ပဲခူးမြို့နယ်အတွင်း စက်မှုဇုန်လုပ်ငန်းများရင်းနှီးမြှုပ်နှံရန် ဟောင်ကောင်အခြေစိုက် CCCHL မှ လာရောက်


04 April, 2018

မတ်လ ၂၉ ရက်နေ့၊ နံနက် (၁၀)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ် ဧည့်ခန်းမသို့ ပဲခူးမြို့နယ်အတွင်း စက်မှုဇုန်လုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံရန် ဟောင်ကောင် ဒေသအခြေစိုက် City Credit Capital Holdings Limited (CCCHL) မှ General Manager, Mr.Chow Chi On ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့က ဝန်ကြီးချုပ်နှင့် လာရောက်တွေ့ဆုံခဲ့သည်။

ရှေးဦးစွာ Mr. Chow Chi On က မိမိတို့ကုမ္ပဏီသည် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်း မြို့နယ်တွင် စက်မှုလုပ်ငန်း(အထည်ချုပ်) လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး ဒေသခံပြည်သူ (၁၀၀၀) ဦးခန့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးထားနိုင်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးသည် မြေနေရာ ရှားပါးလာခြင်း၊ ကုန်ပစ္စည်းသယ်ယူရာတွင် ယာဉ်ကြောကြပ်တည်းမှုများရှိနေသဖြင့်

ရေရှည်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ရန် အဆင်မပြေနိုင်ပါကြောင်း၊ ပဲခူးဒေသသည် သီလဝါ ဆိပ်ကမ်းနှင့် နီးကပ်မှုရှိခြင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်မှုရှိခြင်းနှင့် အနာဂတ်တွင် စီးပွားရေးအရ အရေးပါလာမည့်ဒေသတစ်ခုဖြစ်၍ ပဲခူးမြို့နယ်အတွင်း စက်မှုဇုန်တစ်ခုဖော်ထုတ်ပြီး စက်ရုံအမျိုးအစား(၅၀)ခန့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လာရောက်တွေ့ဆုံရခြင်း ဖြစ်ပါကြောင်း တင်ပြဆွေးနွေးခဲ့သည်။

ထို့နောက် ဝန်ကြီးချုပ်က ပဲခူး-ခရမ်း-ရန်ကုန်-သီလဝါ အဆင့်မြင့်ကားလမ်းမကြီးများ အဆင့် မြှင့်တင်ဆောင်ရွက်ရန် နိုင်ငံတော်မှ စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ပဲခူးမြစ်အား ပြန်လည်အဆင့် မြှင့်တင်ပြီး သီလဝါဆိပ်ကမ်းသို့ ကုန်တင်သင်္ဘောငယ်များ သွားလာနိုင်ရန်လည်း အနာဂတ်စီမံကိန်း များအဖြစ် လျာထားပြီးဖြစ်ကြောင်း၊ ပဲခူးဒေသသည် အရှေ့-အနောက်-တောင်-မြောက် ကုန်စည်

ကူးသန်းမှုအတွက် အဓိကဖြတ်သန်းရာ လမ်းဆုံပေါ်တွင် ကျရောက်လျက်ရှိသဖြင့် စီးပွားရေးအရ မဟာဗျူဟာကျသည့် ဒေသဖြစ်ခုဖြစ်ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ အမေရိကန် ဒေါ်လာ (၅)သန်းအထိ မိမိတို့အစိုးရအဖွဲ့မှ တိုက်ရိုက်ခွင့်ပြုပေးနိုင်ပါကြောင်း၊ မကြာမီ တနင်္သာရီ တိုင်းဒေသကြီးမှ ပို့လွှတ်မည့် (၅၀၀)KVA မဟာဓာတ်အားလိုင်းသည် ပဲခူးမြို့နယ်အတွင်း ရောက်ရှိလာမည်ဖြစ်၍

လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်၍ ပြည့်ဝတည်ငြိမ်သော လျှပ်စစ်ဓာတ်အားများ ရရှိနိုင်မည်ဖြစ်ပါကြောင်းနှင့် ယခုလို ပဲခူးဒေသရှိ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့် စက်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး လာရောက်ကမ်းလှမ်းမှုကို ကြိုဆိုပါကြောင်း နှင့် မိမိတို့အစိုးရအဖွဲ့မှလည်း လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

 

Local News Read 504 times