ထိုင်းကနစိုသီး တင်သွင်းမှု တရုတ်နိုင်ငံ ရုတ်တရက် ပိတ်ပင်မှု ပြန်လည် ခွင့်ပြု


23 August, 2021

ထိုင်းနိုင်ငံမှာ လောင်ကော်သီးလို့ ခေါ်ကြတဲ့ ကနစိုသီးတွေ တရုတ်နိုင်ငံသို့ တင်ပို့မှုကို တရုတ်နိုင်ငံက ဆိုင်းမပါ ဗုံမဆင့် ပိတ်ပင်လိုက်ပါတယ်။ တရုတ်ပြည်တွင်း ကနစိုသီး စိုက်ပျိုးထုတ်လုပ်သူတွေကို အကျိုးသက်ရောက်မှုက အနည်းအကျဉ်းပဲ ရှိလိမ့်မယ်လို့ အသီးဈေးကွက် ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

တရုတ်နိုင်ငံဟာ ထိုင်းနိုင်ငံအတွက် အကြီးမားဆုံး ကနစိုတင်သွင်းတဲ့နိုင်ငံဖြစ်ခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီ။
ထိုင်းနိုင်ငံ ကနစိုသီး ပြည်ပတင်ပို့မှုရဲ့ ၈၀ % ဝန်းကျင်ကို တရုတ်နိုင်ငံက တင်သွင်းပါတယ်။ ဒါပေမဲ့ လတ်တလောမှာ ထိုင်းနိုင်ငံမှ တင်သွင်းလာတဲ့ ကနစိုသီးတွေမှာ အင်းဆက်ပိုးမွှားတွေ တွေ့ရှိရလို့ တင်သွင်းခွင့် ပိတ်ပင်လိုက်တယ်။ အခုလို ရုတ်တရက် ပိတ်ပင်လိုက်တဲ့အတွက် ထိုင်နိုင်ငံ ကနစိုသီး ကဏ္ဍ အကြီးအကျယ် ထိခိုက်စေပါတယ်။ အထူးသဖြင့် ကနစိုသီး ပေါ်ချိန်မှာ ပိတ်ပင်လိုက်တာ ဖြစ်တဲ့အတွက် ပိုအထိနာ ပါတယ်။ 

ထိုင်းကနစိုသီး

အချက်အလက်များအရ ထိုင်းနိုင်ငံရဲ့ ကနစိုသီးလုပ်ငန်းကဏ္ဍ စီးပွားရေးတန်ဖိုးက နာနတ်သီး၊ ဒူရင်းသီးနဲ့ သရက်သီးတို့ထက် ပိုကြီးမားပါတယ်။ စီးပွားရေး အကျိုးထိရောက်မှု မြင့်မားတဲ့အသီးဖြစ်ပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတို့မှာ ကနစိုသီးများ ထွက်ရှိပြီး အရှေ့ပိုင်းက မြောက်ပိုင်းထက် ပိုများပါတယ်။ ပထဝီအနေအထားအရ ထိုင်းနိုင်ငံ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတို့ အခြေအနေ အနည်းငယ် ကွာခြားပါတယ်။ မြောက်ပိုင်း ကနစိုသီး အရည်အသွေး ပိုကောင်းနေစေပါတယ်။ အသားဖြူတယ်။ အခွံပါးတယ်။ ချိုတယ်။  
အရှေ့ပိုင်း ကနစိုသီးက ပိုကြီးပြီး အသားပိုများပေမဲ့ အခွံပိုထူတယ်။ 

အရှေ့ပိုင်းမှာ ကနစိုသီး ရာသီက စက်တင်ဘာလမှာ စတင်ပြီး နောက်နှစ် မေလအထိ ဆက်တိုက် ထွက်တယ်။ မြောက်ပိုင်းကတော့ တစ်နှစ်ပတ်လုံး ထွက်တယ်။ အများဆုံးထွက်တဲ့လတွေက ဇူလိုင်နဲ့ ဩဂုတ်တို့ ဖြစ်ပါတယ်။ 
ဒီတော့ အရှေ့ပိုင်း နားချိန်မှာ မြောက်ပိုင်းက အများဆုံး ထွက်တယ်။ ဒီတော့ ထိုင်းနိုင်ငံအနေဖြင့် ကနစိုသီးကို ပြည်ပပို့ကုန်အဖြစ် တစ်နှစ်ပတ်လုံး အလုံအလောက် ရရှိနေစေတယ်။ 

