ပွဲဆူတဲ့ MTSH ၏ ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး


01 October, 2018

သီလဝါအထူးစီးပွားရေးဇုန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ အလုံးအရင်းဖြင့် ဝင်ရောက်လာမည့် အချိန်အတွက် ကြိုတင်မျှော်မှန်း၍ သီလဝါအထူးစီးပွားရေးဇုန် ဇုန်-ဘီ ၏ Phase - 3 ကိုဖော်ထုတ်ရန် စီမံချက်များ စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း စက်တင်ဘာ ၂၉ ရက်က ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Event Park ၌ ကျောင်းပသည့် Myanmar Thilawa SEZ Holdings Public Limited (MTSH) ၏ ပဉ္စမအကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် MTSH ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

ဥက္ကဋ္ဌအမှာစကားပြောကြား

****************

"Zone A က ၉၇ ရာခိုင်နှုန်းတောင် ပြည့်မီသွားပြီဆိုတော့ စောင့်နေကြတဲ့ ရင်းနှီးမြှုပ်နှံချင်ကြတဲ့ အခြားအခြားသော စက်ရုံတွေလာနိုင်ဖို့အတွက် Zone B ကို ကျွန်တော်တို့ ဆက်လက်အကောင်အထည်ဖော်ပါတယ်။ Zone B အတွက် ဟက်တာ ၇၀ဝ ငှားထားပါတယ်။ အဲဒီဟ က်တာ ၇ဝဝ ထဲက ဇုန်ဘီရဲ့ First Phase ဆောင်ရွက်နေပါပြီ။ Second Phase ဆက်လက်ဆောင်ရွက်နေပါတယ်။ Third Phase ကိုလည်း ဆက်လက် ဆောင်ရွက်နေပါပြီ” ဟု MTSH ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

ယခုနှစ်အတွင်း သီလဝါအထူးစီးပွားရေးဇုန်တွင် ခြောက်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသူ ၁၂ ဦး၊ ဒေါ်လာသန်း ၁၄ဝ ဖိုး ထပ်မံရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်နိုင်ခဲ့ကြောင်း၊ သို့ဖြစ်ရာ ယခင်က ရင်းနှီးမြှုပ်နှံသူ ၈၂ ဦးမှ ဒေါ်လာ သန်း ၁၀၅ဝ ရှိခဲ့ရာမှ လက်ရှိတွင် ရင်းနှီးမြှုပ်နှံသူ ၉၄ ဦးနှင့် ဒေါ်လာသန်း ၁၁၉ဝ အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

ထို့ပြင် သီလဝါအထူးစီးပွားရေးဇုန် Zone A တွင် စုစုပေါင်း စက်ရုံမြေကွက်များ၏ ၉၇ ရာခိုင်နှုန်းနှင့် Zone B, First Phase တွင် ၆၁ ရာခိုင်နှုန်းကို ရောင်းချထားနိုင်ခဲ့ပြီ ဖြစ်ကြောင်း Myanmar Thilawa SEZ Holdings Public Limited (MTSH) ၏ ၂၀၁၇-၂၀၁၈ နှစ်ပတ်လည် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်အတွင်းရှိ သီလဝါဒေသတွင် မြန်မာဂျပန် နှစ်နိုင်ငံအစိုးရ ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာအရ တည်ဆောက် အကောင်အထည်ဖော်သည့် သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းကို မြန်မာ-ဂျပန် ကုမ္ပဏီများဖြင့် ဖက်စက်ကုမ္ပဏီထူထောင်၍ ပူးပေါင်းလုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

အများပိုင်ကုမ္ပဏီကိုးခုက ဦးဆောင်၍ Myanmar Thilawa SEZ Holdings Public Limited (MTSH) ကို စတင်တည်ထောင်ခဲ့ပြီး Myanmar Thilawa SEZ Holdings Public Limited (MTSH) ကို မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေနှင့်အညီ အများနှင့်သက်ဆိုင်သော ကုမ္ပဏီအဖြစ် ဖွဲ့စည်းတည်ထောင်ခဲ့ကြောင်း သိရသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်သည် MTSH ၏ လုပ်ငန်းများသည် အခြားလုပ်ငန်းများနည်းတူ စိန်ခေါ်မှုများကို ရင်ဆိုင်ခဲ့ရသော နှစ်တစ်နှစ်ဖြစ်ကြောင်း၊ မြန်မာစီးပွားရေးတိုးတက်မှုသည် ကမ္ဘာတွင် စီးပွားရေးတိုးတက်မှု အလျင်မြန်ဆုံး ဖြစ်နိုင်သည့် အနေအထားတွင် ရှိနေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သော်လည်း မျှော်မှန်းထားသလောက် တိုးတက်မှုမရှိခဲ့ကြောင်း ဦးဝင်းအောင်က ဆိုသည်။

