ပြည်တွင်းထုတ်စက်ပစ္စည်းထုတ်ကုန်ပြပွဲ


27 October, 2018

မန္တလေးတိုင်းရှိ စက်မှုလုပ်ငန်းများမှ ထုတ်လုပ်သည့်စက်ပစ္စည်းများတစ်နေရာတည်း လေ့လာနိုင်စေရန်နှင့်အရည်အသွေးပြည့်ဝသည့်ထုတ်ကုန်များ ပေါ်ထွက်လာစေရေး ပြည်တွင်းထုတ်စက်ပစ္စည်း ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို လာမည့်နိုဝင်ဘာတွင် မန္တလေးစက်မှုဇုန်၌ ကျင်းပမည်ဖြစ်သည်။

‘‘ပြည်တွင်းစက်မှုလုပ်ငန်းရှင်တွေက အခက်အခဲအကျပ်အတည်းများစွာနဲ့ ရင်ဆိုင်နေရချိန် မှာ နိုင်ငံတကာနဲ့ ယှဉ်လိုက်ရင် နောက်ကျမကျန်ခဲ့ဖို့ရယ်၊ ပြည် တွင်းထုတ်စက်ပစ္စည်းများ ထုတ် ကုန်တွေထဲမှာ အရည်အသွေး ပြည့်ဝတဲ့ထုတ်ကုန်တွေ ပေါ်ထွက်လာစေရေးအတွက် ကျင်းပမှာ ဖြစ်ပါတယ်’’ ဟုမန္တလေးစက်မှု ဇုန်စီမံခန့်ခွဲမှုကော်မတီဒုဥက္ကဋ္ဌ ဦးနေဝင်းက ပြောသည်။

အဆိုပါပြပွဲနှင့် ပြိုင်ပွဲကိုမန္တလေးစက်မှုဇုန်ကနောင်ခန်းမ တွင် ၂ဝ၁၈ နိုဝင်ဘာ ၂၇ ရက်မှ ၂၉ ရက်အထိ သုံးရက်ကြာ ကျင်းပမည်ဖြစ်ပြီး စက်မှုထုတ်ကုန်များ ကို တစ်နေရာတည်း လေ့လာနိုင်ရန် မန္တလေးတိုင်းအပြင် မုံရွာ၊ ရွှေဘို၊ မြင်းခြံနှင့် ပခုက္ကူတို့မှ စက်မှုလုပ်ငန်းရှင်များပါ ဖိတ်ခေါ်ထားကြောင်း ၎င်းက ပြောသည်။

အဆိုပါပြပွဲနှင့် ပြိုင်ပွဲတွင် စက်နှင့် စက်ပစ္စည်းဆိုင်ရာ အစိတ်အပိုင်းများ၊ မော်တော်ယာဉ် အမျိုးမျိုးနှင့်ပတ်သက်သည့် အစိတ်အပိုင်းများ၊ လျှပ်စစ်နှင့် အီလက်ထရွန်နစ်ပစ္စည်းများ၊ လယ် ယာသုံးစက်ကိရိယာများ၊ လူသုံး ကုန်များနှင့် စားသောက်ကုန်များ ဟူ၍ ကဏ္ဍခြောက်ခုခွဲကာ ယှဉ် ပြိုင်ပြသစေမည်ဖြစ်ပြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာန၊ မန္တလေးစက်မှုဇုန်ကော်မတီ တို့မှ စိစစ်ကာ ဆုများပေးအပ်မည် ဖြစ်သည်။

ထို့အပြင် အဆိုပါပွဲတွင် ဒေါ်လာဈေးနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှုကဏ္ဍ၊ လယ်ယာသုံးနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ပစ္စည်းများအတွက် စိန်ခေါ်မှုအလားအလာများဟူ၍ အကြောင်း အရာနှစ်ခုကို စကားဝိုင်းပုံစံမျိုး ဖြင့် ဆွေးနွေးမည်ဖြစ်သည်။

‘‘ဆွေးနွေးပွဲတွေ၊ ပြပွဲတွေ အပြင် ရန်ကုန်နည်းပညာတက္ကသိုလ်က ကလေးတွေတီထွင်ထားတဲ့ ပရောဂျက်တချို့ကိုလည်း လုပ်ငန်းရှင်တွေ လေ့လာနိုင်စေဖို့ အတွက် ခေါ်ယူပြသပေးသွားဦး မှာဖြစ်ပါတယ်’’ဟု ပွဲစီစဉ်သူအဖြစ် တာဝန်ယူထားသည့် ငွေပင်လယ်မီဒီယာမှ ဦးဇာနည်က ပြောသည်။

7 day

Events & Exhibition Read 438 times