ဘဏ္ဍာရေး ဆင်ခြင်မြော်တွေးခြင်း အတိုင်းအဆ


27 August, 2018

တိုင်းပြည်တစ်ခုအနေဖြင့် စီးပွားရေးနယ်ပယ်၌ ယှဉ်ပြိုင်နိုင်စွမ်းသည် အလွန်အရေးပါသည်။

ယှဉ်ပြိုင်နိုင်စွမ်းသည် အရေအတွက် များပြားလှသော စီးပွားရေးလုပ်ငန်းများ၏ ကုန်ထုတ်စွမ်းအားနှင့် လုပ်ငန်းခွင်ဝန်းကျင်တို့ကို ပေါင်းစပ်ပြီး ရည်ညွှန်းထားခြင်း ဖြစ်သည်။ ၎င်းတို့၏ စွမ်းပကာများနှင့် လုပ်ဆောင်ချက်များတို့သည် ယင်းတို့ကို သိုင်းခြုံထားသည့် မက်ခရိုစီးပွားမူဝါဒများ၏ သဘောသဘာဝများအပေါ် အကြီးအကျယ် တည်မှီနေ ပေသည်။

မက်ခရိုစီးပွားမူဝါဒများ ဖော်ထုတ်ချမှတ်ကြရာ၌ အဓိကရည်မှန်းချက်များမှာ စီးပွားရေးတည်ငြိမ်ခြင်း၊ ကြီးထွားခြင်းနှင့် ကောင်းကျိုးချမ်းသာရရှိရေးတို့ ဖြစ်သည်။ ထို့အတွက် အောက်ဖော်ပြပါ အကဲစမ်းခြင်း ၆ မျိုးကို ရင်ဆိုင်ဖြေရှင်းရသည်။

၁)ငွေဖောင်းပွမှုကို ကိုင်တွယ်ဖြေရှင်းခြင်း

၂) အရင်းအနှီး ရင်းနှီးမြှုပ်နှံမှုကို နှိုးဆွခြင်း

၃) နိုင်ငံခြားငွေ လဲလှယ်နှုန်း စီမံခန့်ခွဲခြင်း

၄) ဘဏ္ဍာရေးမူဝါဒ စီမံခန့်ခွဲခြင်း

၅) အလုပ်လက်မဲ့ပြဿနာ ဖြေရှင်းခြင်း

၆) ပြင်ပရှော့ခ်များကို ကိုင်တွယ်ဖြေရှင်းခြင်း

ငွေဖောင်းပွမှု

********

ငွေဖောင်းပွမှုသည် အချက် ၄ချက်တို့ အချင်းချင်းတုံ့ပြန်ကြခြင်းမှ ရလဒ်အဖြစ် ပေါ်ပေါက်သည်။

• လိုငွေပြဘဏ္ဍာရေး(ယင်းသည် ငွေအင်အား (Money Supply) ကြီးထွားမှုကို ထိန်းချုပ်သည်)

• ဘဏ္ဍာရေး အဖွဲ့အစည်း (ယင်းသည် ငွေလိုအပ်မှုကို အဆုံးအဖြတ်ပြုသည်)

• အစိုးရဘတ်ဂျက် ရှော့ခ်ရခြင်း နှင့်

• တိုင်းပြည်မှ မှန်ကန်သော ဘဏ္ဍာရေး ဆောင်ရွက်ချက်များဖြင့် ရရှိသည့် ရှော့ခ် ကို တုံ့ပြန်ဆောင်ရွက်နိုင်စွမ်း

ဤ ၄ချက် ပေါင်းစပ်မှုကြောင့် ငွေကြေးဖောင်းပွမှု အနည်းအကျဉ်းမှ အလွန်အကျွံအထိ ဖြစ်ပေါ်စေနိုင်သည်။ ဘဏ္ဍာရေး ဆင်ခြင်မြော်တွေးခြင်း အတိုင်းအဆပြုရာ၌ ဝိဝါဒ အမျိုးမျိုး ကွဲပြားနေကြရာ၌ ငွေဖောင်းပွ ခြင်းနှင့် ပတ်သက်၍လည်း အယူအဆ ကွဲပြား ကြသည်။

သုည ငွေဖောင်းပွခြင်း (Zero inflation)

********

အချို့ မူဝါဒရေးဆွဲသူတို့က ငွေဖောင်းပွမှုကို လုံးဝဖယ်ရှားပစ်လိုကြသည်။ ဈေးနှုန်းတည်ငြိမ်မှုကို ကြီးထွားခြင်းအတွက် အကောင်းဆုံး အခြေခံအဖြစ် အုတ်မြစ်ချပေးရမည်ဟု ယုံကြည်ကြသည်။ သို့သော် စီးပွားရေးပညာရှင် အများအပြားက ထောက်ပြကြသည်မှာ အဓိကပြဿနာသည် ငွေဖောင်းပွမှုမဟုတ်။ စီးပွားဆုတ်ယုတ်ခြင်းသာ ဖြစ်နေပြီး အမှန်တကယ်အကြွေးဝန်ထုပ်ဝန်ပိုးများကို လျှော့ချရန်အတွက် နိမ့်ကျသည့် ငွေဖောင်းပွမှုနှုန်းကို လိုအပ်သည်ဟု ယူဆကြရာ၌ ၂ မှ ၃% အထိရှိသည့် ငွေဖောင်းပွမှုသည် အကောင်းဆုံး ဖြစ်သည်ဟု ဆိုသည်။ ယင်းရာခိုင်နှုန်းက အတိုးနှုန်းအစစ်ကို အနုတ်လက္ခဏာဆောင်စေနိုင်ခြေရှိသွားစေပြီး စီးပွားရေးကို စီးပွားပျက်ကပ်အတွင်းမှ ဆွဲတင်ပေးနိုင်သည်။ သုညငွေဖောင်းပွမှုသည် အနုတ်လက္ခဏာ မဖြစ်ပေါ်စေ နိုင်ချေ။ ငွေချေးယူသူသည် ချေးသည့်အတိုင်း ပြန်ဆပ်ရသည်။ ကုန်ဈေးနှုန်းနှင့် လစာများချိန်ညှိရာ၌ ထိရောက်မှုရှိအောင် အတန်အသင့်ရှိသည့် ငွေဖောင်းပွမှုသည် ချောဆီအဖြစ် တာဝန်ထမ်းဆောင်ပေးနိုင်သည်။ ကျဆင်းနေသည့် စက်မှုအတွင်းရှိ လုပ်သားတို့သည် မည်ကာမတ္တလစာ ဖြတ်တောက်ခြင်းကို ဆန့်ကျင်ကန့်ကွက်ကြမည်ဖြစ်သော်လည်း တကယ့်လစာကို ငွေဖောင်းပွမှုက တိုက်စားပစ်နေသည်ကို ညည်းတွားရင်း ခွင့်ပြုထားကြသည်။ ဤထွက်ပေါက်ကို သုညငွေဖောင်းပွမှုက ပိတ်ဆို့ထားနိုင်သည်။

