကာခရီးသွားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်သည့် ဝါးလက်မှုပစ္စည်းများကို ပြုလုပ်ရောင်းချလာကြသည်။

၂၀၁၅ ခုနှစ်မှစ၍ ဝါးလက်မှုပစ္စည်းများကို လက်မောင်ကွေးရွာတွင် စတင်ထုတ်လုပ်လာကြသည်။

ဟိုတယ်များ၊ စားသောက်ဆိုင်များတွင် အလှဆင်ပစ္စည်းအဖြစ်အသုံးပြုကြသည့် မီးအိမ်များ၊ လင်ဗန်းများနှင့် အခြားအိမ်သုံးဝါးလက်မှုပစ္စည်းများကို အဓိကထုတ်လုပ်ကြသည်။

MMID လုပ်ငန်း၏ အကူအညီဖြင့် လက်မောင်ကွေးရွာသူရွာသားများက ဝါးလက်မှုပစ္စည်း ပြုလုပ်သည့်နည်းပညာကို သင်ယူရရှိခဲ့ပြီး ယခုအခါတွင် နိုင်ငံတကာစံချိန်မီ ဝါးပစ္စည်းများကို ပြုလုပ်ရောင်းချ လာနိုင်မည်ဖြစ်ပါသည်။

ဝါးလက်မှုပစ္စည်းများကို မှိုတက်ခြင်းမှ ကာကွယ်ရန်နှင့် ရေရှည်အသုံးပြုနိုင်ရန်အတွက် အဆင့်မြင့် နည်းပညာများအသုံးပြု၍ ထုတ်လုပ်ခဲ့ကြသည်။

မန္တလေးမြို့တွင် ကျင်းပသော ၁၅ ကြိမ်မြောက် သစ်သီးဝလံပန်းမန်ပြပွဲတွင် ဝါးလုပ်ငန်းထုတ်ပစ္စည်းများကို ဝင်ရောက်ပြသခဲ့ပြီး လင်ဗန်း၊လက်ဖက်ရည်ခွက်၊ ရေနွေးအိုး၊ လက်ဖက်ရည်စုံ၊ ရေဗူး၊ ပန်းအိုး၊ ထမင်းဘူး၊ ဝိုင်ခွက်၊ ဟင်းချိုရည်ခွက်၊ သေတ္တာအသေး၊ မီးအိမ်အစရှိသောပစ္စည်းများကို ပြုလုပ်ရောင်းချခဲ့သည်။

ဝါးပစ္စည်းများမှာ အနည်းဆုံး ငွေကျပ် ၁၅၀၀ မှ ငွေကျပ် ၈၀၀၀ အထိပစ္စည်းအမျိုးအစား အလိုက်ရောင်းချပေးနေကြောင်းလဲသိရှိရသည်။

ဈေးကွက်အတွင်းတွင် လက်ဖက်ရည်ခွက်များကို အများဆုံးဝယ်ယူကြောင်းသိရသည်။

Source: Kyeemon Newspaper

Local News Read 2254 times