ယခုလမှစ၍ ရေးမြို့မှာ လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ကျပ် ၈၀၀ နှုန်း ကောက်ခံမည်


06 October, 2021

ဒီဇယ်ဆီစျေး မြင့်တက်မှုကြောင့် ရေးမြို့တွင် ယခုလမှစတင်ပြီး လျှပ်စစ်မီတာခ တစ်ယူနစ်လျှင် ကျပ် ၈၀၀ နှုန်းကောက်ခံသွားမည် ဖြစ်ကြောင်း ရေးမြို့နှင့်အနီးဝန်းကျင်ကျေးရွာများအား ပုဂ္ဂလိကလျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနေသည့် မြတ်သူရကုမ္ပဏီထံမှ သိရသည်။

လက်ရှိ အောက်တိုဘာလအတွက် လျှပ်စစ်မီတာခကို တစ်ယူနစ်လျှင် ကျပ် ၈၀၀ နှုန်းဖြင့် ပြောင်းလဲကောက်ခံမည် ဖြစ်ကြောင်း၊ မီတာခစျေးနှုန်း တိုးမြှင့်ပြင်ဆင်လိုက်သည့်အတွက် လျှပ်စစ်မီးသုံးစွဲသူ ပြည်သူလူထုအနေဖြင့် ဝန်ပိုကြီးသွားသလို ဖြစ်သွားသော်လည်း၊ လက်ရှိ ဒီဇယ်ဆီစျေးနှုန်းအရ မီတာခစျေးနှုန်းမှာလည်း မတင်၍မဖြစ်ကြောင်း၊ ယခင် ဒီဇယ်ဆီတစ်ပီပါကို ကျပ် ၂၂၀၀၀၀ နှုန်း ဖြစ်စဉ်က မီတာခတစ်ယူနစ် ကျပ် ၆၀၀ နှုန်းဖြင့် သတ်မှတ်ကောက်ခံခဲ့ကြောင်းနှင့် ယခုအချိန်တွင် ဒီဇယ်ဆီတစ်ပီပါ ကျပ် ၃၀၅၀၀၀ နှုန်းအထိ ဖြစ်နေကြောင်း မြတ်သူရကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးတင်ရှိန်က ဆိုသည်။

၎င်းကဆက်လက်ပြီး “မီတာခစျေးနှုန်း တိုးမြှင့်ကောက်ခံမယ်ဆိုရင် သက်ဆိုင်ရာနဲ့ ညှိနှိုင်းတင်ပြ ဆောင်ရွက်ရတာမျိုး ရှိပါတယ်။ အခုအချိန်မှာက လူထုကလည်း ကြပ်နေတဲ့ အချိန်ဖြစ်နေတော့ သုံးစွဲသူတွေအနေနဲ့ကလည်း အခက်အခဲတွေ ဖြစ်နိုင်ပါတယ်။ ဒီဇယ်ဆီစျေးနှုန်းတွေ ပြန်ကျလာမယ်ဆိုရင်တော့ မီတာခစျေးနှုန်း ပြန်ချပေးမှာပါ” ဟု ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့က ရှင်းရှင်းပြောရရင် အစိုးရလျှပ်စစ်မီးကို မြန်မြန်ပေးရောက် စေချင်ပါတယ်။ ရေးမြို့နယ်က အစိုးရရဲ့လျှပ်စစ်မီးမြန်မြန်ရောက်မှ ပြည်သူလူထုလည်း အဆင်ပြေမှာပါ” ဟု ဦးတင်ရှိန်က ဆက်လက် ပြောကြားသည်။

ယမန်နှစ် COVID-19 ကာလအတွင်း ယခင်ပြည်နယ်အစိုးရက ညှိနှိုင်းဆောင်ရွက်ပေးမှုဖြင့် အနိမ့်ဆုံးစျေးနှုန်းအဖြစ် မီတာခတစ်ယူနစ် ကျပ် ၃၅၀ ဖြစ်ခဲ့ဖူးကြောင်း၊ နောက်ပိုင်းတွင် တစ်ယူနစ် ကျပ် ၅၀၀ အထိ တက်သွားပြီးနောက် ပြီးခဲ့သည့် သြဂုတ်လအတွက် လျှပ်စစ်မီတာခအဖြစ် တစ်ယူနစ် ကျပ် ၆၀၀ နှုန်းဖြင့် ပေးဆောင်ခဲ့ရကြောင်း ရေးဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

“အခုက မီတာခစျေးနှုန်းက တအားတက်သွားတာလေ။ လျှပ်စစ်သုံးပြီး အလုပ်လုပ်နေကြရသူတွေတော့ ပိုပြီးဒုက္ခဖြစ်ပြီပေါ့။ လက်ရှိ ဒီဇယ်ဆီစျေးနှုန်းနဲ့ဆိုရင်လည်း သူတို့ကုမ္ပဏီကလည်း မကိုက်လောက်ဘူး ထင်တယ်။ အဲ့ဒီအတွက် တချို့ကျေးရွာတွေကို ညပိုင်းလောက်ပဲ မီးပေးဖို့ အသံတွေလည်း ကြားနေရတယ်” ဟု ရေးဒေသခံ မင်းမွန်ထောက ဆိုသည်။

မြတ်သူရကုမ္ပဏီ အနေဖြင့် ၃၆ နာရီ လျှပ်စစ်မီးပေးနိုင်ရန်အတွက် ဒီဇယ်ဆီပီပါ ၆၀ ကျော်သုံးရသည်ဟု ကြားသိရကြောင်း၊ လက်ရှိ ဒီဇယ်ဆီတစ်ပီပါကို ကျပ်သုံးသိန်းကျော်နေပြီ ဖြစ်သည့်အတွက် ကုမ္ပဏီဘက်ကလည်း အခက်အခဲရှိနိုင်ကြောင်း ရေးမြို့ခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “လျှပ်စစ်မီးကတော့ ကိုယ်သုံးရင် သုံးသလောက်တော့ ကျမှာပေါ့လေ။ လျှပ်စစ်ကိုအသုံးပြုနေရတဲ့ လုပ်ငန်းတွေလည်း စျေးလိုက်တက်ကြရမယ့် သဘောဖြစ်သွားတာပေါ့။ အခုလိုကာလမျိုးမှာဆိုတော့ သာမန်ပြည်သူတွေအနေနဲ့က အသုံးစရိတ်ပိုများ လာနိုင်တယ်ပေါ့” ဟု ပြောကြားသည်။

Source: news-eleven.com

Local News Read 1172 times