ဈေးနှုန်းများတည်ငြိမ်နေစဉ်၌ ကုန်ထုတ်စွမ်းအားတိုး၍ဖြစ်စေ၊ တစ်ဦးချင်းအရ စွမ်းဆောင်ရည် ကောင်း၍ဖြစ်စေ လစာတိုးပေးခြင်းသည် သင့်လျော်သည်။ ထိုအခါ စက်မှုအတွင်း အလုပ်သမား မငြိမ်မသက်မှု လျော့ပါးနေမည် ဖြစ်သည်။ ငွေဖောင်းပွမှု မြင့်မားသည့်နိုင်ငံများတွင် ဆန္ဒပြမှုများ ဖြစ်ပေါ်လွယ်သည့် အထောက်အထားများ ရှိသည်။ ငွေဖောင်းပွမှု ပိုမြင့်လေ၊ လစာကိစ္စ ဆွေးနွေးရဖို့ ဖြစ်လာပြီး အထွေထွေမကျေမနပ်မှုများ ရှိထားနှင့်ပါက အလုပ်သမားဆန္ဒပြဖို့ ဖြစ်သွားစေတတ်ပေသည်။

တန်ဆေးလွန်ဘေးဟုဆိုရမည်။ မြင့်မားပြီး မတည်ငြိမ်သည့် ငွေဖောင်းပွမှုဝန်းကျင်သည် စီးပွားရေး ဆုံးဖြတ်ချက်များချရာတွင် ချွတ်ချော်မှုများ ဖြစ်ပွားစေသည်။ ဖွံ့ဖြိုးမှုအတွက် ရရှိမည့်အရင်းအနှီးကို လျော့ကျစေပြီး အရင်းအနှီးဈေးကွက် မိုးကုတ်စက်ဝိုင်းကို တိုတောင်းစေသည်။ အရှုံးအမြတ်သည် ထုတ်လုပ်မှုကို ကြိုးစားခြင်းကြောင့် မဟုတ်တော့ဘဲ ငွေဖောင်းပွမှုပြောင်းလဲခြင်းကြောင့် ဖြစ်နေသည်။ ကုန်ဈေးနှုန်းများဖြင့် အမြတ်ရှာသည့် အကျင့်ကို ဖြစ်ပေါ်စေသည်။ ဝယ်လိုအားထက် များစွာနည်းပါးသော အရေအတွက်ဖြင့် ရောင်းချခြင်းပြုကာ ဈေးနှုန်းမတန်တဆတင်ပြီး ရောင်းချသည့်တိုင်အောင် အလုအယက်ဝယ်ယူသုံးစွဲသည့် အကျင့်ကိုလည်း ဖြစ်ထွန်းစေသည်။ ယှဉ်ပြိုင်နိုင်စွမ်း အနုတ်လက္ခဏာ ပြသွားသည့် ဖြစ်ရပ်ဖြစ်ပြီး ဖုန်းရောင်းချမှုများတွင် သာဓကအဖြစ် တွေ့နိုင်ပေသည်။

ငွေဖောင်းပွမှုအဆင့်နှင့် စီးပွားကြီးထွားမှုတို့အကြား ဆက်နွှယ်မှုမှာ ရှင်းရှင်းလင်းလင်းမရှိပေ။ ထောက်ပြစရာ အများအပြား ရှိနေသည်။ တစ်ဦးချင်း ဝင်ငွေနည်းပါးသည့် နိုင်ငံများတွင် ကုန်ထုတ်လုပ်မှု စွမ်းပကား ကြီးထွားမှု မြင့်မားသည့် အတွေ့အကြုံရှိနေနိုင်ပြီး ထိုအချိန်တွင် ငွေဖောင်းပွနှုန်းသည် တစ်ဦးချင်းဝင်ငွေ မြင့်သည့် နိုင်ငံများထက် ပိုဖောင်းပွ နေနိုင်သည်။

ငွေဖောင်းပွမှုနှင့် အလုပ်လက်မဲ့တို့အကြား ဆက်နွှယ်မှုမှာမူ ရှင်းသည်။ ၁၉၇၄-၉၁ ခုနှစ် ကာလတွင် ငွေဖောင်းပွမှု အနည်းဆုံး ဖြစ်နေသည့် နိုင်ငံများတွင် အလုပ်လက်မဲ့နှုန်းကလည်း အနည်းဆုံး ဖြစ်နေသည်။ အချို့နိုင်ငံတို့တွင် ငွေဖောင်းပွမှုကို လျှော့ချသည့်လုပ်ငန်းစဉ်က အလုပ်လက်မဲ့ ယာယီအားဖြင့် မြင့်မားနေစေသည်။ သို့သော် ငွေဖောင်းပွနှုန်းနည်းပါးလိုပါက အလုပ်လက်မဲ့ မြင့်မားစေခြင်းဖြင့် ရရှိနိုင်သည်ဟု မဆိုလိုသော်ငြားလည်း အလုပ်အကိုင်များ ဖန်တီးပေးရမည် ဖြစ်သည်။

ငွေဖောင်းပွမှုကိုတိုက်ရန်အတွက် တင်းကျပ်သည့် ငွေကြေးနှင့်ဘဏ္ဍာရေးမူဝါဒများ လက်ကိုင်ပြုထားရုံဖြင့် မလုံလောက်ပေ။ ငွေဖောင်းပွမှုနှုန်းလျှော့ချသည့်အတွက် ပေးဆပ်ရသည့် ရလဒ်ကို လျှော့ချရန် လုပ်ငန်းများနှင့် လုပ်သားများကို ငွေဖောင်းပွမှု ဖြစ်ပေါ်စေသည့် အကျင့်များ ဖျောက်အောင် တဖြည်းဖြည်း ကျင့်ပေးရမည်ဖြစ်ပြီး ငွေဖောင်း ပွမှု ဖြစ်ပေါ်စေသည့် တင်းကျပ်တောင့်မာမှုများကို ကိုင်တွယ်ဖြေရှင်းပေးရမည် ဖြစ်သည်။ ပထမဦးစားပေးရမည်မှာ စီးပွားရေးကို ကာလတိုအတွက် အားပေးတက်ြွကစေရန် ဆွဲဆောင်ခြင်းကို ဖယ်ရှားပစ်ပြီး ဗဟိုဘဏ်ကို ပိုမိုလွတ်လပ်အောင် လုပ်ရမည်ဟု ယူဆကြသည်။

