၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကိုးလအတွင်း မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံးတင်သွင်းထားသည့် ၁၀ နိုင်ငံ


11 September, 2021

၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ် ကိုးလအတွင်း မြန်မာနိုင်ငံသို့ သွင်းကုန်အများဆုံး တင်သွင်းထားသည့် ၁၀ နိုင်ငံတွင် တရုတ်နိုင်ငံမှ ဒေါ်လာ ၃၆၅၀ သန်းကျော်၊ စင်ကာပူမှ ဒေါ်လာသန်း ၂၁၀၀ ကျော်နှင့် ထိုင်းနိုင်ငံမှ ဒေါ်လာ ၁၃၉၉ သန်းကျော်ဖြင့် အစဉ်လိုက်ရပ်တည်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အောက်တိုဘာမှ ဇွန်လအထိ ကိုးလအတွင်း မြန်မာနိုင်ငံသို့ သွင်းကုန် အများဆုံးတင်သွင်းထားသည့် နိုင်ငံများတွင် တရုတ်၊ စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ ဂျပန်နှင့် အမေရိကန်တို့ဖြစ်သည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဇွန်လအထိ ကိုးလအတွင်း မြန်မာနိုင်ငံသို့သွင်းကုန် အများဆုံးတင်သွင်းမှုအနေဖြင့် တရုတ်နိုင်ငံမှ ဒေါ်လာ ၃၆၅၀ ဒသမ ၈၅ သန်း၊ စင်ကာပူမှ ဒေါ်လာ ၂၁၄၁ ဒသမ ၄၁ သန်း၊ ထိုင်းနိုင်ငံမှ ဒေါ်လာ ၁၃၉၉ ဒသမ ၁၂ သန်း၊ အင်ဒိုနီးရှားနိုင်ငံမှ ၈၄၄ ဒသမ ၈၂ သန်း၊ မလေးရှားနိုင်ငံမှ ဒေါ်လာ ၆၁၄ ဒသမ၂၄ သန်း၊ အိန္ဒိယနိုင်ငံမှ ဒေါ်လာ ၄၃၆ ဒသမ ၀၄ သန်း၊ တောင်ကိုရီးယားနိုင်ငံမှ ဒေါ်လာ ၂၉၉ ဒသမ ၀၇ သန်း၊ ဗီယက်နမ်နိုင်ငံမှ ဒေါ်လာ ၂၇၂ ဒသမ ၇၅ သန်း၊ ဂျပန်နိုင်ငံမှဒေါ်လာ ၂၇၁ ဒသမ ၇၀ သန်းနှင့် အမေရိကန်မှ ဒေါ်လာ ၁၈၀ ဒသမ ၅၄ သန်းတင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာမှ စက်တင်ဘာလအထိ မြန်မာ- တရုတ် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၂၁၂၆ ဒသမ ၂၇၈ သန်းရှိပြီး မြန်မာဘက်မှ ပို့ကုန်တင်ပို့မှု တန်ဖိုးဒေါ်လာ ၅၄၀၁ ဒသမ ၉၄၃ သန်းရှိပြီး တရုတ်ဘက်မှ သွင်းကုန်တင်သွင်းမှုတန်ဖိုး ဒေါ်လာ ၆၇၂၄ ဒသမ ၃၃၅ သန်းတင်သွင်းထားသည်။

မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့တွင် Business Center များ အပြန်အလှန်တည်ထောင်ဖွင့်လှစ်၍ ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြန်မာ - အိန္ဒိယနှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၃၀၀ သန်းကျော်ရှိပြီး ယခင်နှစ်ကာလတူထက် ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၁၃၀ ကျော်လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာဘက်မှ အိန္ဒိယနိုင်ငံသို့ ပို့ကုန်တန်ဖိုး ဒေါ်လာ ၆၁၆ ဒသမ ၄၆၄ သန်းအထိ တင်ပို့ထားပြီး အိန္ဒိယဘက်မှ သွင်းကုန်တန်ဖိုး ဒေါ်လာ ၆၉၆ ဒသမ ၉၃၇  သန်းအထိတင်သွင်းထားကာ စုစုပေါင်းကုန်သွယ်မှုပမာဏ ဒေါ်လာ ၁၃၁၃ ဒသမ ၄၀၁ သန်းရရှိထားသည်။


၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမခြောက်လပတ်အတွင်း မြန်မာနိုင်ငံ၏အဓိက ကုန်သွယ်ဖက်နိုင်ငံများအနေဖြင့် တရုတ်နှင့် ၃၃ ရာခိုင်နှုန်းကျော်၊ထိုင်းနှင့် ၁၃ ဒသမ ၆ ရာခိုင်နှုန်း၊ စင်ကာပူနိုင်ငံနှင့် ၉ ဒသမ ၇ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံနှင့် ၅ ဒသမ ၃ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံနှင့် လေးရာခိုင်နှုန်း၊ အခြားနိုင်ငံများနှင့် ၃၄ ဒသမ ၃ ရာခိုင်နှုန်းကုန်သွယ်နိုင်ခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အမျိုးသားစီမံကိန်း ပထမခြောက်လပတ် အစီရင်ခံစာနှင့်စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာအမှတ်စဉ် (၈/၂၀၂၀) အရ သိရသည်။

COVID-19 ကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း မြန်မာ-ထိုင်းနှစ်နိုင်ငံ ကုန်သွယ်မှုဒေါ်လာ သန်း ၅၁၀၀ ကျော်သာရှိပြီး ယခင်နှစ်ထက် ကုန်သွယ်မှုပမာဏ ဒေါ်လာသန်း ၃၅၀ ကျော်လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ စက်တင်ဘာလကုန်အထိ မြန်မာဘက်မှ ပို့ကုန်တင်ပို့မှု တန်ဖိုးဒေါ်လာ ၃၀၉၅ ဒသမ ၉၈၈ သန်းရှိသည်။ ထိုင်းဘက်ကမှ သွင်းကုန်တန်ဖိုးဒေါ်လာ ၂၀၁၃ ဒသမ ၄၈၆ သန်းဖြင့် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၅၁၀၉ ဒသမ ၄၇၉ သန်း ရရှိထားသည်။

 

Source: news-eleven.com

Export, Import Read 1470 times