“Make in India”  ဘယ်လောက်ဝေးဝေးအထိ သွားနိုင်မလဲ


06 February, 2023

 “Make in India”  ဘယ်လောက်ဝေးဝေးအထိ သွားနိုင်မလဲ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


အိန္ဒိယတွင် ကြီးမားသော လူဦးရေ ရှိနေသည့်အားသာချက်ရှိသော်လည်း အလုပ်လက်မဲ့ များပြားခြင်းသည် လျော့ကျမည့် အရိပ်အယောင် မရှိချေ။

စာရွက်ပေါ်တွင်၊ အိန္ဒိယ၏ ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်သူများကို ဆွဲဆောင်ရန် အခွင့်အလမ်းများသည် ဝေဆာနေသည်။

 Apple Inc သည် ၎င်း၏ အဓိက ထိုင်ဝမ် တပ်ဆင်သူများ လည်ပတ်သည့် တရုတ်ပြည်မှ စက်ရုံကြီးများအပေါ် လုံးလုံးလျားလျား အားပြုထားခြင်းကို လျှော့ချပြီး အိန္ဒိယတွင်  ၎င်း၏ နောက်ဆုံးထွက် iPhone မော်ဒယ်များကို စတင် တပ်ဆင်ခဲ့ခြင်းသည် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ၏ "Make in India" လှုပ်ရှားမှုအတွက် အောင်ပွဲတစ်ခု ဖြစ်သည်။ 
 
အိန္ဒိယ၏ အားသာချက်များထဲတွင် အနောက်နိုင်ငံများနှင့် တရုတ်ကြား ပထဝီဝင်နိုင်ငံရေး တင်းမာမှုများ မြင့်တက်လာခြင်း၊ အိန္ဒိယသည် အမေရိကန်၊ ဩစတြေးလျ၊ ဂျပန်တို့နှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်နေခြင်းတို့ ပါဝင်သည်။

 ယခုနှစ်တွင် နိုင်ငံ ၂၀ အုပ်စု  Group of 20 တွင် ဥက္ကဋ္ဌ တာဝန် ယူရခြင်းသည် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုကို မြှင့်တင်ပေးနိုင်သည်။

အိန္ဒိယနိုင်ငံသည် လာမည့် သုံးနှစ်အတွင်း ကမ္ဘာ့စီးပွားရေး အလျင်မြန်ဆုံး ကြီးထွားလာသည့် နိုင်ငံအဖြစ်ကို ခံယူရန် အဆင်သင့် ဖြစ်နေသည်။
ပြည်တွင်းအသားတင်ထုတ်ကုန်သည် ဆယ်စုနှစ်မကုန်မီ ကမ္ဘာ့တတိယအကြီးဆုံးဖြစ်လာလိမ့်မည်။

သို့သော် နှေးကွေးသော ကုန်ထုတ်လုပ်မှုကဏ္ဍကို တိုးတက်ကောင်းမွန်စေပြီး  လူဦးရေ ၁.၄ ဘီလီယံရှိသော အိန္ဒိယနိုင်ငံ အောင်မြင်မှုများ ရေရှည် ဆက်ထိန်းထားနိုင်ရေးမှာ အလှမ်းဝေးနေဆဲ ဖြစ်သည်ဟု  ကျွမ်းကျင်သူများက ဆိုကြသည်။

ပို့ကုန်တိုးမြှင့်ရန်နှင့် အလုပ်အကိုင်များဖန်တီးရန် ရည်ရွယ်သည့် Modi ၏ Make in India ကမ်ပိန်းသည် အခြေအနေများ ပီပြင်လာခြင်း မရှိသေးချေ။
ကုန်ထုတ်လုပ်မှုကဏ္ဍသည် နိုင်ငံစီးပွားရေးတွင် ၁၄% နေရာရထားသော်လည်း ၎င်းပမာဏသည် ဆယ်စုနှစ်များအတွင်း လှုပ်သည်ဆိုရုံမျှသာ လှုပ်သည်။ သိသိသာသာ ပိုများလာခြင်း မရှိခဲ့ချေ။

Make in India ကမ်ပိန်းကို ၂၀၁၄  တွင်စတင်ခဲ့ပြီးကတည်းက ၎င်း၏ အဓိက ပန်းတိုင်တစ်ခု ဖြစ်သည့်  GDP တွင် ကုန်ထုတ်လုပ်မှုဝေစုကို ၂၅% သို့မြှင့်တင်ရန်မှာ ၂၀၂၀ တွင် ပန်းတိုင်ရောက်ရန် ရည်မှန်းထားသည့်အတိုင်း မရောက်ခဲ့ချေ။ ၂၀၂၂ သို့ နောက်ဆုတ်လိုက်သည်။ ၂၀၂၂ တွင်လည်း ပန်းတိုင်သို့ မရောက်သဖြင့် ၂၀၂၅ သို့ နောက်ထပ်ဆုတ်ထားသည်။

 မိုဒီ၏အစိုးရသည် ကုမ္ပဏီများကို ဆွဲဆောင်ရန် နိုင်ငံရေး သို့မဟုတ် လုံခြုံရေးအချက်များအပေါ် မှီခိုနေခြင်းထက် အိန္ဒိယသည် စီးပွားရေးလုပ်ဆောင်ရန် ပိုမိုစျေးသက်သာပြီး လွယ်ကူသောနေရာဖြစ်ကြောင်း သက်သေပြရန် လိုအပ်မည်ဖြစ်သည်။
 
