ဝန်ကြီးဌာနမှ Doing Business Website ကို မကြာသေးမီက စတင်ခဲ့

02 May, 2019

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှုနဲ့ ပတ်သက်တဲ့ Doing Business Websit တစ်ခုကိုဧပြီလ ၂၇ ရက်နေ့က စတင်မိတ်ဆက်ခဲ့ပြီး မြန်မာနိုင်ငံကိုလည်း စီးပွားရေးလုပ်ကိုင်ရလွယ်ကူတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်အောင် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

အဆိုပါ myanmardoingbusiness.org website ကနေ မြန်မာနိုင်ငံရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို သိရှိနိုင်ပါတယ်။ လက်ရှိမှာ Website ကို အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားပြီး မိုဘိုင်းဖုန်းအားလုံးနဲ့ သုံးနိုင်အောင် ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

ဒီ Website ကို ဧပြီလအစောပိုင်းထဲက စတင်ခဲ့တာဖြစ်ပြီး Website ကို စီမံအုပ်ချုပ်မယ့် တာဝန်ရှိသူတွေကိုတော့ ဧပြီလ ၂၄ ရက်နေ့က လေ့ကျင့်သင်ကြားပေးခဲ့တာ ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအောက် ကုန်သွယ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းမင်းက ပြောပါတယ်။

Doing Business အစီရင်ခံစာဆိုတာ နိုင်ငံပေါင်း ၁၉၀ မှာရှိတဲ့ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေရဲ့ လုပ်ငန်းလုပ်ဆောင်ရန် အဆင်ပြေလွယ်ကူမှုကို တိုင်းတာဖော်ပြတဲ့ အစီရင်ခံစာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ အစိုးရများနဲ့ ရင်းနှီးမြှုပ်နှံသူများက အမြဲစောင့်ကြည့် လေ့လာဖတ်ရှုတဲ့ အစီရင်ခံစာလည်း ဖြစ်ပါတယ်။

Doing Business အစီရင်ခံစာကို ကမ္ဘာ့ဘဏ် ( World Bank ) မှ တစ်နှစ်တစ်ကြိမ် ထုတ်ပြန်လေ့ရှိပါတယ်။ ကမ္ဘာ့ဘဏ်ဟာ ဒီအစီရင်ခံစာကို ၂၀၀၃ ခုနှစ်မှ စတင်ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံကတော့ ၂၀၁၄ ခုနှစ်မှ စတင်ကာ Doing Business အစီရင်ခံစာမှာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာအရ စီးပွားရေးလုပ်ကိုင်ရလွယ်ကူတဲ့ နိုင်ငံပေါင်း ( ၁၉၀ ) ထဲမှာ မြန်မာနိုင်ငံက အဆင့် ၁၇၁ မှာ ရှိနေပါတယ်။ ၂၀၁၄ ခုနှစ်မှာ အဆင့် ၁၇၇ ထိမြင့်တက်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ အဆင့် ၁၇၀ ကို နိမ့်ကျသွားခဲ့ပါတယ်။ ၂၀၁၇ နဲ့ ၂၀၁၈ မှာတော့ အဆင့် ၁၇၁ မှာ မပြောင်းလဲဘဲ ရပ်တည်နေပါတယ်။

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးလုပ်ကိုင်ရလွယ်ကူမှုအခြေအနေကို ဖော်ပြဖို့အတွက် သတ်မှတ်ထားတဲ့ အခန်းကဏ္ဍ ၁၀ ခုအပေါ် စံချိန်းစံညွှန်းပြည့်မှသာလျှင် အမှတ်များပေးလေ့ရှိပြီး တိုင်းတာလေ့ ရှိပါတယ်။

၎င်းအခန်းကဏ္ဍ ၁၀ ခုမှာ စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်း ၊ ဆောက်လုပ်ရေးလုပ်ငန်းများကို ခွင့်ပြုပေးခြင်း ၊ လျှပ်စစ်မီးရရှိခြင်း ၊ ပိုင်ဆိုင်မှုဆိုင်ရာ မှတ်ပုံတင်ခြင်း ၊ အကြွေးရရှိခြင်း ၊ စာချုပ်များ ပြဋ္ဌာန်းပေးခြင်း ၊ ရင်းနှီးမြှုပ်နှံသူ အနည်းစုကို ကာကွယ်ပေးခြင်း ၊ အခွန်ဆောင်ခြင်း ၊ နယ်စပ်လမ်းကြောင်းများမှတစ်ဆင့် ကုန်သွယ်ခြင်း ၊ ကြွေးမြီများ ဖြေရှင်းပေးခြင်း စတာတွေ ပါဝင်ပါတယ်။

Ref: Myawady News

Local News Read 523 times