အသေးစား၊အလတ်စား ခရီးသွားလုပ်ငန်း (MSME) များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ ဘဏ်များနဲ့ ချိတ်ဆက်ပြီး ချေးငွေတွေ ထုတ်ပေးလျက်ရှိကာငွေကျပ် သန်းပေါင်း ၅၀၀ ကျော်အထိ ထုတ်ချေးပြီးဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းရဲ့ တွဲဖက်အတွင်းရေးမှူး (၅)၊ MSMEs development subcommittee ဥက္ကဋ္ဌ ဦးဖြိုးဇော်ဝင်းက ဆိုပါတယ်။
MSMEs development subcommittee အနေနဲ့ ရိုးမဘဏ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်တို့နဲ့ ချိတ်ဆက်ထားပြီး ချေးငွေတွေ ထုတ်ချေးပေးနေတာဖြစ်ပါတယ်။ ချေးငွေတွေကို Smart credit plu ဖြင့် အပေါင်မလိုဘဲ ထုတ်ချေးပေးနေပါတယ်။
အဆိုပါ ချေးငွေရရှိဖို့ ပြီးခဲ့တဲ့ နှစ်နှစ်ကျော်က စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး လက်ရှိတွင် ရိုးမဘဏ်မှ ကြိုတင်ခွင့်ပြုထားတဲ့ ချေးငွေ ငွေကျပ် သန်းပေါင်း ၄၀၀ မှ ၂၀၀ ရရှိထားကာ MAB ဘဏ်မှ ငွေကျပ် သန်းပေါင်း ၃၈၀ ခန့်ရှိ Credit Card ထုတ်ပေးပြီးဖြစ်ကြောင်း သိရပါတယ်။
ဒါ့ပြင် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်နဲ့လည်း ချေးငွေရရှိရန် ဆွေးနွေးပြီးဖြစ်ပါတယ်။ ငွေချေးလိုသူတွေဟာ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များ အသင်းဝင်ဖြစ်ရန်လိုအပ်ပြီး MSME တွင် စာရင်းသွင်းပြီးမှ ငွေချေးမှုတွေ လုပ်ပေးတာဖြစ်ပါတယ်။
ချေးယူနိုင်တဲ့ ချေးငွေပမာဏမှာ လုပ်ငန်းအမျိုးအစားပေါ် မူတည်ပြီး ငွေကျပ် ၁၀ သိန်းမှ သိန်း ၅၀၀၀ အထိ ရရှိနိုင်မှာဖြစ်ပါတယ်။ အတိုးနှုန်းကတော့ အပေါင်မဲ့ ၉ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းနဲ့ အပေါင်ပစ္စည်းထားရှိပါက ၈.၅ ရာခိုင်နှုန်းအထိရှိကာ ပြန်လည်ပေးဆပ်ရမယ့် အချိန်ကာလကတော့ သုံးလမှ အဆင့်ဆင့်အားဖြင့် သုံးနှစ်အထိ ကြာမြင့်ကြောင်း သိရပါတယ်။
ဦးဖြိုးဇော်ဝင်းက " လက်ရှိမှာ အစိုးရအနေနဲ့လည်း ခရီးသွားလုပ်ငန်းကို တိုးတက်အောင်လုပ်ဆောင်ပေးနေတာတွေရှိလာတယ်။ နိုင်ငံခြားခရီးသွားတွေ ပိုမိုဝင်ရောက်လာအောင် အစိုးရနဲ့ ခရီးသွား အသင်းအဖွဲ့တွေ ပူးပေါင်းပြီး အခက်အခဲတွေကိုဖြေရှင်းမယ်ဆိုရင် ပြောင်းလဲမှုတွေရှိလာနိုင်မှာဖြစ်တယ်" လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရှိ Tour operator (၉၀) ရာခိုင်နှုန်းဟာ MSM တွေဖြစ်တဲ့အတွက် MSME ကို ထောက်ပံ့မှုတွလုပ်ဆောင်ပေးတာက ခရီးသွားလုပ်ငန်းကဏ္ဍကို တိုးတက်လာစေနိုင်ပါတယ်လို့လည်း ပြောပါတယ်။
Myawady