အရင်းအနှီး ရင်းနှီးမြှုပ်နှံမှု

********

ယှဉ်ပြိုင်နိုင်စွမ်းနှင့် ဒွန်တွဲထားသော ကြီးထွားမှု ဖြစ်စဉ်တွင် အရင်းအနှီးသည် အရေးအပါဆုံးအချက်များတွင် တစ်ခု အပါအဝင်ဖြစ်သည်။ နိုင်ငံတစ်ခုသည် ဝင်ငွေတိုးပေးရန်အတွက် အရင်းအနှီး ဖြည့်သွင်းမှု စုစုပေါင်းတွင် တိုးဖို့ လိုအပ်သည်။ အချို့ လေ့လာမှုများက နည်းပညာတိုးတက်မှုနှင့် အရင်းအနှီး ထူထောင်ခြင်းတို့အကြား ဆက်နွှယ်မှုရှိကြောင်း ညွှန်ပြနေကြသည်။ တစ်နည်းဆိုရသော် နည်းပညာ တီထွင်မှုအတွက် စီးပွားရေးမှ ပေးချေရသည်ကို မြင့်မားသည့် အရင်းအနှီး တည်ဆောက်မှုနှုန်းဖြင့် ကျားကန်ပေးကြရသည်။

မိုက်ကယ်ပေါ့တာ၏ အလိုအရ ရင်းနှီးမြှုပ်နှံမှုကို အဆုံးအဖြတ်ပေးသည့် အရာ များကို အမျိုးအစား ၃ မျိုးခွဲခြား၍ ရသည်။ သတ်မှတ်ထားသည့် ရင်းနှီးမြှုပ်နှံမှု ပရိုဂျက်များကို ဝန်းရံထားသည့် အခြေအနေများ၊ မက်ခရို စီးပွားဝန်းကျင်၊ အရင်းအနှီးသည် ကိုင်ထားသူထံမှ ရင်းနှီးမြှုပ်နှံမှု ပရိုဂျက်များဆီသို့ ခွဲဝေသတ်မှတ်သည့် ယန္တရားအလိုအရ စီးဆင်းခြင်းတို့ ဖြစ်သည်။ အချို့ ရင်းနှီးမြှုပ်နှံမှု ပရိုဂျက်များသည် အခြားရင်းနှီးမြှုပ်နှံမှု ပရိုဂျက် များထက် အကျိုးအမြတ်ပြန်လည်ရရိမှု ပိုမြင့်မားကြသည်။ ထိုအချက်သည် စက်မှုဝိသေသလက္ခဏာများ၊ လုပ်ငန်း၏ ယှဉ်ပြိုင်နိုင်မှု အနေအထားနှင့် ရင်းနှီးမြှုပ်နှံခြင်းပြုသောနေရာ (နိုင်ငံ သို့မဟုတ် ဒေသ)တို့အပေါ် မူတည်သည်။

မက်ခရိုစီးပွားမူဝါဒများကို ကွဲပြားသည့် ပန်းတိုင်များဖြင့် ဖော်ထုတ်သတ်မှတ်ကြရာ၌ အမေရိကန် စီးပွားရေး မူဝါဒများသည် ဘဏ္ဍာရေးနှင့် ငွေကြေး မူဝါဒများမှတစ်ဆင့် ပြည်တွင်းဝယ်လိုအားကို အရင်ဆုံးနှိုးဆွရန် စူးစိုက်ထားသည်။ ဒုတိယဦးစားပေးမှာ နိုင်ငံတကာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့် စီးပွားကြီးထွားမှုကို ဖော်ဆောင်ရန်ဖြစ် သည်။ သို့ဖြစ်ရာ နိုင်ငံတကာယှဉ်ပြိုင်နိုင်စွမ်းသည် အမေရိကန် မူဝါဒရေးဆွဲသူတို့အဖို့ အဓိကအရေး မည်သည့်အခါမှ မဖြစ်ခဲ့ချေ။ အရှေ့အာရှနိုင်ငံများသည် ထုတ်လုပ်နိုင်စွမ်းကို ပြည်ပဈေးကွက်များ ထိုးဖောက်ရန် ဦးတည်ချက်ဖြင့် မြှင့်တင်သည်။ ပြည်ပဝယ်လိုအားကို ဈေးချိုချိုဖြင့် ဖြည့်တင်းနိုင်ရန် ရည်ရွယ်ချက် ထားရှိသည်။ ဤစီးပွားရေးတို့တွင် ပြည်တွင်း သုံးစွဲမှုကို လျစ်လျူပြုထားကြပြီး ကျွဲကူးရေပါဟု သဘောထားကြသည်။

မဟာဗျူဟာ အဓိကထိုးနှက်ချက်ကို ကြည့်လျှင် အမေရိကန်သည် ပြည်တွင်းသုံးကြစွဲကြအောင်ပြုပြီး အာရှနိုင်ငံတို့က စုကြ ဆောင်းကြအောင် ဆောင်ရွက်သည်။

စုဆောင်းမှုများနှင့် တိုင်းပြည်၏ ယှဉ်ပြိုင်နိုင်စွမ်း

********

ယေဘုယျအားဖြင့် ပြည်တွင်းရှိ နိုင်ငံသားများ၏ ကြွယ်ဝမှုများသည် ယင်းတို့၏ စုဆောင်းမှုများ၏ ရေချိန်ကို အကြီးအကျယ် အဆုံးအဖြတ်ပြုသည်။ စီးပွားရေးအရ စုဆောင်းမှု နည်းပါးခြင်းသည် ရင်းနှီးမြှုပ်နှံမှုကို လျော့ကျစေပြီး ကြီးထွားမှုကို အဟန့်အတား ဖြစ်စေသည်။ စုဆောင်းမှု နည်းကြသူအသီးသီးသည် အလုပ်ပြုတ်ခြင်း၊ လင်မယားကွဲခြင်း၊ မကျန်းမာခြင်း စသည့် စီးပွားရေး နောက်ပြန်ဆွဲခြင်းတို့ကို ကြုံရပါက ရင်ဆိုင်ဖြေရှင်းနိုင်ခြင်း မရှိချေ။ ထိုအခါ ကံကို အပြစ်ပုံချကြလေ့ရှိသည်။