တရုတ်ကနစိုသီး

“တရုတ်က ထိုင်းကနစိုကို ပိတ်ပင်လိုက်တာ တရုတ်ပြည်တွင်း ကနစိုသီးလုပ်ငန်းကဏ္ဍကို အလုပ်ဖြစ်စေချင်လို့ ဆိုပေမဲ့လည်း အကျိုးသက်ရောက်မှုက အကန့်အသတ် ရှိနေတယ်။ ပြည်တွင်း ကနစိုသီး ထုတ်လုပ်မှုက ယခုနှစ်မှာ ကြီးမားနေတယ်။ ဝယ်လိုအားထက် ပိုလျှံနေတယ်။ ဒီတော့ ဈေးကျကုန်တာ ပေါ်ဦးပေါ်ဖျားအချိန်ကတည်းက ဖြစ်ပါတယ်။ အခုမှ ထိုင်းကနစိုကို ပိတ်ပင်လိုက်လို့ ဈေးကို ထိန်းနိုင်မှာ မဟုတ်ဘူး။ နောက်တစ်ချက်က အခုဆိုရင် တရုတ်ကနစိုသီး ရာသီ ကုန်ခါနီးနေပြီ။ ဂွမ်ဒေါင်ကို ကြည့်မယ်ဆိုရင် တရုတ်ပြည်မှာ ကနစိုသီး အများဆုံးထွက်တဲ့ ဧရိယာ ဖြစ်ပါတယ်။ ဂွမ်ဒေါင်မှာ ထွက်တဲ့ ကနစိုသီးတွေ ၈၀ % ကျော်ကို ဆွတ်ခူးရောင်းချပြီးနေပြီ။” လို့  Shenzhen City Pengkuda Import and Export Trade Co., Ltd. မှ Mr. Dai Haijun က ရှင်းပြပါတယ်။ 

ကနစိုသီးကို တရုတ်ပြည်မှာ လောင်းယန် (နဂါးမျက်လုံး) လို့ ခေါ်ကြတယ်။ တရုတ်တောင်ပိုင်းမှာ အရေးပါတဲ့ အသီး ဖြစ်ပါတယ်။ ဖူကျင်၊ ဂွမ်ဒေါင်နဲ့ ဂွမ်စီ ပြည်နယ်တွေမှာ ကြီးမားတဲ့ စိုက်ခင်းတွေ ရှိတယ်။ ဒါပေမဲ့ ဈေးကွက်ပျက်နေတာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ဖြစ်ပါတယ်။ 
 Mr. Dai က အခုလို ရှင်းပြတယ်။
 “အခုလို ဖြစ်ရတာ အကြောင်း နှစ်ချက် ရှိတယ်။ ပထမအချက်က ကနစိုသီး ဈေးတက်လာတာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ဖြစ်ပါတယ်။ ဈေးတက်တော့ လယ်သမားတွေ စိတ်ဝင်စားကြတယ်။ သူတို့ အားလုံး ကနစို စိုက်ပျိုးထုတ်လုပ်ကြတယ်။ အခု ထွက်တာက ဝယ်လိုအားထက် ပိုများပြီး အလျှံပယ် ဖြစ်ကုန်တယ်။  ဒုတိယအချက်က စိုက်ပျိုးတဲ့ နည်းပညာက ပိုပိုကောင်းလာတယ်။ ဒီတော့ စိုက်ပျိုးတဲ့သူတွေ အသီးကြီးကြီးရဖို့၊ ထွက်နှုန်းတည်ငြိမ်ဖို့ အရည်အသွေးကောင်းဖို့ သေချာနေစေတယ်။ ဒီတော့ နှစ်စဉ် ထုတ်လုပ်မှုက တစ်နှစ်တက်တစ်နှစ် ပိုများလာပြီး အခုလို ဈေးကွက်ပျက်တဲ့အထိ ဖြစ်ကုန်တယ်”