“သီလဝါ အထူးစီးပွားရေးဇုန်မှာ လာရောက်ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ယခင်နှစ်ကလောက် မများသော်လည်း ရင်းနှီးမြှုပ်နှံမှုများ ဆက်လက် ဝင်ရောက်လာနေဆဲ ဖြစ်ပါတယ်။ သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်းကြီးအနေနဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေး အနာဂတ်မှာ ပြန်လည်ဦး မော့လာနိုင်တဲ့ အလားအလာ ကောင်းများနဲ့အတူ ယှဉ်ပြိုင်နိုင်စွမ်း ရှိနေတယ်လို့ ယုံကြည်ထားပါတယ်” ဟု MTSH ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောကြားသည်။

အမြတ်ဝေစုခွဲဝေပေးခြင်း/ထုတ်ယူခြင်း
************************
မြန်မာသီလဝါအက်စ်အီးဇက်ဟိုးလ်ဒင်း(စ်)ပက်ဘလစ်လိမိတက်မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အထိ အမြတ်ဝေစုခွဲဝေပေးမှု စုစုပေါင်း သုံးကြိမ်ရှိခဲ့ပြီးဖြစ်ပါသည်။ အဆိုပါသုံးကြိမ်အတွက် အမြတ်ဝေစုထုတ်ယူရန်ကျန်နေသေးသောရှယ်ယာရှင်များအနေဖြင့် (01) - 2301772, 2301773, 2301853 တို့သို့ တနင်္လာနေ့မှသောကြာနေ့အထိ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ယခုနှစ် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ရရှိမည့်အမြတ်ဝေစုပမာဏမှာ အစုရှယ်ယာတစ်စုလျှင် အမြတ်ဝေစု ၂၃၀ ကျပ် ဖြစ်ပြီး ခွဲဝေပေးမည့်ရက်(အမြတ်ဝေစုထုတ်ယူနိုင်မည့်ရက်) ကို နှစ်ပတ်လည်အစည်းအဝေးတွင်သတ်မှတ်အတည်ပြုကာ သတင်းစာများမှတစ်ဆင့် အများပြည်သူကိုပြန်လည်ကြေညာပေးသွားမည်ဖြစ်ပါသည်။ လက်ရှိအချိန်တွင်ထုတ်ယူ၍မရသေးပါ။

Security Account မဖွင့်ရသေးသောရှယ်ယာရှင်များ၊ (၁၇.၈.၂၀၁၈) record date ထက်နောက်ကျပြီးမှ Security Account ဖွင့်သောရှယ်ယာရှင်များသည် အမြတ်ဝေစုကို MTSH မှသတ်မှတ်ထားသောဘဏ်များတွင် ငွေသားထုတ်ယူရမည်ဖြစ်ပြီး record date အမှီ Security Account ဖွင့်သူများသာ သက်ဆိုင်ရာ Security account များထဲသို့ အမြတ်ငွေတိုက်ရိုက်ဝင်သွားမည်ဖြစ်ပါသည်။

အငြင်းပွားမှု ဖြစ်ပွား
************
သီလဝါအထူးစီးပွားရေး ဇုန်အများပိုင်ကုမ္ပဏီ (MTSH) ၏ ယမန်နေ့က ကျင်းပသည့် နှစ်ပတ်လည်အစည်းအဝေးတွင် အငြင်းပွားမှုအချို့ဖြစ်ခဲ့သည်။

ရန်ကုန်မြို့ Myanmar Event Park (MEP) တွင် ကျင်းပသည့် အစည်းအဝေး၌ အစုရှယ်ယာရှင်အချို့၏ မေးခွန်းများကို ကုမ္ပဏီဥက္ကဋ္ဌက အပြည့်အစုံ မဖြေဆိုခြင်းနှင့် မေးခွန်းအချို့ ချန်လှပ်ထားပြီးအခမ်းအနား ရုတ်တရက်ရပ်နားသည်ဆိုကာ အငြင်းပွားမှုအချို့ ဖြစ်ခဲ့သည်။

အစည်းအဝေးရပ်နားခြင်းကို ရှယ်ယာရှင်အချို့နှင့် ဒါရိုက်တာအဖွဲ့ဝင်အချို့က ကန့်ကွက်သဖြင့် ချေးငွေသက်သေခံလက် မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၏ညွှန်ကြားချက်ဖြင့် နံနက် ၁၀ နာရီက စတင်ကျင်းပသောအစည်းအဝေးကိုမွန်းလွဲ ၂ နာရီတွင် ရပ်နားခဲ့သည်။

‘‘ဖြေဆိုဖို့အချိန်အကန့်အသတ်ရှိပါတယ်။ လူတစ်ဦးတစ်ယောက်ရဲ့ကိစ္စရပ်ကို လူအများအားလုံးအနှောင့်အယှက်ဖြစ်စေတဲ့ကိစ္စမျိုးကို မပြုလုပ်သင့်ဘူးဆိုတာ လူလောကရဲ့ကျင့်ဝတ်တစ်ခုပါ။ အားလုံးက ဖြေရှင်းနိုင်ပါတယ်’’ ဟု MTSH ကုမ္ပဏီဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောသည်။

