အသေးစားနှင့်အလတ်စား လုပ်ငန်းရှင်များအတွက် ဈေးကွက်ချဲ့ထွင်နိုင်မည့် အခွင့်အလမ်း


22 February, 2019

ပြည်တွင်းရှိ အသေးစားနှင့်အလတ်စား လုပ်ငန်းရှင်များအတွက် ထုတ်ကုန်ပစ္စည်းများကို ဈေးကွက်ချဲ့ထွင်နိုင်မည့် အခွင့်အလမ်းတစ်ခုရှိပါတယ်။ အောက်ဖော်ပြပါအချက်များဖြင့် ပြည့်စုံပါက CITY MART , Gandamar Wholesale , ABC Retailer Chains များတွင် မိမိတို့၏ထုတ်ကုန်ပစ္စည်းများကို ပြသရောင်းချနိုင်ပါတယ်။

ကုန်ပစ္စည်းအတွက် အာမခံချက်တွေထဲမှာ အောက်ပါအချက်များ ပါဝင်ရပါမည်။
(၁) Company (သို့မဟုတ်) လုပ်ငန်းလိုင်စင် ရှိရပါမည်။
(၂) ကုန်ပစ္စည်းအရည်အသွေး၊ ပါကင်ထုပ်ပိုးမှု၊ ပါဝင်ပစ္စည်း၊ ပါဝင်အရေအတွက်၊ ပစ္စည်း၏ Barcode စသည်အချက်များအား တိကျစွာ တသမတ်တည်း သတ်မှတ်ရပါမည်။
(၃) စားသောက်ကုန်၊ ဆေးဝါးပစ္စည်း၊ အလှကုန်ပစ္စည်းများဖြစ်လျှင် အစားအသောက်ဆေးဝါး ဦးစီးဌာနမှ ထုတ်ပေးထားသော FDA ထောက်ခံချက် (သို့) အလားတူထောက်ခံချက် တစ်ခုခု ပါဝင်ရပါမည်။
(၄) ကုန်ပစ္စည်း၏ သတ်မှတ်သက်တမ်းအတွင်း အရည်အသွေးကောင်းမွန်မှုရှိရန်၊ ကုန်ပစ္စည်းတွင် ဖော်ပြထားသော စံချိန်စံညွှန်းတို့နှင့် ကိုက်ညီမှုရှိရန် အာမခံတာဝန်ယူနိုင်ရပါမည်။