ဝန်ကြီးချုပ်ဟောင်း ယဉ်လပ်ရှင်နာဝါထရာ အကြံပြုတင်ပြ

တရုတ်အစိုးရ အဝယ်ပိတ်သဖြင့် ထိုင်းလောင်ကော်သီး ဈေးမရဖြစ်နေသည့်ပြဿနာနှင့် စပ်လျဉ်း၍ 
ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ယဉ်လပ်ရှင်နာဝါထရာက သူမရဲ့ Facebook စာမျက်နှာမှာ အကြံပြုချက်ကို  တင်ပြခဲ့ပါတယ်။ 

ဒီနေ့ ဒူဘိုင်းမှာ ရှိတဲ့ စူပါမားကက်တစ်ခုထံမှ လောင်ကော်သီးတွေ ကျမ ဝယ်ခဲ့တယ်။
လောင်ကော်သီးတွေက ကျမ ထိုင်းနိုင်ငံကို လွမ်းဆွတ်မိအောင် ပြုကြပါတယ်။ 
အခုနှစ်က ထိုင်းမှာ ရာသီဥတုကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်ပြီး နှစ်စပိုင်းမှာ အေးခဲ့တယ်။ ရလဒ်အဖြစ် လောင်ကော်သီးအထွက် များခဲ့တာ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် ၂၀% ပိုများခဲ့တယ်။ လောင်ကော်သီးက ပြည်ပတင်ပို့တဲ့ အသီးဖြစ်ပြီး ဝယ်လိုအား မြင့်မားပါတယ်။ ဒါပေမဲ့ ဖြန်ချိရေး လမ်းကြောင်းတွေမှာ အကန့်အသတ်တွေ ရှိနေဆဲ ဖြစ်ပါတယ်။ ကပ်ရောဂါဘေးရဲ့ အကျိုးထိခိုက်မှုတွေကြောင့် ဖြစ်ပါတယ်။ 

အဲဒီအချက်ကြောင့် လယ်သမားတွေရဲ့ ဘဝတွေကို ကျမ စိတ်ပူမိတယ်။ အထူးသဖြင့် မြောက်ပိုင်းမှာ နေကြတဲ့သူတွေ။ သူတို့က လောင်ကော်သီးတွေ အများအပြား စိုက်ပျိုးကြတယ်။ အလျှံပယ် ထုတ်လုပ်တာကြောင့် ဒုက္ခရောက်ကြရတယ်။ နောက်ဆုံးဖြစ်ရပ်မှာ တရုတ်နိုင်ငံက ထိုင်းနိုင်ငံ ကုမ္ပဏီ အများအပြားတို့ထံမှ လောင်ကော်သီးတွေ တင်သွင်းတာကို ရပ်ဆိုင်းထားလိုက်တယ်။ 
စီးပွားရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံအပေါ် တချို့ဟာတွေ ဖြေလျော့ပေးဖို့  တရုတ်အစိုးရနဲ့ ဆွေးနွေးညှိနှိုင်းသင့်တယ်လို့ ကျမ မြင်တယ်။ 
ဘာလို့လဲဆိုတော့ တရုတ်နိုင်ငံက ထိုင်းလောင်ကော်သီးတွေအတွက် နံပါတ်(၁) ပို့ကုန်ဈေးကွက် ဖြစ်နေတယ်။ ပြီးတော့ အခုဟာက ရုတ်တရက်ကြီး အမိန့်ထုတ်လိုက်တာ ဖြစ်နေတယ်။ 

