ကမ္ဘာ့စားအုန်းဆီ လိုအပ်ချက် ဖြည့်တင်းပေးနိုင်မည်ဟု မလေးရှားဝန်ကြီးပြောကြား


25 April, 2022

ကမ္ဘာ့စားအုန်းဆီ လိုအပ်ချက် ဖြည့်တင်းပေးနိုင်မည်ဟု မလေးရှားဝန်ကြီးပြောကြား

 


အင်ဒိုနီးရှားက စားအုန်းဆီ တင်ပို့မှုကို ပိတ်ပင်လိုက်ကြောင်း ကြေညာပြီးနောက် ကမ္ဘာ့စားအုန်းဆီ လိုအပ်ချက်ကို မလေးရှားက ဖြည့်ဆည်းပေးနိုင်မည်ဟု ယုံကြည်စိတ်ချကြောင်း စိုက်ခင်းလုပ်ငန်းနှင့် စိုက်ပျိုးရေး ထွက်ကုန် ဝန်ကြီး Datuk Zuraida Kamaruddin က ပြောကြားခဲ့သည်။

“နယ်စပ်တွေ ပြန်ဖွင့်ပြီး နောက်ပိုင်းမှာ ဆီအုန်းစိုက်ခင်းများအတွက် ပြည်ပလုပ်သားများကို ငှားရမ်းမှုတွေ လုပ်လာနိုင်တဲ့အခါ ကျွန်မတို့ရဲ့ ထုတ်လုပ်မှု မြင့်တက်လာလိမ့်မယ်လို့ မျှော်လင့်တဲ့အတွက် မလေးရှားဟာ အဆင်သင့်ဖြစ်နေပြီး ကမ္ဘာ့ဈေးကွက်ကို စားအုန်းဆီ ထောက်ပံ့နိုင်လိမ့်မယ်လို့ ကျွန်မ ယုံကြည်စိတ်ချပါတယ်” ဟု ဝန်ကြီးက ပြောကြားသည်။ 


ဧပြီလ ၂၃ ရက်တွင် Reuters သတင်းဌာနသို့ အင်ဒိုနီးရှား ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့သည်များကို ဆက်လက်တင်ပြအပ်ပါသည်။  


အင်ဒိုနီးရှားဘဏ္ဍာရေးဝန်ကြီးက လိုအပ်၍ စားအုန်းဆီ တင်ပို့မှု ပိတ်ပင်ရကြောင်း ပြောကြား


အင်ဒိုနီးရှားဘဏ္ဍာရေးဝန်ကြီးက လိုအပ်၍ စားအုန်းဆီ တင်ပို့မှု ပိတ်ပင်ရကြောင်း ပြောကြားသည်။

ကမ္ဘာ့ဘဏ်တွင် ညွှန်ချုပ်တာဝန် ထမ်းဆောင်ခဲ့ဖူးသော အင်ဒိုနီးရှားဘဏ္ဍာရေးဝန်ကြီး Sri Mulyani Indrawati က ပြည်တွင်းတွင် ဟင်းချက်ဆီ ပေးသွင်းနိုင်သည်ထက် ဝယ်လိုအားက ကျော်လွန်နေသဖြင့် ပြည်ပတင်ပို့မှု ပိတ်ပင်ရခြင်းဖြစ်ကြောင်း၊ ယခင် ဆောင်ရွက်ချက်များသည် ပြည်တွင်းဟင်းချက်ဆီဈေးနှုန်းများ ကျဆင်းတည်ငြိမ်အောင် မလုပ်ဆောင်နိုင်ခဲ့ခြင်းကြောင့် အစိုးရက လုပ်နိုင်သည့် အပြင်းထန်ဆုံး လုပ်ဆောင်ချက်များ လုပ်ဆောင်ရခြင်း ဖြစ်သည်ဟု ပြောကြားသည်။

Indrawati က စားအုန်းဆီ ထုတ်လုပ်သူများကို ပြည်တွင်း သုံးစွဲရန်အတွက် အရန်လက်ကျန် မဖြစ်မနေ ထားရှိရန် လိုအပ်ကြောင်း ပြဋ္ဌာန်း ဆောင်ရွက်ချက်များသည် "ကျွန်မတို့ လိုချင်တဲ့အဆင့် ဈေးနှုန်းများ ထွက်ပေါ်လာခြင်း မရှိခဲ့ဘူး။ သာမန်အိမ်ထောင်စုများအဖို့ အဲဒီ ဟင်းချက်ဆီကို ဝယ်ဖို့ အလွန်ဈေးကြီးနေဆဲ ဖြစ်ပါတယ်" ဟု ၎င်းက ရှင်းပြသည်။