 နိုင်ငံ၏ ဗျူရိုကရေစီယန္တရားကို ကာလရှည်ကြာ ရင်ဆိုင်နေရဆဲ ဖြစ်နေသဖြင့် General Motors Co၊ Ford Motor Co နှင့် Harley-Davidson Inc တို့အပါအဝင် အိန္ဒိယမှ နုတ်ထွက်ခဲ့သော ကုမ္ပဏီများစွာ ရှိ‌ေနသည်။

အသွင်ပြောင်းအိန္ဒိယ၏ မျှော်မှန်းချက်များကို ဖြည့်ဆည်းရန်အတွက် မိုဒီသည် ကြိုးနီစနစ်များကို ဆက်လက်ဖြတ်တောက်ကာ အလုပ်သမားဥပဒေများကို ချောမွေ့အောင် လုပ်ဆောင်ရမည်ဖြစ်သည်။ ထိုအချက်များကို မပျက်မကွက် လုပ်ဆောင်ဖို့ လိုအပ်နေသည်။
စီးပွားရေးလုပ်ငန်းများ မြေယာရရှိရန် သေချာစေရေးသည် နောက်ထပ်အခက်အခဲတစ်ခုဖြစ်သည်။

ကမ္ဘာ့အကြီးဆုံးသံမဏိထုတ်လုပ်သူ ArcelorMittal SA သည် လွန်ခဲ့သည့်ဆယ်စုနှစ်ကျော်က အရှေ့ပိုင်း ဩဒိသ ပြည်နယ်တွင် သံမဏိစက်ရုံတည်ဆောက်ရန် ကြိုးပမ်းခဲ့သည်။
အဓိကကုန်ကြမ်းဖြစ်သည့် သံရိုင်းသတ္တုတူးဖော်ရန် လိုအပ်သော ခွင့်ပြုမိန့်များ မရခဲ့ပါ။ မြေလည်း မရခဲ့ပါ။ သို့ဖြစ်ရာ ရင်းနှီးမြှုပ်နှံမှု အစီအစဉ်ကို ၂၀၁၃ ခုနှစ်တွင် ဖျက်သိမ်းခဲ့သည်။

အလုပ်အကိုင် ရရှိရေးသည် နောက်ထပ် ခေါင်းခဲစရာတစ်ခု ဖြစ်သည်။ 
နှစ်စဉ် အရွယ်ရောက်သူဦးရေ ၁၂ သန်းဝန်းကျင် တိုးနေသော လူဦးရေသည် လုပ်သားအင်အားစုထဲသို့ ရောက်လာပြီး အလုပ်အကိုင် ရှာဖွေကြသည်။ 
ကုန်ထုတ်လုပ်မှုကဏ္ဍ ကြီးထွားမလာခြင်း၊ စိုက်ပျိုးရေးကဏ္ဍ အကျဘက် ရောက်နေခြင်းတို့ကြောင့် အလုပ်အကိုင်ရဖို့ ဝန်ဆောင်မှုကဏ္ဍတွင် စုပြုံတိုးနေကြရသည်။ 
ဝန်ဆောင်မှုကဏ္ဍ ကြီးထွားလာနေသော်လည်း အလုပ်ရှာနေကြသူများအတွက် အလုပ်အကိုင်များ လုံလုံလောက်လောက် မဖန်တီးနိုင်ပေ။

အလုပ်ရှာနေသူတို့ အလုပ်ရဖို့ အရေးကြီးသည်။ သို့မှသာ တစ်ဦးချင်းအရ ဝင်ငွေ မြင့်တက်မည်။ အိမ်နီးနားချင်း ဘင်္ဂလားဒေ့ရှ္နိုင်ငံ၏ တစ်ဦးချင်းအရ ဝင်ငွေသည် $2,723 ဖြစ်ပြီး အိန္ဒိယသည် ဘင်္ဂလားဒေ့ရှ္ကို မမီချေ။
တစ်ဦးချင်းအရ ဝင်ငွေ မြင့်မားမှ ဝယ်ယူသုံးစွဲမှုများ ပိုများနေမည်။ ထိုအခါ လုပ်ငန်းများက ပိုမို ရင်းနှီးမြှုပ်နှံကြမည်။ ထိုအခါ အလုပ်အကိုင်များ ပေါ်ပေါက်လာမည်။  အလုပ်ရှာနေသူများ အလုပ်ရကြမည်။ 

မကြာသေးမီနှစ်များအတွင်း နိုင်ငံခြားအရင်းအနှီး အများအပြားသည် ထုတ်လုပ်မှုကဏ္ဍအစား ဝန်ဆောင်မှုကဏ္ဍသို့ စီးဝင်သည်။ သို့ဖြစ်ရာ ထုတ်လုပ်မှုကဏ္ဍ မကြီးထွားသဖြင့်  Make in India သည် ရောက်ဆဲနေရာမှာသာ ဆက်ရှိနေဦးမည် ဖြစ်သည်။
Source FMT

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Industry Reviews Read 1050 times