အခုအခါမှာ လောင်ကော်သီးတွေ ဆွတ်ခူးတဲ့အချိန် ဖြစ်နေပြီး ဈေးကွက်ထဲကို လောင်ကော်သီးတွေ အများအပြား ဝင်နေတဲ့အချိန် ဖြစ်နေတော့ ထိခိုက်နစ်နာမှာ သေချာတယ်။ တခြားတစ်ဘက်မှာ ထိုင်းနိုင်ငံက တရုတ်သစ်သီးဝလံ ပမာဏ အများကြီးကို ထိုင်းနိုင်ငံအတွင်း ဖြန့်ချိဖို့ လက်ခံပေးထားတယ်။ ဒီတော့ သက်သာရာသက်သာကြောင်း တစ်နည်းနည်းကို ဆွေးနွေးညှိနှိုင်းဖို့ ဖြစ်နိုင်လောက်တယ်။ 

ဘာပဲဖြစ်ဖြစ် အစိုးရကို စိုက်ပျိုးရေးထုတ်ကုန် ဈေးနှုန်းတွေ နိမ့်ကျနေတဲ့ ပြဿနာကို အလေးအနက်ထားပြီး ရေရှည်ပပျောက်အောင် ဖြေရှင်းပေးဖို့ ကျမ တိုက်တွန်းပါတယ်။ ဘာလို့လဲဆိုတော့ ပြည်နယ်တွေအကြား စိုက်ပျိုးရေးထုတ်ကုန်တွေ ဖလှယ်တဲ့ စီမံကိန်း လုပ်ပေးနိုင်တာက အတော်ကလေး အကန့်အသတ်ရှိနေတယ်။ လယ်သမားတွေကို ကျယ်ကျယ်ပြန့်ပြန့်အထိ မထောက်ကူပေးနိုင်ဘူး။ 

နိုင်ငံတော်က တချို့ဈေးနှုန်းတွေကို ထောက်ပံ့ကြေး စိုက်ထုတ်ပေးလို့ ရတယ်။ ဒါပေမဲ့ လောင်ကော်သီး အလျှံပယ် ဖြစ်နေပြီး ဈေးနှုန်း နိမ့်ကျနေတဲ့  ပြဿနာကို ဖြေရှင်းတာမှာ ပုဂ္ဂလိကကဏ္ဍထံမှ ပူပေါင်းဆောင်ရွက်မှုကို မဖြစ်မနေ တောင်းခံပြီး လောင်ကော်သီး လတ်လတ်ဆတ်ဆတ်တွေကို ဝယ်ယူခိုင်းရမယ်။ သို့မဟုတ်ပြည်ပတင်ပို့ဖို့ စောင့်ဆိုင်းတာအတွက်  စက်ရုံတစ်ခုကို လောာင်ကော်သီးတွေ အခြောက်ခံဖို့နဲ့ စည်သွပ်ဘူးလုပ်ပြီး တာရှည်ခံအောင် လုပ်ထားခိုင်းရမယ်။ လောင်ကော်သီး တစ်မျိုးတည်းတော့ မဟုတ်ပါဘူး။ စိုက်ပျိုးရေး အသီးအနှံတွေ အကုန်လုံးကို အစိုးရက မဖြစ်မနေ ဂရုစိုက်ပေးရမယ်။ ထောက်ကူတဲ့ ဆောင်ရွက်ချက်တွေ အသင့်ပြင်ဆင်ထားသင့်တယ်။ ဒီတော့မှ အခုလို ဝဲဂကယ်မျိုးကို နှစ်စဉ် မကြုံတွေ့မှာ ဖြစ်ပါတယ်။  အလားတူပင် စိုက်ပျိုးရေး ထွက်ကုန်တွေကို စနစ်တကျ ဖြန့်ဖြူးတာကို ကူညီဖို့အတွက် စီမံထုတ်လုပ်တဲ့စက်ရုံကနေ သမပါယမတွေ၊ ဗဟိုဈေးတွေ၊ ခေတ်ပေါ် ရောင်းဝယ်ဖောက်ကားတဲ့ ကုန်တိုက်တွေ အကုန်လုံး ညှိညှိနှိုင်းနှိုင်း ဆောင်ရွက်ကြအောင်လည်း လုပ်ဆောင်ပေးရမယ်။ 

