ပြည်တွင်းငွေဖြင့်သာ အသုံးပြုရမည်


04 December, 2018

နိုင်ငံတွင်းဝယ်ယူသုံးစွဲခြင်းကိစ္စရပ်များကို ပြည်တွင်းငွေဖြင့် အသုံးပြုရမည်ဆိုသော ဗဟိုဘဏ်ထုတ်ပြန်ချက်များကို အစိုးရဝန်ကြီးဌာနများကပါ လိုက်နာမှုအားနည်းနေသည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌက ပြောဆိုချက်အရ သိရပါတယ်။

"ဝန်ကြီးဌာနများအနေနဲ့ကလည်း မြေငှားရမ်းတဲ့ ကိစ္စတွေ၊ နိုင်ငံခြားနှင့် ဖက်စပ်ရင်းနှီးမြှပ်နှံမှုမှာလည်း မိမိတို့ရရှိမည့် လုပ်ငန်းဆောင်ရွက်မှုဝင်ငွေတွေ နိုင်ငံခြားငွေဖြင့် လက်ခံကောက်ခံဆောင်ရွက်နေသည်ကိုတွေ့ရှိရတယ်" ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ပြောပြချက်အရ သိရပါတယ်။မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် မြန်မာကျပ်ငွေတန်ဖိုး မလျော့ကျစေရေးအတွက် နိုင်ငံတွင်း Dollarization(ကိုယ်ပိုင်ငွေကြေးအစားဒေါ်လာအစားထိုးသုံးခြင်း) မဖြစ်စေရန်၊ နိုင်ငံခြားငွေလိုအပ်ချက်ပမာဏလျော့နည်းစေရန်၊ နိုင်ငံတွင်း ငွေကြေးတည်ငြိမ်မှုရှိနိုင်ရန်အတွက် နိုင်ငံသားများနှင့် နိုင်ငံခြားသားများသည် နိုင်ငံတွင်း ဝယ်ယူသုံးစွဲခြင်းကိစ္စရပ်များကို ပြည်တွင်းငွေဖြင့်သာ အသုံးပြုရမည်ဆိုသော ထုတ်ပြန်ချက်များ ထုတ်ပြန်ထားခဲ့ပါတယ်။

 ယနေ့ နိုဝင်ဘာ ၂၀ ရက်နေ့က ကျင်းပပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင်း ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၉)မှ အမျိုးသားလွှတ်တေ်ာကိုယ်စားလှယ် ဦးစိုးသိန်း မေးမြန်းခဲ့သည့် “နိုင်ငံပိုင်ငွေကြေး ပိုမိုခိုင်မာလာစေရန်နှင့် တရားမဝင် ငွေကြေးသုံးစွဲမှုများကို ထိန်းချုပ်နိုင်ရန် နိုင်ငံခြားငွေ အား မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ပြည်တွင်း၌ ကျပ်ငွေအဖြစ် လှဲလှယ်သုံးစွဲစေရန် တွန်းအားပေးမည့် အစီအမံများ ရှိ/မရှိ သိရှိလိုခြင်း”နှင့် ပတ်သတ်သည့် မေးခွန်းအား ဦးဘိုဘိုငယ်က ပြန်လည်ဖြေကြားရာတွင် ပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။ထို့ပြင် လက်ရှိအခြေအနေတွင် ဟိုတယ်များ၊စားသောက်ဆိုင်အချို့၊ပြည်တွင်းတွင် လာရောက်ဖွင့်လှစ်ထားသည့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုကျောင်းများ၊ နိုင်ငံခြားသားများသို့ တိုက်ခန်းငှားရမ်းမှုများ၊ အမှတ်တရ ပစ္စည်းအရောင်းဆိုင်များတွင် မြန်မာကျပ်ငွေအစား နိုင်ငံခြားငွေ( အမေရိကန်)ဒေါ်လာဖြင့် ပေးချေဆောင်ရွက်နေကြောင်း ထပ်မံပြောပြပါတယ်။