တစ်ဦးချင်း စုဆောင်းမှုများ နည်းပါးနေပါက နိုင်ငံတော်သည် ယင်းတို့ အိုမင်းမစွမ်း ဖြစ်ချိန်၌ ထောက်ပံ့မှုများကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ပေးရပေရာ ထိုအတွက် နောက်မျိုးဆက်ရှိ လုပ်သားများ၏ ပေးဆပ်မှုဖြင့် ဆောင်ရွက်ပေးရတော့မည် ဖြစ်သည်။

အရှေ့အာရှနိုင်ငံတို့တွင် တစ်ဦးချင်း စုဆောင်းငွေများ မြင့်မားသည့်အတွက် ကုန်ကျစရိတ်နည်းပါးသည့် အရင်းအနှီးကို အရံသင့် ရှိနေစေသည်။ အဆိုပါ အရင်းအနှီးတို့သည် အဓိကအားဖြင့် ပြည်ပတင်ပို့မှု လားရာပြု စက်မှုလုပ်ငန်းများဆီသို့ စီးဝင်သည်။ အနောက် နိုင်ငံများနှင့် နှိုင်းစာပါက ဤလုပ်ငန်းများသည် အရင်းအနှီးကြွယ်ဝမှုရေချိန် ပိုမြင့်ကြပြီး ရင်းနှီးမြှုပ်နှံမှုအပေါ် ပြန်လည်ရရှိမှုမှာ နိမ့်နေသည့်တိုင်အောင် ဆက်လက်လုပ်ကိုင်နေနိုင်ကြစေသည်။ ဂျပန်ကို နမူနာအဖြစ် ကြည့်နိုင်သည်။ ကားနှင့် သံမဏိစက်မှုလုပ်ငန်းများ ကုန်ကျစရိတ် နည်းပါးသည့် အရင်းအနှီးများ ရရှိခြင်းသည် ကုမ္ပဏီများ၏ အဓိကယှဉ်ပြိုင်မှု အားသာချက် ဖြစ်နေခဲ့သည်။ ယင်းတို့သည် အရင်းအနှီးကြွယ်ဝမှု ရေချိန်မြင့်မားခြင်းကြောင့် ဤကဏ္ဍ ၂ရပ်သည် ၁၉၄၅ ခုနှစ်နှင့် ၁၉၈၅ ခုနှစ် အတွင်းတွင် ဂျပန်စက်မှုဆိုင်ရာအရင်းအနှီး ရင်းနှီးမြှုပ်နှံမှုများ အားလုံး၏ ၃ ပုံ ၁ပုံကို ရရှိ ထားကြသည်။ ကုန်ကျစရိတ်နည်းသည့် အရင်းအနှီးများရှိနေသည့် တိုင်းပြည်သည် အရင်းအနှီးကြွယ်ဝမှုရေချိန် မြင့်မားရန်လိုအပ် သော လုပ်ငန်းများတွင် အောင်မြင်မှုရလေ့ ရှိသည်။

နိုင်ငံခြားငွေလဲလှယ်နှုန်းများ အရေးပါပုံ

********

နိုင်ငံခြားငွေလဲလှယ်နှုန်းသည် နိုင်ငံနှင့် ကမ္ဘာအကြား ကုန်စည်/ဝန်ဆောင်မှု၊ ဘဏ္ဍာရေး/အရင်းအနှီးဈေးကွက် နှစ်ခုစလုံးအတွက် အရေးပါသည့် ချိတ်ဆက်မှုတစ်ခုဖြစ်သည်။ တိုင်းပြည်၏ ရင်းနှီးမြှုပ်နှံမှုမှရသော အကျိုးအမြတ်ကို ကမ္ဘာ့ဈေးနှုန်းများအရ အမေရိကန်ဒေါ်လာဖြင့် ကုန်ကျမှုအရ တွက်ချက်ကြသည်မှာ ထုံးစံဖြစ်သည်။ နိုင်ငံခြားငွေလဲလှယ်နှုန်း မူဝါဒ ညံ့ဖျင်းပါက အခွင့်သာခြင်းများကို လက်လွှတ်ဆုံးရှုံးစေပြီး အရင်းအမြစ် ခွဲဝေသတ်မှတ်မှုများတွင်လည်း မှားယွင်းချွတ်ချော်စေမည် ဖြစ်သည်။

ငွေလဲလှယ်နှုန်း ပေါက်ဈေး၌ ဒေါ်လာကို တပ်အပ်သေချာမပြောနိုင်သည့် ထပ်တလဲလဲ ဈေးတက်ခြင်းကျခြင်းများသည် ပြည်တွင်းမှ မြင့်မားသည့် ငွေဖောင်းပွမှု နှင့်လည်းကောင်း၊ မြင့်မားသည့် ပြည်တွင်း ချေးငွေ အတိုးနှုန်းနှင့်လည်းကောင်း နှီးနွှယ်နေသည်။ အတိုးနှုန်းစစ် မြင့်မားခြင်းကြောင့် အရင်းအနှီး ကုန်ကျစရိတ် တက်စေသည်။ သက်တမ်းရှည်ကြာသည့် ပိုင်ဆိုင်မှုများတွင် ရင်းနှီးမြှုပ်နှံမှုများအတွက် ဘဏ္ဍာရေး ရရှိရန် ချေးယူရသည့် ပမာဏကို ပိုများစေသည်။ သို့ဖြစ်ရာ တစ်ပွဲတိုး ကာလတိုအတွက်သာ အမြင်ရှိကြတော့ခြင်းသည် ရလဒ်အဖြစ် ထွက်ပေါ်လာရပေသည်။ မတင်မကျ ဖြစ်နေရခြင်း၊ မတည်ငြိမ်ခြင်းနှင့် အထွေထွေ ကုန်ကျမှု များပြားသည့် ဘဏ္ဍာရေးဝန်းကျင်တို့ကြောင့် ကာလတို တစ်ပွဲတိုး လုပ်ဆောင်သည့် အကျင့်သည် မှန်သည်ဟု ယူဆကုန်ကြသည်။

သင်ခန်းစာမှာ နိုင်ငံခြား ငွေလဲလှယ်နှုန်း ပိုမိုတည်ငြိမ်ခြင်းသည် ပြည်တွင်းဘဏ္ဍာရေး ပိုမိုတည်ငြိမ်ခြင်းနှင့် နှီးနွှယ်နေပြီး နည်းပညာဖွံ့ဖြိုးမှု မြန်ဆန်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတို့ကို အထောက်အကူပြုသည်။