အစိုးရက စိုက်ပျိုးရေး ထုတ်ကုန်တွေ  ဝယ်လိုအားနဲ့ ရောင်းလိုအား ဟန်ချက်ညီစေဖို့ မဟာဗျူဟာ ရေးဆွဲချမှတ်ရမယ်။ ရရှိလာတဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေ၊ တစ်နှစ်တာပတ်လုံး ဈေးကွက်တင်တဲ့ သစ်သီးဝလံတွေ အလျှံပယ်ဖြစ်ခြင်းနဲ့ ဈေးနှုန်းနိမ့်ကျခြင်း ပြဿနာကို စီမံတာမှာ ရေရှည်အတွက် ကျမ အကြံပြုလိုတာက ကျမ ဝန်ကြီးချုပ်တာဝန် စတင်ထမ်းဆောင်စဉ်က စိုက်ပျိုးရေးဇုန်များ ထားရှိတဲ့ လုပ်နည်းကိုင်ဟန်ကို သုံးသပ်သင့်တယ်။ ဘာလို့လဲဆိုတော့ အဲဒီနည်းလမ်းက အမြင့်မားဆုံး အကျိုးအမြတ်ရဖို့ ဆီလျော်တဲ့ စိုက်ပျိုးရေးဧရိယာတွေ စီစဉ်ပေးတယ်။ ဈေးကွက် အခြေခံမူကို လိုက်နာစောင့်ထိန်းထားစဉ်မှာ ထိုင်းလယ်သမားတွေရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးတယ်။ စိုက်ပျိုးရေးစရိတ်ကို လျော့ကျစေတယ်။ ဘာလို့လဲဆိုတော့ သွင်းအားစုတွေကို စိူက်ပျိုးတဲ့အပင်အတွက် လိုအပ်ချက်များနဲ့အညီ ဆီလျော်စွာနဲ့ ထိရောက်စွာ သုံးစွဲတယ်။ 
ပုဂ္ဂလိကကဏ္ဍ၊ ကုမ္ပဏီတွေ၊ ဝယ်နိုင်စွမ်း ရှိတဲ့သူ မည်သူမဆိုကို ကျမ ဖိတ်ခေါ်ပါတယ်။ လောင်ကော်သီးတွေ၊ ဈေးနှုန်းနိမ့်ကျနေတဲ့ 
တခြား စိုက်ပျိုးရေး အသီးအနှံတွေကို ထောက်ပံ့ပေးဖို့အတွက် ကူညီပေးကြပါ။ သူတို့ကို ထောက်ကူဖို့ ကူညီပေးပြီး အခုလို ခက်ခဲနေချိန်ကို အတူတကွ ဖြတ်သန်းပေးကြပါ။


ပြန်လည် စိစစ်ခွင့်ပြု

ဩဂုတ်လ ၁ ၇ ရက်နေ့မှာ တရုတ်အာဏာပိုင်တွေက ထိုင်းကုမ္ပဏီ ၅၆ ခုကို ကနစိုသီး တင်ပို့ခွင့် ပြန်လည် ခွင့်ပြုလိုက်ပါတယ်။ 

ပိတ်ပင်ထားခဲ့တဲ့ ကုမ္ပဏီ ၆၆ ခု ရှိတဲ့အနက် ၅၀ ခုကို ခွင့်ပြုခဲ့ပြီး မတ်လကတည်းက ပိတ်ပင်ထားတဲ့ ကုမ္ပဏီ ၉ ခုအနက် ၆ ခုကို ပြန်လည်ခွင့်ပြုခဲ့ပါတယ်။

ပိုးမွှားထိန်းချုပ်မှုကို တရုတ်နိုင်ငံမှ ပြဋ္ဌာန်းထားတဲ့အတိုင်း လိုက်နာတဲ့ ကုမ္ပဏီတွေအနေဖြင့် ကနစိုသီးကို တရုတ်နိုင်ငံသို့ တင်ပို့ခွင့်များ ဆက်လက်ခွင့်ပြုသွားမယ်လို့ တရုတ်အာဏာပိုင်တွေက ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီအတွက် တရုတ်နိုင်ငံမှာပိုးမွှားကင်းစင်ကြောင်း စစ်ဆေးမှုတွေ ခံယူရမှာ ဖြစ်ပါတယ်။ 
 

Agriculture & Livestock Read 553 times