မြန်မာတစ်နိုင်ငံလုံးတွင် သြဂုတ်လ ၃၁ရက်နေ့ထိ ငွေလဲကောင်တာ (၁၄၃၇) ခု ဖွင့်လှစ်ပေးထားပြီး အဆိုပါ ငွေလဲကောင်တာများတွင် အမေရိကန်ဒေါ်လာ၊ စင်္ကာပူဒေါ်လာ၊ ယူရို၊ ထိုင်းဘတ်နှင့် မလေးရှားရင်းဂစ်များကို လဲလှယ်ခွင့်ပြုထားခဲ့ပြီး၂၀၁၂ ခုနှစ်က ရေးဆွဲထားသည့် လက်ရှိ နိုင်ငံခြားငွေစီမံခန့်ခွဲမှု ဥပဒေတွင် အားနည်းချက်အချို့ ရှိနေပြီး အဆိုပါအချက်များကို လွှတ်တေ်ာ နှင့် တိုင်ပင်ကာ ပြင်ဆင်နေပြီဖြစ်ကြောင်း ၎င်းကဆက်လက်ပြောခဲ့ပါတယ်။“ဥပဒေပိုင်းအရ ကျွန်တော်တို့အနေနဲ့ ခိုင်မာအောင်ပထမဆုံး ပြင်စရာရှိတာပြင်လိုက်မှာပေ့ါ ။ ဒါကတော့လည်း မြန်မြန်ဆန်ဆန် ပြင်ဆင် နိုင်အောင် တချို့ဟာတွေ ဆွေးနွေးထားတာတွေရှိပါတယ်။ ကြိုတင်ဆွေးနွေးထားတာတွေရှိပါတယ်” ဟု အစည်းအဝေးတွင်း ဖြေကြားမှု အပြီးတွင်မီဒီယာများ၏ မေးမြန်းမှုကို ဦးဘိုဘိုငယ်က ပြန်လည်ဖြေဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ(၆၃)ပါ ပြဋ္ဌာန်းချက်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ(၈)ပါ ပြဋ္ဌာန်းချက်ရ လည်းကောင်း နိုင်ငံခြားငွေဖြင့် ပေးချေခြင်း၊ လွှဲပြောင်းခြင်းများကို သာမန်အားဖြင့် ဆောင်ရွက်ခွင့်မရှိပေမယ့် မဖြစ်မနေ နိုင်ငံခြားငွေဖြင့် ပေးချေခြင်း၊ လွှဲပြောင်းခြင်းများကိုဆောင်ရွက်ရာတွင် ဗဟိုဘဏ်၏ ခွင့်ပြုချက် တောင်းခံရမည်ဖြစ်ကြောင်းသိရပါတယ်။ငွေလဲနှုန်းအတက်အကျများကြောင့် အချို့သော လုပ်ငန်းများသည်နိုင်ငံခြားငွေဖြင့် ပုံသေဈေးနှုန်းသတ်မှတ်ထားပြီး မြန်မာငွေဖြင့် လက်ခံသော်လည်း တွက်ချက်ရယူသည့်ငွေလဲနှုန်းသည် ပြင်ပပေါက်ဈေးထက် မြင့်နေသည့်အတွက် သုံးစွဲသူများအနေဖြင့် နိုင်ငံခြားငွေ(အမေရိကန်) ဒေါ်လာကိုသာ ပေးချေသုံးစွဲမှုများလည်းရှိနေကြောင်း အစည်းအဝေးတွင်း ဦးဘိုဘိုငယ်က ထပ်မံပြောပြခဲ့ပါတယ်။

ငွေလဲနှုန်းပေါက်ဈေးထက် ပိုမိုတောင်းခံသည့် လုပ်ငန်းအချို့ကို တိုင်းဒေသကြီး ၊ ပြည်နယ်အစိုးရများနှင့် ပူးပေါင်းကာ ဆောင်ရွက်မှ အဆင်ပြေမည်ဖြစ်ပြီး ၊ ကျပ်ငွေဖြင့်သာ သုံးစွဲရန်ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်း မရှိသည့်သူများကို မည်သို့ အရေးယူဆောင်ရွက်မည်၊ မည်သည့်ကာလအတွင်း စတင်မည်တို့ကို ပြည်သူလူထုထံသို့ အသိပေးကာ ပညာပေးကာလတစ်ခုအဖြစ် သတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

 

Banking & Loan Read 489 times