မွန်ပြည်နယ်တွင် ရေကြီးသဖြင့် ကျပ်သိန်း ခြောက်ထောင်ကျော်ဆုံးရှုံး


21 June, 2018

မော်လမြိုင်မြို့အပါအဝင် မွန်ပြည်နယ် ခုနစ်မြို့နယ်တွင် ရေကြီးသဖြင့် ကျပ်သိန်း ခြောက်ထောင်ကျော်ဆုံးရှုံးပြီး လူခုနစ်ထောင်ကျော် ရေဘေး သင့်ခဲ့ကြောင်း ပြည်နယ်အစိုးရ အဖွဲ့ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောခဲ့ပါသည်။

ဇွန်လ ၁၇ ရက်က မိုးရေချိန် ၁၃ ဒသမ ၇ လက်မအထိ ရွာ သွန်းသဖြင့် မော်လမြိုင်ခရိုင်ရှိ မြို့နယ်ခြောက်ခုနှင့် သထုံ ခရိုင်ရှိ မြို့နယ်တစ်ခု ရေကြီးနစ်မြုပ်ခဲ့ရာ မော်လမြိုင်မြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၂၄ ခု ဖွင့် ထားပြီး လူငါးထောင့်ခြောက်ရာကျော်ကို ကယ်ဆယ်ထားကြောင်း သိရပါသည်။

မုဒုံမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း သုံးခုရှိပြီး လူ ၆၁၅ ဦး၊ သံဖြူဇရပ်မြို့နယ်တွင် ကယ်ဆယ်ရေးစခန်း မရှိသော်လည်း လူ ၂၄ ဦး၊ ကျိုက်မရောမြို့နယ်တွင် ကယ်ဆယ်ရေးစခန်းမရှိသော်လည်း လူ ၁၄၀၊ ရေးမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ငါးခုရှိ ပြီး လူ ၇၆၁ ဦး၊ ပေါင်မြို့နယ်တွင် ကယ်ဆယ်ရေးစခန်းလေးခု ရှိပြီး လူ ၂၆၀ ရေဘေးသင့် ကြောင်း အစိုးရက ထုတ်ပြန်ထားသည်။

မုဒုံ၊ ပေါင်၊ သံဖြူဇရပ်၊ ကျိုက်မရော မြို့နယ်တို့တွင် တဖြည်းဖြည်း ရေပြန်ကျ၍ မော် လမြိုင်မြို့နယ် မြေနိမ့်ပိုင်း၌ ရေ နှစ်ပေခန့်ရှိပြီး ရေးမြို့နယ်တွင် ပေ ၂၀ ခန့်ရေကြီးသည့်နေရာများ ၁၀ ပေခန့် ကျဆင်းခဲ့သဖြင့် စိုးရိမ်စရာမရှိတော့ကြောင်း ဦးမြင့်သန်းဝင်းကဆိုသည်။

‘‘အခုတော့ ရေထက်ဝက် ပြန်ကျသွားပြီ။ ကယ်ဆယ်ရေး စခန်းကတော့ ရှိနေတုန်းပဲ။ ရေး မြို့နယ်မှာလည်း ရေကျနေပြီး ကယ်ဆယ်ရေးစခန်း လုပ်ထား တဲ့ ကျောင်းတွေက ပိတ်ထား တယ်’’ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။မော်လမြိုင်မြို့တွင် ရေကြီး နစ်မြုပ်မှုကြောင့် ကြီးကြီးမားမား ထိခိုက်မှုမရှိသော်လည်း မြို့၏ အထင်ကရဖြစ်သည့် ကျိုက်သလ္လံဘုရားရှိ တိုးချဲ့ဓမ္မာရုံနှင့် ဘုရားစောင်းတန်းများ ပြိုကျခဲ့ပြီး ယခုအခါ ဘုရားဖူးလာရောက်မှုပိတ်ထားကြောင်း ဒေါက်တာအေးဇံက ပြောခဲ့ပါသည်။

အဆိုပါ ရေကြီးမှုကြောင့် သေဆုံးသူမရှိကြောင်း အစိုးရက ထုတ်ပြန်ထားသော်လည်း မော်လမြိုင်မြို့တွင် မြွေကိုက်သဖြင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးမှ ဦးဘိုဘိုဝင်းက ပြောခဲ့ပါသည်။

‘‘ကယ်ဆယ်ရေး စခန်းမှာ သူ့ဟာသူပြည့်နေပါတယ်။ ဘာမှ မလိုအပ်ပါဘူး။ ရေပြန်ကျသွား လို့ ကယ်ဆယ်ရေးစခန်းတွေ တော်တော် ဖြုတ်လိုက်ပါပြီ။ အတိအကျတော့ မသိသေးဘူး။ အစိုးရကဘက်က ထောက်ပံ့မှု တွေနဲ့ စောင့်ကြည့်မှုက အချိန်နဲ့ တစ်ပြေးညီရှိတယ်။ ကျွန်တော်တို့ လည်း စောင့်ကြည့်နေပါတယ်။ အခုချိန်မှာ ကယ်ဆယ်ရေးစခန်းတိုင်း ကြီးကြီးမားမား လိုအပ်တာ မရှိဘူး’’ဟု ဦးဘိုဘိုဝင်းက ပြော သည်။

မွန်ပြည်နယ် ရေကြီးနစ်မြုပ်သည့်နေရာများကို ပြည်ထောင်စုအစိုးရက စက်တပ်လှေသုံးစီး ထောက်ပံ့ပေးပြီး လှေတစ်စီးလျှင် ကျပ် ၂၂ သိန်းခန့်တန်ဖိုးရှိကြောင်း၊ ထိုလှေများကို ရေးမြို့နယ်တွင် ပထမဆုံး အသုံးပြုမည်ဖြစ် ကြောင်း လူမှုဝန်ထမ်း၊ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောခဲ့ပါသည်။

‘‘ကျွန်မတို့ရပ်ကွက်မှာ ရေ ကျသွားလို့ ညနေပိုင်းလောက် ပြန်ပြောင်းမယ်။ အိမ်မှာတော့ ရေမရှိတော့ ကယ်ဆယ်ရေးစခန်း မှာ နေရတာ အဆင်ပြေပါတယ်။ အစိုးရပိုင်းတွေရော လူမှုရေး အသင်းအဖွဲ့တွေအားလုံး ထောက်ပံ့ပေးပါတယ်’’ဟု မော်လမြိုင်မြို့နယ် တောင်ဝိုင်းရပ်ကွက်မှ ဒေါ်နီနီမာက ပြောသည်။

ရေကြီးနစ်မြုပ်မှုကြောင့် ပေါင်မြို့နယ် မုတ္တမတိုက်နယ် ဆေးရုံရှိ လူနာများကို မော်လမြိုင် ဆေးရုံနှင့် ပေါင်မြို့ဆေးရုံသို့ ပို့ ခဲ့ပြီး ရေပြန်ကျသဖြင့် အဆိုပါဆေးရုံနှင့် အထက (မုတ္တမ) ကျောင်းကို သန့်ရှင်းရေးပြုလုပ် နေသောကြောင့် ယာယီပိတ်ထား မည်ဖြစ်ကြောင်း မုတ္တမနယ်မြေ ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 7 Day Daily

Local News Read 417 times