သွင်းကုန်ကို ဈေးပေါပေါ ရရှိစေခြင်းဖြင့် ယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းသိမ်းပေးထားသည့် ငွေလဲနှုန်း( ပြည်ပချေးငွေဖြင့် ဘဏ္ဍာရေး ကျားကန်ပေးခြင်း)သည် ကုန်ထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံမှု မြင့်မားနေသည့် ကာလအတွက် ဆီလျော်သည်။ သို့သော် ဝယ်ယူသုံးစွဲမှု ရုတ်တရက် တိုးပွားလို၍ သတ်မှတ်ထားခြင်းဖြစ်လျှင် တလွဲသုံးသည့် မဟာဗျူဟာဖြစ်သည်။ ဘဏ္ဍာရေး ကျားကန်ပေးထားခြင်း ပြုနိုင်ရန် အစဉ်တစိုက် တရားလွန်ငွေချေးသည့် မူဝါဒတို့သည် နိုင်ငံခြားငွေ အကျပ်အတည်း၊ အကြီးအကျယ် ငွေတန်ဖိုးချရခြင်းတို့ဖြင့် အဆုံးသတ်ကြရပြီး အကျပ်အတည်းက ငွေဖောင်းပွမှု ဖြစ်အောင် မီးမွှေးပေးသည်။ အကြီးအကျယ် ငွေတန်ဖိုးချရပါက လူနေမှုအဆင့်အတန်းကို ဖြတ်ချပစ်လိုက်သဖြင့် နိုင်ငံရေးအခက်အခဲများကိုပါ နောက်ဆက်တွဲအဖြစ် ယူဆောင်လာ တတ်သည်။

သင်ခန်းစာမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းမူဝါဒသည် ယှဉ်ပြိုင်နိုင်စွမ်းရှိရမည်ဖြစ်ပြီး တည်ငြိမ်ခြင်းသည် တကယ့်ငွေလဲနှုန်းအစစ် တည်ငြိမ်ခြင်းသာ ဖြစ်ရမည်။

ရွေးချယ်စရာ လုပ်ရပ် ၄မျိုး

********

နိုင်ငံခြားငွေဈေးကွက်များ၌ ဗဟိုဘဏ်မှ ချုပ်ချယ်ထားခြင်း ရှိသလို မချုပ်ခြယ်ခြင်းလည်း ရှိနိုင်သည်။ ချုပ်ခြယ်ထားသည်ဟုဆိုရာ၌ သတ်မှတ်ထားသည့် သင့်လျော်သော ရောင်းဝယ်မှုများအတွက် နိုင်ငံခြားငွေရှိနေအောင် လုပ်ပေးထားပြီး နိုင်ငံခြားငွေလက်ခံရရှိသူတို့သည် ဗဟိုဘဏ်သို့ ငွေကို သတ်မှတ်ငွေလဲနှုန်းဖြင့် အပ်နှံရသည်။

နိုင်ငံခြားငွေဈေးကွက်သည် တစ်လုံး တစ်စည်းတည်း ပေါင်းစည်းထားခြင်းရှိသလို အပိုင်းအကန့် ခွဲထားခြင်းလည်း ရှိသည်။ ပေါင်းစည်းထားခြင်း၌ ရောင်းဝယ်မှုများအတွက် ငွေလဲနှုန်းတစ်မျိုးတည်းသာ ကျင့်သုံးသည်။ အပိုင်းအကန့်ခွဲထားပါက ရောင်းဝယ်မှု အမျိုးအစား မတူလျှင် မတူသလို ငွေလဲနှုန်းလည်း ကွာခြားသည်။ တစ်ချိန်တုန်းက နိုင်ငံခြားငွေကို အရိုး (၂၅%)နှင့် အသား (၇၅%) ခွဲခြားထားကြပြီး ရောင်းဈေးကွာခြားခြင်းမျိုး ဖြစ်သည်။

ပေါင်းစည်းနှင့် ပိုင်းကန့်ခြင်းတို့အရ လုပ်ရပ် ၄ မျိုး ထွက်ပေါ်သည်။

ဖွံ့ဖြိုးပြီးနိုင်ငံ အများစုသည် ပေါင်း စည်းချုပ်ခြယ်မှုမဲ့ အစိုးရစနစ် (လုပ်ရပ်-၁) ကို လက်ကိုင်ထားကြသည်။ ထိုစနစ်မျိုးတွင် ဗဟိုဘဏ်၌ ရွေးစရာမူဝါဒပိုများသည်။ ဝယ်လိုအားနှင့် ရောင်းလိုအားအရ ပြောင်းလဲသည့် ငွေလဲနှုန်း၊ ငွေလဲနှုန်းပုံသေသတ်မှတ်ထားခြင်း၊ နိုင်ငံခြားငွေ ရောင်းချခြင်းဝယ်ယူခြင်းတို့ ဖြင့် ငွေလဲနှုန်း ရေချိန်ကို မျှခြေ၌ ရှိနေအောင် ချိန်ညှိပေးခြင်းတို့ အကျုံးဝင်ကြသည်။ ယေဘု ယျအားဖြင့် ဤစနစ်မျိုးအောက်တွင် ကုန်သွယ် ရေး အရောင်းအဝယ်များနှင့် ငွေကြေး အရောင်းအဝယ်များကို ခွဲခြားဆက်ဆံခြင်းမရှိချေ။

ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် သုံးစွဲကြ လေ့ရှိသည်မှာ 'ပေါင်းစည်း' ဖြစ်သော်လည်း ခွဲတမ်းငွေလဲနှုန်း အစိုးရစနစ် (လုပ်ရပ် -၃) ဖြစ်သည်။ နိုင်ငံခြားငွေကို ခွဲတမ်းချထားရသည်မှာ သတ်သတ်မှတ်မှတ် ပြုထားသည့် ဈေးနှုန်းရှိနေသဖြင့် မလောက်မင ဖြစ်နေရခြင်းကြောင့် ဖြစ်သည်။ ဤစနစ်သည် ငွေတန်ဖိုး ပိုသတ်မှတ်ထားခြင်းကို ထင်ဟပ်ပြသနေသည်။ ဤစနစ်ဖြင့် ဝင်ငွေဖြန့်ဝေမှု ညီမျှစေရေးအတွက် အသုံးပြုနိုင်သည်။ သို့သော် အရင်းအမြစ်များ လွဲမှားစွာ ခွဲဝေသတ်မှတ်ခြင်း ရှိနေစေသည်။ ခွင့်ပြုသွင်းကုန်စာရင်းထဲ၌ မပါဝင်သည့် ကုန်စည်တို့ကို ပြည်တွင်း၌ မရနိုင်သည်အထိ ဖြစ်နေတတ်သည်။ အကယ်၍ စာရင်းကို ကျကျနန မပြင်ဆင်ပေးထားပါက မရှိလျှင်လည်း ဖြစ်သော ဇိမ်ခံပစ္စည်းများ သာမက ကုန်ထုတ်လုပ်ငန်းအတွက် မရှိမဖြစ်သည့် တစ် ဝက်တစ်ပျက်ပြီးစီးသည့်အဆင့်ရှိ ဖြည့်သွင်းမှုများကိုပါ စာရင်းမှ ဖယ်ထုတ်ထားတတ်သည်။ အသိအမှတ် မပြုသော အရောင်းအဝယ်အတွက် ပေးစရာ (တရားဝင်)နိုင်ငံခြားငွေ မရရှိနိုင်ချေ။ ထိုကြောင့် မှောင်ခိုဈေးများ၊ ခိုးသွင်းခြင်းများ၊ ကုန်ပို့လွှာ အတုအလိမ်များ ပေါ်ထွက်စေသည်။ ထိုပြဿနာများကို ဖြေရှင်းရန်အတွက် ရွေးစရာ မူဝါဒ အမျိုးမျိုး ရှိနေသည်။

(၁) လုပ်ရပ်-၁ အစိုးရစနစ်သို့ ရွှေ့ပြောင်းခြင်း၊

(၂)ကုန်သွယ်ရောင်းဝယ်မှုများအတွက် ငွေလဲ နှုန်း အမျိုးမျိုး ခွဲခြားသတ်မှတ်ပေးခြင်းနှင့်အတူ နိုင်ငံခြားငွေ ခွဲတမ်းစနစ် ဆက်လက် ကျင့်သုံး ခြင်း (လုပ်ရပ်-၄)

(၃)သတ်မှတ်ထားသည့် ကုန်သွယ် ရောင်းဝယ်မှု များအတွက် ငွေလဲနှုန်း တစ်ပြေးညီ ကျင့်သုံးပြီး သတ်မှတ်ချက်တွင် မပါသည့် ကုန်သွယ် ရောင်း ဝယ်မှုများအတွက်နှင့် အရင်းအနှီးငွေစာရင်းမှ ရောင်းဝယ်မှုများအတွက် သီးခြားငွေလဲနှုန်း သတ်မှတ်ပေးထားခြင်း(လုပ်ရပ်-၄)

ဤမူဝါဒများအကြား ကွဲပြားခြားနားမှုသည် မူဝါဒရေးဆွဲကြသူများအနေဖြင့် ငွေလဲနှုန်း အသီးသီးကို စီမံခန့်ခွဲနိုင်ခြင်း ပြုမပြုနှင့် အချို့ကို စီမံခန့်ခွဲထားပြီး ကျန်ရှိသည်တို့၏ ဈေးကွက်တွင် ငွေလဲနှုန်းက ဈေးကွက်ရေချိန်ကို မျှခြေတွင် ထိန်းပေးထားနိုင်ခြင်း ရှိမရှိဆိုသည်တို့ကို တွက်ဆကြရမည် ဖြစ်သည်။

ငွေလဲနှုန်း ဈေးကွက်တို့တွင်ထားရှိကြသည့် နိုင်ငံတကာစနစ်သည် ပုံသေ (အတက် အကျတာကို နှုန်းတစ်ရပ်ဖြင့် ကန့်သတ်ထားခြင်း)နှင့် အလိုက်သင့်ငွေလဲနှုန်းစနစ်တို့ နှစ်ခုကြားတွင် မလျှော့လွန်းမတင်းလွန်းဖြစ်အောင် ညှိထားကြသည်။ ထို ကွပ်ကဲစနစ်အောက်တွင် လျာထားချက် ငွေလဲနှုန်းကို ရွေးချယ်ထားပြီး ထောက်ကူရန် လိုအပ်ပါက ဝင်ရောက်စွက်ဖက်ပေးသည်။ လျာထားသည့် ငွေလဲနှုန်းသည် ငွေလဲနှုန်းအပေါ် အခြေခံထားသည့် ရေရှည်စီးပွားရေး အင်အားများအတွက် ဆီလျော်အောင် သတ်မှတ်ထားသည်။

သင်ခန်းစာမှာ ငွေလဲနှုန်းကို တန်ဖိုး ပိုမြင့်ပြီး သတ်မှတ်ခြင်းနှင့် ဈေးနှုန်း သဘာဝမကျခြင်းတို့ များပြားလေလေ ပြည်တွင်းနှင့် ပြင်ပစီးပွားရေးတို့အကြား မျှခြေရဖို့ခက်လေလေ ဖြစ်သည်။ ပြင်ပသို့လားရာပြု လုပ်နည်းကိုင်ဟန် တို့ကြောင့် တာလတ်နှင့် ရေရှည်အကျိုးကျေးဇူးများ ဖြစ်ထွန်းသည် မှန်သော်လည်း အစိုးရသည် နိုင်ငံ၏ တကယ့်ငွေလဲနှုန်းကို စဉ်ဆက်မပြတ် စောင့်ကြည့်ပေးနေဖို့ လိုပေလိမ့်မည်။ ထိုသို့ မဟုတ်ပါက အဖြစ်ဆိုးကြုံဖို့ အလားအလာများ ပိုတိုးလာလိမ့်မည်။

အာရှနိုင်ငံများဖြစ်ကြသော ဂျပန်၊ ကိုရီးယား၊ တရုတ်(တိုင်ပေ))တို့သည် အရင်း အနှီး ကုန်ကျစရိတ် သက်သာခြင်းအပြင် အဆင်ပြေစေသည့် ငွေလဲနှုန်းကိုပါ ကြုံခဲ့ကြ သည်။ သူတို့သည် နိုင်ငံတကာကုန်သွယ်ရေးနှင့် ပေးချေမှုများကို နိုင်ငံခြားငွေလဲနှုန်း ရွေ့လျားမှု နှင့် သီးခြားဖြစ်နေစေသည့် စနစ်ကို အောင်မြင်စွာ ကျင့်သုံးနိုင်ခဲ့ကြသည်။