ကမ္ဘာ့စားအုန်းဆီ ပေးသွင်းမှုအတွက် "ဒီဟာက အကောင်းရလဒ် ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ ကျွန်မတို့ သိပါတယ်" ဟု ၎င်းက ပြောကြားသည်။"ကျွန်မတို့ မတင်ပို့တဲ့အတွက် တခြားနိုင်ငံတွေ ထိခိုက်လိမ့်မယ် ဆိုတာ သေချာပါတယ်"
အိန္ဒိယနှင့် တရုတ် နိုင်ငံတို့သည် အင်ဒိုနီးရှားမှ စားအုန်းဆီ အများဆုံးတင်သွင်းသည့် နိုင်ငံများ ဖြစ်သည်။
အင်ဒိုနီးရှားသည် ကမ္ဘာ့အများဆုံး ထုတ်လုပ်တင်ပို့သည့်နိုင်ငံ ဖြစ်သည်။ ကမ္ဘာ့စားအုန်းဆီတင်ပို့မှု စုစုပေါင်း၏ ထက်ဝက်ကျော်ကို တင်ပို့သည်။
စားအုန်းဆီသည် ဟင်းချက်ဆီအပြင် အလှကုန်၊ စားသောက်ကုန်၊ ဇီဝလောင်စာ၊ ကိုယ်တိုက်ဆပ်ပြာ၊ ချေးချွတ်ဆပ်ပြာ အစရှိသည့် ထုတ်ကုန်များတွင် မပါမဖြစ် ကုန်ကြမ်းဖြစ်သည်။


နိုင်ငံရေးခေါင်းဆောင် တစ်ဦးအနေဖြင့်လည်းကောင်း၊ မူဝါဒရေးဆွဲသူများအနေဖြင့်လည်းကောင်း စားနပ်ရိက္ခာ ဖူလုံရေး ကိစ္စရပ်များကို သတ်မှတ်ကြသည့်အခါ တိုင်းပြည်အဆင့်သည် ပထမဦးစားပေးအဆင့်ဖြစ်သည်။ ပြီးမှ ဒေသအဆင့်၊ ကမ္ဘာအဆင့် တို့လာသည်ဟု ၎င်းက ရှင်းပြသည်။

လက်ရှိဖြစ်ပေါ်နေသော စားသောက်ကုန် ထုတ်လုပ်ရောင်းချသည့် အခြေအနေသည် COVID-19 ကပ်ရောဂါ အစောပိုင်းကာလတွင် ဖြစ်ပေါ်နေခဲ့သည့် အခြေအနေနှင့် ဆင်ဆင်တူသည်။ မတ်စ်၊ ပီပီအီး နှင့် အခြား မရှိမဖြစ် လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်းကိရိယာများ ရရှိဖို့ နိုင်ငံများအကြား အပြိုင်အဆိုင်ကြိုးပမ်းကြသည်။ ပြည်တွင်း ထုတ်လုပ်သည်တို့ကို ပြည်ပ တင်ပို့ခွင့် ပိတ်ထားသည်။ ပြည်တွင်း ဖူလုံရေးကို ရှေ့တန်းတင်ထားကြသည်။
"ကပ်ရောဂါကာလမှာ ကျွန်မတို့ ရင်ဆိုင်ကြုံတွေ့ခဲ့ကြတာနဲ့ ဆင်ဆင်တူပါတယ်။ အခုလို ပိတ်ပင်ထားတာ ကာလလတ်နှင့် ရေရှည်အတွက် မကောင်းဘူးဆိုတာ ကျွန်မတို့ သိကြပါတယ်။ ဒါပေမဲ့ ကာလတိုမှာတော့ ကျွန်မတို့ရဲ့ ပြည်သူလူထု လုိအပ်နေတဲ့ ကုန်စည်ကို လက်ထဲ ရထားပေမဲ့ တိုင်းပြည်ပြင်ပသို့ ထွက်နေတာ ခွင့်ပြုထားလို့ ပြည်သူလူထုက အဲဒီကုန်စည်ကို မရကြဘူးဆိုရင် ကျွန်မတို့ရဲ့ ပြည်သူလူထုရှေ့မှာ ကျွန်မတို့ ရပ်တည်နိုင်မှာ မဟုတ်ဘူး" ဟု ၎င်းက ပြောကြားသည်။

အင်ဒိုနီးရှားအစိုးရက ဒေသတွင်းဈေးကွက်နှင့် ကမ္ဘာ့ဈေးကွက်များအပေါ် သက်ရောက်မှုကို ဆန်းစစ်မှာဖြစ်ကြောင်း  Indrawati က ပြောကြားသည်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အရေးကိစ္စများ ရှိနေသဖြင့် စားအုန်းဆီထုတ်လုပ်မှုပမာဏ တိုးမြှင့်နိုင်စွမ်းတွင် အကန့်အသတ် ရှိနေကြောင်း Indrawati က ပြောကြားသည်။

ဆီအုန်းစိုက်ခင်းအသစ် စိုက်ပျိုးခွင့်ကို အင်ဒိုနီးရှားအစိုးရက ပါမစ်အသစ်များ ထုတ်မပေးတော့ဘဲ ရပ်ထားသည်မှာ ၂၀၁၈ ခုနှစ်ကတည်းက ဖြစ်သည်။ တောပြုန်းစေသည်။ တောရိုင်းတိရစ္ဆာန်များ နေထိုင်ကျက်စားရန် နေရာများ ပျောက်ဆုံးစေသည်ဟု ပြစ်တင်ဝေဖန်မှုများကြောင့် ပါမစ်ပိတ်ထားခြင်း ဖြစ်သည်။

Agriculture & Livestock Read 606 times