ကုန်ပစ္စည်းတစ်ခုတွင် ဖော်ပြရန်လိုအပ်သော အချက် ၁၂ ချက်ရှိပါတယ်။ ၎င်းအချက်များကို အောက်တွင်ဖော်ပြထားပါတယ်။
(၁) ကုန်ပစ္စည်းတစ်ခုချင်းစီအတွက် GS1 Standard နှင့်ညီသော Barcode ပါရှိရပါမည်။
(၂) ကုန်ပစ္စည်းတစ်ခုချင်းစီအတွက် ထုတ်ကုန်အမည် ၊ ကုန်သွယ်မှုအမှတ်အသား ၊ သက်ဆိုင်ရာ တံဆိပ်ဥပဒေအရ တရားဝင်မှုအထောက်အထား  ပါရှိရပါမည်။ တံဆိပ် နှစ်ထပ်ကပ်ထားခြင်း မပြုရပါ။
(၃) ကုန်ပစ္စည်း၌ ထုတ်လုပ်သူလိပ်စာနှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်ကို တိကျစွာ ဖော်ပြပေးရပါမည်။
(၄) ကုန်ပစ္စည်းအား ကိုယ်တိုင်ဖြန့်ဖြူးရောင်းချခြင်းမပြုလုပ်ဘဲ အခြားသူအား တစ်ဆင့်ပြန်လည် ရောင်းချခိုင်းပါက ကုန်ပစ္စည်း၌ (Distributed By) ကိုယ်စားလှယ်ရောင်းချခိုင်းသူအား ဖော်ပြပေးရပါမည်။
(၅) ကုန်ပစ္စည်းအား ထုတ်လုပ်သည့်နေ့ နှင့် ကုန်ပစ္စည်းအား ထုပ်ပိုးသည့်နေ့  ၊ ကုန်ပစ္စည်းထုတ်လုပ်သည့်နံပါတ် ၊ ထုပ်ပိုးမှုအရွယ်အစား ၊ သက်တမ်းကုန်ဆုံးသည့်ရက် တို့ကို ဖော်ပြပေးရပါမည်။
(၆) FDA ထောက်ခံချက်ရှိပါက ကုန်ပစ္စည်းတွင် ထိုနံပါတ်အား ပူးတွဲဖော်ပြပေးပါရန် ။
(၇) FDA ထောက်ခံချက် မရှိခဲ့ပါက UMFCCI မှ စစ်ဆေးထားသည့်  ကုန်ပစ္စည်းတစ်ခု၏ ပါဝင်ပစ္စည်းနှင့် အဟာရဓာတ်ဆိုင်ရာ အချက်အလက်များ (Ingredient and Nutritional Information) ကို ဖော်ပြပေးရပါမည်။
(၈) ကုန်ပစ္စည်း၌ ပါဝင်သည့် စုစုပေါင်းအသားတင်အလေးချိန် ကို ဖော်ပြပေးရပါမည်။
(၉) ကုန်ပစ္စည်းအား မည်ကဲ့သို့စားသုံးရန်၊ ပြင်ဆင်ချက်ပြုတ်ရန်နှင့် အသုံးပြုရန် အညွှန်းများ ထည့်သွင်းဖော်ပြရမည်။
(၁၀) ကုန်ပစ္စည်းများအတွင်း၌ ဓာတုဆိုးဆေး၊ အရောင်၊ အချိုမှုန့်ထည့်ထားပါက ပူးတွဲဖော်ပြပေးရပါမည်။
(၁၁) ပါဝင်ပစ္စည်းများ၏ ဘေးထွက်ဆိုးကျိုး (Side Effects) ၊ ဆိုးဝါးစေတတ်သော အကျိုးဆက်များ  (Adverse Reactions ) , ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ လူနာများသုံးစွဲရန် မသင့်ပါက သီးသန့်ဖော်ပြပေးရန် လိုပါသည်။
(၁၂) အအေးခန်းတွင် ထည့်သွင်းသိမ်းဆည်းရမည့်ပစ္စည်းဖြစ်ပါက မည်သည့်နေရာတွင် သိမ်းရမည် ( ဥပမာ- အေးခဲသည့်နေရာတွင် သိမ်းရန်) ကို သီးသန့်ဖော်ပြရန် လိုပါသည်။ ထိုပစ္စည်းကို ဖွင့်ပြီးပါက မည်သည့်ရက်အတွင်း ကုန်အောင်စားသုံးရန်ကိုလည်း ဖော်ပြပေးရပါမည်။

အသေးစားနှင့်အလတ်စား လုပ်ငန်းရှင်တွေအနေနဲ့ မိမိကုန်ပစ္စည်းက အပေါ်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေနဲ့ ကိုက်ညီတယ်ဆိုရင် အောက်ပါလိပ်စာကို ဆက်သွယ်နိုင်ပါတယ်။

အခန်း(၇၀၂)၊ ၇-လွှာ၊
ကုန်သည်စက်မှုအသင်းချုပ်၊
မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
၀၉-၄၅၇၆၉၄၂၄၆ ၊ ၀၉-၄၅၇၆၉၄၂၄၇
အလုပ်အမှုဆောင်အဖွဲ့
မြန်မာနိုင်ငံလက်လီရောင်းချသူများအသင်း
[email protected]

SME Development Department , Ministry of Industry, Myanmar
 

Local News Tips Read 1750 times