မေးခွန်းများတွင် ၂၀၁၇ ၌ ကုမ္ပဏီ၏ဘဏ္ဍာရေးနှင့် ငွေစာရင်းအချက်အလက်များ သိမ်းဆည်းထားသည့် ကွန်ပျူတာ CPU အခိုးခံရမှုကို ဖြေရှင်းထားမှုနှင့် ပတ်သက်သောမေးခွန်း၊ ကုမ္ပဏီသည် အများပိုင်ကုမ္ပဏီထက် မိသားစုကုမ္ပဏီပုံစံဖြစ်နေပြီးဥက္ကဋ္ဌ၏သားကို ရာထူးကြီးကြီးပေးထားသည်ဆိုသော မေးခွန်းနှင့် MTSH ကုမ္ပဏီ၏လက်အောက်ခံကုမ္ပဏီတွင် နစ်နာမှုများရှိသည်ဟု ပရောဂျက်ဌာနမှ အင်ဂျင်နီယာ၏ တိုင်ကြားထားသည့်အချက် ၁၉ ချက်တို့အကြောင်း မေးမြန်းမှုများကို အပြည့်အစုံဖြေကြားခြင်းမရှိဘဲ အစည်းအဝေးကို ပိတ်သိမ်းရန် စီစဉ်ခဲ့ကြောင်း အစည်းအဝေးတက်ရောက်ခဲ့သူအချို့က ပြောသည်။ အချို့မေးခွန်းများကိုလည်းဥက္ကဋ္ဌက ဖြေဆိုရန်ငြင်းဆန်ခဲ့သည်ဟု ဆိုသည်။

‘‘နှစ်ပတ်လည်အစည်းအဝေးက တစ်နှစ်မှတစ်ခါရှယ်ယာရှင်တွေ လုပ်တဲ့ကိစ္စပါ။ ရှယ်ယာရှင်တွေမေးတာကို အလေးမထား ဘဲ ပိတ်လို့မရပါဘူး’’ ဟု MTSH ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင် ဦးသိန်းဟန်က ကန့်ကွက်ခဲ့သည်။

ရှယ်ယာအစု ၅၀၀ ပိုင်သည့် ဦးကျော်စိုးဟန်ကလည်း ရှယ်ယာရှင်များသည် တစ်နှစ်လျှင် တစ်ကြိမ်သာတွေ့ဆုံရပြီး ရှယ်ယာ ရှင်များ၏မေးခွန်းကို အလေးထားဖြေရှင်းသင့်သည်ဟုဆိုသည်။

ထို့ကြောင့် ကုမ္ပဏီဥက္ကဋ္ဌဦးဝင်းအောင်က အစည်းအဝေးကို ရပ်နားခွင့်ရှိ၊ မရှိကော်မရှင်ထံ ဆုံးဖြတ်ခိုင်းရာတွင် ကော်မရှင် အဖွဲ့ဝင်ဦးဌေးချွန်က ‘‘အခုဖြေလို့ ရတာဖြေကြားပေးပါ။ အစည်းအဝေးကို ၂၄ နာရီလုပ်ရရင်လည်း သဘာဝမကျပါဘူး။ ဒါကြောင့် BOD ကကျေနပ်အောင်သီးသန့် တွေ့ဆုံပြီး ဖြေရှင်းပေးရမယ်’’ဟုဆုံးဖြတ်ပေးခဲ့သည်။

‘‘တချို့မေးခွန်းက ကုမ္ပဏီကို အကျိုးမရှိဘဲ ကုမ္ပဏီကို ထိခိုက်စေလို့ နည်းနည်းထိန်းသိမ်းတဲ့သဘောပါ။ လုံးဝမဖြေတာ တော့မဟုတ်ပါဘူး’’ ဟု ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်ဒေါက်တာ ဉာဏ်သစ်လှိုင်က ပြောသည်။

MTSH သည် သီလဝါအထူး စီးပွားရေးဇုန် အကောင်အထည်ဖော်ရန် အများပိုင်ကုမ္ပဏီကိုးခုဖြင့် တည်ထောင်ခဲ့ပြီး ရှယ်ယာ ၄၁ ရာခိုင်နှုန်းပိုင်ဆိုင်သည်။

၂၀၁၄ တွင် ရှယ်ယာ ၂ ဒသမ ၁ သန်းကို တစ်စုလျှင်ကျပ် ၁၀,၀၀၀ ဖြင့် ထုတ်ရောင်းခဲ့ပြီး ၂၀၁၆ မေလတွင်ရန်ကုန် စတော့ အိတ်ချိန်း၌ စာရင်းဝင်ကုမ္ပဏီ ဖြစ်လာသည်။

ယခုအစည်းအဝေးသည် ငါးကြိမ်မြောက် အထွေထွေအစည်းအဝေးဖြစ်ပြီး ရှယ်ယာတစ်ခုကိုအမြတ်ဝေစု ၂၃၀ ကျပ်ပေးခဲ့သည်။

 

Events & Exhibition Investment/Divestment Read 538 times