ထိုင်းက MoU နဲ့ အလုပ်သမား ၄ သိန်းကျော် ခေါ်ယူမည်


22 August, 2021

ထိုင်းနိုင်ငံက memorandum of understanding (MoU) စနစ်နဲ့ ရွှေ့ပြောင်းအလုပ်သမား ၄ သိန်းကျော်ကို ပြန်ခေါ်ဖို့ ထိုင်းဝန်ကြီးချုပ်နဲ့ ဒုဝန်ကြီးချုပ်တို့က အလုပ်သမားဝန်ကြီးဌာနနဲ့ တိုင်ပင်ဆုံးဖြတ်ခဲ့ပါပြီ။

အဲဒီ ပြန်ခေါ်မယ့် အလုပ်သမား ၄ သိန်းကျော်မှာ မြန်မာအလုပ်သမား ၂ သိန်းခွဲကျော်ကို MOU စံနစ်နဲ့ အလုပ်ခန့်သွားမှာဖြစ်ပါတယ်။

ထိုင်းအစိုးရက သူ့နိုင်ငံအတွင်းမှာ ကိုဗစ်ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းနေတာတွေကို နလံထူနိုင်ဖို့ လုပ်ငန်းအသစ်တွေ ဖန်တီးပေးမှာ ဖြစ်ပြီး လုပ်သားလိုအပ်ချက်ရှိတာကြောင့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို ၃ နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို နှစ်နိုင်ငံ သဘောတူ စာချုပ် MOU နဲ့ ခေါ်ယူငှားရမ်းသွားမယ့်အကြောင်း ပြောပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ထိုင်းတောင်ပိုင်းအခြေစိုက်၊ ပညာရေးနဲ့ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားရေးရာတာဝန်ခံ ဦးမင်းဦးက အခုလို ပြောပါတယ်။

“ထိုင်းနိုင်ငံမှာ ကိုဗစ်ကိစ္စတွေဖြစ်တော့ စီးပွါးရေးအကြပ်အတည်းဖြစ်တာကိုး။ လုပ်ငန်းတွေမလည်ပတ်နိုင်တော့ အလုပ်ပြုတ်တာတွေ ဖြစ်တယ်။ လုပ်ငန်းတွေလည်ပတ်ဖို့က ရွှေ့ပြောင်းအလုပ်သမားတွေ မဖြစ်မနေ မရှိမဖြစ် လိုအပ်တာကိုး။ ဒါကို သုတေသနလုပ်ပြီးမှ လိုအပ်တဲ့လူဦးရေပြန်ခေါ်မယ်ပေါ့။ MOU စနစ်နဲ့ ၄၂၄,၀၀၀ ပြန်ခေါ်မှာပေါ့။ မြန်မာကအများဆုံးပဲ။ ကိုတာရတာကတော့ ၂ သိန်းခွဲကျော်ရတယ်။ ကမ္ဘောဒီးယားက တသိန်းကျော်။ လာအိုက ၃၈,၀၀၀ ကျော်ပေါ့။ ပြန်ခေါ်မှာပေါ့၊ MOU နဲ့ပြန်ခေါ်မှာပေါ့။”

အလုပ်အကိုင်ခန့်ထားရေးကိစ္စတွေအဆင်ပြေစေဖို့ တရားမဝင် အလုပ်လုပ်နေကြတဲ့သူတွေ အဆင်ပြေစေဖို့ အလုပ်သမားတွေ မှတ်ပုံတင်ရေးအတွက် လက်ရှိ အလုပ်သမားဝန်ကြီးဌာနရဲ့ပြဌာန်းချက်တွေကို ပြန်လည် သုံးသပ်ပြင်ဆင်ပြီးသွားပြီဖြစ်ကြောင်းလည်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ထိုင်းနိုင်ငံထဲမှာ တရားဝင်အထောက်အထားမရှိသူတွေ၊ အထောက်အထားရှိပေမယ့် သက်တမ်းကုန်နေတာကို ဆက်မတိုးနိုင်ဘဲ ဖြစ်နေ သူတွေအတွက် ဒီအစီအစဉ်အရ အလုပ်အကိုင်ရဖို့ အဆင်ပြေနိုင်လိမ့်မယ်လို့လည်း ဦးမင်းဦးက ပြောပါတယ်။

“မြန်မာက နှစ်မျိုးရှိမှာပေါ့။ လုံးဝ အထောက်အထားမရှိသူတွေ၊ အထောက်အထားရှိပြီး သက်တမ်းကုန်နေသူတွေ။ သက်တမ်းသေနေတဲ့ သူတွေအတွက်က အဆင်ပြေဖို့များမယ်။ အဲဒီလူတွေကို ထုတ်ပြန်ချက်ကိုစောင့်ပါလို့ ပြောထားတယ်။”

memorandum of understanding (MoU) နဲ့ခေါ်မယ့် အလုပ်သမားတွေအတွက် အလုပ်အကိုင် အမျိုးအစားတွေကိုလည်း ဖော်ပြထားကြောင်း ဦးမင်းဦးက ဆက်ပြောပြပါတယ်။

“လောလောဆယ် သူတို့ပြောထားတဲ့အထဲ အဓိက ဆောက်လုပ်ရေး၊ မွေးမြူရေး၊ စိုက်ပျိုးရေးတွေမှာခေါ်မယ်။ ပြီးတော့ ဝန်ဆောင်မှုပိုင်းနဲ့ဆိုင်တဲ့လုပ်ငန်းတွေပေါ့နော်။”

ထိုင်းနိုင်ငံထဲမှာ ရွှေ့ပြောင်းအလုပ်သမား ၃ သန်းထက်မနည်း ရှိပြီး အထောက်အထားမရှိသူတွေလည်း အများအပြားရှိနေပါတယ်။ ကိုဗစ် အရေးပေါ်ကာလအတွင်းမှာပဲတနှစ်အတွင်း ထိုင်းနိုင်ငံထဲကို ခိုးဝင်သူ ၄၀,၀၀၀ ကျော်လောက်ရှိကြောင်း ကိုဗစ် ကပ်ရောဂါ ထိန်းချုပ်ရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။ အဲဒီထဲမှာ နယ်စပ်တွေမှာ ဖမ်းမိသူက ၃၀,၀၀၀ ကျော်ရှိပြီး အများစုက မြန်မာနိုင်ငံက အလုပ်အကိုင်ရှာဖွေဖို့ ထွက်လာကြသူတွေ ဖြစ်ကြပါတယ်။

VOA

Local News Read 216 times