လုပ်ထုံးလုပ်နည်းတစ်မျိုးမှာ ဤသို့ ဖြစ်သည်။ ပို့ကုန်လုပ်ငန်း သို့မဟုတ် ဘဏ်သည် နိုင်ငံခြားငွေကို နိုင်ငံ သုံးငွေသို့ လွတ်လပ်စွာ လဲလှယ်ခွင့် မရှိချေ။ သူတို့သည် ဒေါ်လာကို ဗဟိုဘဏ်သို့ လွှဲပြောင်း ပေးရသည်။ ထိုအခါ၌ နိုင်ငံသုံးငွေကို ပြန်လည် ရရှိသည်။ ဗဟိုဘဏ်သည် ရလာသည့် ဒေါ်လာကို နိုင်ငံခြားငွေအရံ ရန်ပုံငွေအဖြစ် သိမ်းဆည်းပေးထားပြီး အရံ ရန်ပုံငွေမှ အချိုးအစား အတော်အတန်ကြီးသည့် ပမာဏကို အမေရိကန် ဘွန်းများတွင် ရင်းနှီး မြှုပ်နှံထားသည်။ ဤနည်းဤလမ်းဖြင့် ဒေါ်လာကို နိုင်ငံခြားငွေလဲလှယ်သည့် ဈေးကွက်တွင် လည်ပတ်စေသည်။ ကြီးမားသည့်ကုန်သွယ်ရေး ပိုငွေပြခြင်းကြောင့် ယင်းတို့၏ ငွေတန်ဖိုးတက် သွားစေသည့် ဆိုကျိုးသက်ရောက်မှုကို ရှောင်ဖယ်ထားနိုင်ကြသည်။ ယင်းတို့၏ ငွေကို တန်ဖိုးထိန်းထားနိုင်ခြင်းကြောင့် တိုင်းပြည်ရှိ လုပ်ငန်းများသည် နိုင်ငံတကာယှဉ်ပြိုင်မှုတွင် အားသာချက် ရရှိနေစေသည်။ တစ်ခု ဂရုပြုသင့်သည်မှာ ဤမူဝါဒမျိုးကျင့်သုံးခြင်းအတွက် ပေးဆပ်ရသမျှကို ပြည်တွင်းရှိ စားသုံးသူတို့က အဓိက အားဖြင့် ပေးဆပ်ကြရသည်။ သူတို့သည် ပြည်ပမှ တင်သွင်းသည့် ကုန်စည်များနှင့် ဝန်ဆောင်မှုများတို့အတွက် ဖြစ်သင့်ဖြစ်ထိုက် သည်ထက် ပိုပေးကြရပေသည်။

ဘဏ္ဍာရေးမူဝါဒ

********

ဘဏ္ဍာရေးမူဝါဒတို့တွင် ဘဏ္ဍာရေးဆိုင်ရာ ဆောင်ရွက်စရာများကို ဖော်ပြပေးထားခြင်း ဖြစ်သော်လည်း အဓိကမှာ အစိုးရက စီးပွားရေး၏ လုပ်ကိုင်မှုများကို ဩဇာညောင်းရန်အတွက် အသုံးပြုဖို့ ဖြစ်သည်။ အရင်းရှင် စီးပွားရေး၏ ဘဏ္ဍာရေး မူဝါဒတွင် လုပ်ငန်းဆောင်တာ အနည်းဆုံး ၃ ခု ရှိသည်။

(၁)ခွဲဝေသတ်မှတ်ခြင်း(အရင်းအမြစ်များဖြန့်ေ၀ ရာ၌ချောမွေ့မှုရှိအောင် လုပ်ဆောင်ခြင်း)

(၂) ဖြန့်ဝေခြင်း(ဝင်ငွေ ဖြန့်ဝေရာ၌ ချောမွေ့မှု ရှိအောင် လုပ်ဆောင်ခြင်း)

(၃) တည်ငြိမ်စေခြင်း (စီးပွားရေး စက်ဝန်းများကို ချောမွေ့မှုရှိအောင် လုပ်ဆောင်ခြင်း)

ထိုလုပ်ငန်းဆောင်တာ ၃ရပ်၌ 'ခွဲေ၀ သတ်မှတ်ခြင်း'သည် အစိုးရတွင် အဓိကအားဖြင့် တာဝန်အရှိဆုံး ဖြစ်သည်။ အရင်းရှင် စီးပွားရေးများတွင် ဈေးကွက်ယန္တရားက တာဝန်ကြေကြေဖြင့် မလုပ်ကိုင်နိုင်သော အခြေအနေ များ ရှိနေသည်။ ထိုပျက်ကွက်မှုများကို အစိုးရမှ လိုအပ်သည့် အရင်းအမြစ်တို့ကို ထိရောက်စွာ ခွဲဝေသတ်မှတ်ပေးခြင်းဖြင့် ကုစားပေးရသည်။ ဦးစွာပထမ လူထုကုန်စည်များ ဖြစ်ကြသည့် လူအဖွဲ့အစည်းအတွက် အရေးကြီးသည့် ကုန်စည်များနှင့် ဝန်ဆောင်မှုများကို ဈေးကွက်မှ မဖြည့်တင်း ပေးနိုင်သောအခါ အဆိုပါ လူထု ကုန်စည်များကို အစိုးရမှ ဖြည့်တင်းပေးရသည်။ တစ်စိတ်တစ်ဒေသအားဖြင့် လူထုကုန်စည်ဖြစ် သည့်ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဈေးကွက် မှ အပြည့်အ၀ မဖြည့်တင်းပေးနိုင်သောအခါ၌လည်း အစိုးရမှ ဖြည့်တင်းပေးရသည်။ ထို့အပြင် 'အဆိုး' ဟု ခေါ်ကြသည့် အရာများကိုလည်း အစိုးရမှ ဖယ်ရှားပေးရသည်။ လူ့အဖွဲ့အစည်း ရှုထောင့်မှ ကြည့်ပါက မလိုလားအပ်သော အရာများ ဖြစ်နေသော်လည်း ဈေးကွက်မှ အလွန်အကျွံဖြည့်တင်းပေးနေပါက ယင်းအဆိုးများ (ဥပမာ ပတ်ဝန်းကျင် ညစ်ညမ်းစေခြင်း)ကို ဖယ်ရှားပေးရသည်။

'ဝင်ငွေဖြန့်ဝေခြင်း'သည်လည်း အစိုးရ၏ အရေးကြီးသည့် တာဝန်တစ်ရပ် ဖြစ်သည်။ ဝင်ငွေဖြန့်ဝေမှုတွင် အဓိကရည်ရွယ်ချက် ၃ ရပ်ရှိသည်။

'တည်ငြိမ်စေခြင်း' လုပ်ငန်းဆောင်တာသည် အရေးပါသည့် နေရာ၌ မရှိချေ။ မဟာစီးပွားပျက်ကပ် ဆိုက်သည့်အခါမျိုးတွင်သာ အရေးပါသည်။ တိုင်းပြည်၏ ကြွယ်ဝမှု ပိုမိုကောင်းမွန်စေရန်အတွက် အစိုးရသည် ကုန်ဈေး နှုန်း တည်ငြိမ်ရေးနှင့် အလုပ်အကိုင်ရရှိမှု မြင့်မားစေရေးတို့ကို ဆောင်ရွက်ပေးသည်။ တည်ငြိမ်စေခြင်း လုပ်ငန်းဆောင်တာအတွက် ကိရိယာတန်ဆာပလာများအဖြစ် လူထုအသုံးစရိတ်၊ ငွေအင်အားအတွက် စည်းမျဉ်းစည်းကမ်းများ၊ အတိုးနှုန်းတို့ကို အတူတွဲ၍ သုံးစွဲသည်။

လူထုအသုံးစရိတ် အလွန်အကျွံသုံးခြင်းနှင့် ကြွေးမြီမြင့်မားခြင်းသည် တိုးတက်ဖွံ့ဖြိုးမှု ရေရှည်အလားအလာကောင်းကို ယုတ်လျော့စေသည်။ ဝင်ငွေနှင့် အလုပ်အကိုင် ကြီးထွားမှုကို ထိန်းထားဖို့ ခက်နေစေသည်။ ထိုအတွက် အကြောင်း ၂ချက် တွေ့နိုင်သည်။

ပထမအချက်မှာ ဈေးနှုန်းယှဉ်ပြိုင်မှု မရှိသောဝန်းကျင်၌ စားသုံးသူတို့ လိုချင်သည့် အရာ ပေးအပ်ရန်အတွက် လည်းကောင်း၊ တီထွင်ဆန်းသစ်ရန်အတွက် လည်းကောင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ် သက်သာစေရန် အတွက်လည်းကောင်း၊ ဂရုပြုရန် မလိုတော့ချေ။ ဥပမာအဖြစ် မော်တော်ယာဉ်တို့အတွက် စက်သုံးဆီ ရောင်းချရာ၌ ဈေးနှုန်းပြိုင်ဆိုင်သည့် ဝန်းကျင်မရှိသဖြင့် ဈေးနှုန်း မာ၍ရနေစေသည်။ အခြား တစ်ဖက်၌ ကားတင်သွင်းမှုများကြောင့် စက်သုံးဆီ ဝယ်လိုအားသည် နေ့စဉ်နှင့်အမျှ တိုးနေခြင်းနှင့် လျှပ်စစ်စွမ်းအင်အတွက် မီးစက်များတွင် သုံးစွဲနေကြရခြင်းတို့ကြောင့် ဈေးနှုန်း ကျရိပ်အလားအလာ ကင်းမဲ့နေစေသည်။

ဒုတိယအချက်မှာ တိုးရင်းပြန်ဆပ်ရခြင်း၏ ကုန်ကျမှုသည် အခြားလူထုနှင့် ပုဂ္ဂလိကအသုံးစရိတ်များကို အလုံးအရင်းဖြင့် ထိခိုက်စေသည်။

ကုန်ကျမှုနှင့် အကျိုးရရှိမှု ဆန်းစစ်ခြင်းကို လူထုဘဏ္ဍာ၏ ထိရောက်စွာ အသုံးချမှုကို ဆုံးဖြတ်ရာ၌ အသုံးပြုကြရသည်။ အစိုးရသည် ဘတ်ဂျက်လိုငွေပြမည့် အရွယ်အစားကို ဦးစွာပထမ ခန့်မှန်းရမည်ဖြစ်ပြီး မည်သို့ ဘဏ္ဍာရေးအရ ဖြေရှင်းမည်ကို ဆုံးဖြတ်ရမည်ဖြစ်သည်။ ပြည်တွင်းကြွေးမြီ၊ ပြည်ပ ကြွေးမြီ၊ ငွေဖန်တီးခြင်း၊ ယင်းနည်းလမ်းများ ပေါင်းစပ်လုပ်ကိုင်ခြင်းစသည့် နည်းလမ်းများဖြင့် ဖြေရှင်းကြရသည်။ အလွန်အကျွံ ချေးယူ ခြင်းသည် တိုးရင်းပြန်ဆပ်ရခြင်းအတွက် ကုန်ကျရမှုကို ကြီးမားစေသည်။

တိုးရင်းပြန်ဆပ်ရသည့် ပြဿနာများသည် ကံဆိုး၍ သော်လည်းကောင်း၊ စီမံခန့်ခွဲမှု ညံ့ဖျင်း၍သော်လည်းကောင်း၊ နှစ်မျိုးစလုံး ကြောင့် လည်းကောင်း ဖြစ်ကြုံကြရသည်။ ကံဆိုးခြင်းတွင် ပြင်ပရှော့ခ်များ ဖြစ်ကြသည့် နိုင်ငံတကာ အတိုးနှုန်းစစ် တက်ခြင်း၊ ကုန်သွယ် မှုတွင် ဆိုးကျိုးရှိသည့်ဘက်သို့ ပြောင်းသွားခြင်း နှင့် သဘာ၀ ဘေးအန္တရာယ် ကျရောက်ခြင်းတို့ အကျုံးဝင်သည်။ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းတွင် ကမ္ဘာ့ပေါက်ဈေးကို လိုက်ချိန်ညှိ မပေးနိုင်ခြင်း၊ လူထုကဏ္ဍ၌ လိုငွေပြမှု ကြီးမားနေခြင်း၊ နိုင်ငံခြားငွေ လဲလှယ်နှုန်းတွင် တန်ဖိုးပိုတင်ထား ခြင်းတို့ ပါဝင်ကြသည့်အပြင် အစိုးရချင်း သဘောတူညီချက်အရ ချေးငွေရယူရာ၌ ရယူ သည့် ရင်းမြစ်သည် ပုဂ္ဂလိကငွေကြေးလုပ်ငန်း ထံမှ ဖြစ်နေပြီး အတိုးနှုန်းမှာလည်း နိုင်ငံ တကာပေါက်ဈေးထက် မြင့်မားနေပါက တိုးရင်း ပြန်ဆပ်ရခြင်း ဝန်ထုပ်ဝန်ပိုး ပိုကြီးမား နေစေ မည် ဖြစ်ပေရာ အြွေကးရလျှင် ဆင်ကိုတောင် ဝယ်ခြင်းမျိုးလည်း ပါဝင်ပေသည်။

Local News How To Read 688 times