လင်ချန်း ချင်းရွှေဟော် ရထားလမ်း လာမည့်နှစ်တွင် စတင် တည်ဆောက်ရန် မျှော်မှန်းထား


24 March, 2023

လင်ချန်း ချင်းရွှေဟော် ရထားလမ်း လာမည့်နှစ်တွင် စတင် တည်ဆောက်ရန် မျှော်မှန်းထား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ (လင်ချန်း) နှင့် မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေး၊ ကုန်သွယ်ရေးနှင့်၊ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ လင်ချန်းမြို့၊ လင်ချန်းမြူနီစပယ် ပြည်သူ့အစိုးရအဖွဲ့ မြို့တော်ဝန် Mr. Du Jianhui ဦးဆောင်သည့် အစိုးရအဖွဲ့တာဝန်ရှိကိုယ်စားလှယ် (၇) ဦးတို့သည် ၂၀၂၃ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် ကုန်သည်စက်မှုအသင်းချုပ်သို့ လာရောက်တွေ့ဆုံခဲ့သည်။

ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးအေးဝင်းက တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် ရှည်လျားသည့် နယ်နိမိတ်ခြင်း ထိစပ်မှုရှိပြီး ရှေးယခင်ကတည်းက နီးကပ်သည့် ကူးလူးဆက်ဆံမှုများ ရှိပါကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် အရေးကြီးဆုံး ကုန်သွယ်ဖက် နိုင်ငံဖြစ်ပြီး ပုံမှန်ကုန်သွယ်ရေးရော နယ်စပ်ကုန်သွယ်ရေးပါရှိကြောင်း၊ ကိုဗစ် ၁၉ ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်မှုများ အကြောင်းအမျိုးမျိုးဖြင့် လျော့ကျသွားရာမှ ယခုအခါတွင် နယ်စပ်မှ တဆင့် ကုန်သွယ်မှုပြန်လည်တိုးမြှင့်ရန် အချိန်ကောင်းဖြစ်ပါကြောင်း၊ ကုန်သွယ်မှုချော့မွေ့စေရေးနှင့် ငွေပေးချေမှု ဘဏ်စနစ်ပေါ်မှ ယွမ်/ကျပ် တိုက်ရိုက်ပေးချေမှုတို့မှာ အဆင်ပြေပြေ ဆောင်ရွက်နိုင်ရေးကို အသင်းချုပ်ဘက်မှ တတ်နိုင်သမျှ ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် မြို့တော်ဝန် Mr. Du Jianhui က မိမိအနေဖြင့် အသင်းချုပ်နှင့် ရှေ့ဆက်၍ လက်တွဲပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်း၊ ယခင်ကာလကတည်းက အသင်းချုပ်နှင့် လင်ချန်းအစိုးရအကြား ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊  မြန်မာနိုင်ငံနှင့် လင်ချန်းခရိုင်ကြား ကုန်သွယ်မှုပမာဏ တော်တော်များများရှိကြောင်း၊ မြန်မာနိုင်ငံနှင့်ကုန်စည်စီးဆင်းမှု ပိုမိုကောင်းမွန်စေရန်အတွက် လင်ချန်းနှင့်ချင်းရွှေဟော်မြို့တို့အကြား ရထားလမ်းတည်ဆောက်ရန် ယူနန်ပြည်နယ်ရှိ ဆိုင်ရာဝန်ကြီးဌာနကို တိုက်တွန်းလျက်ရှိပြီး လာမည့်နှစ်တွင် စတင်တည်ဆောက်နိုင်မည်ဟု မျှော်မှန်းထားပါကြောင်း၊ ထို့ပြင် နယ်စပ်ဂိတ်ပေါက်များတွင် အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်လျက်ရှိပြီး နိုင်ငံတကာကုန်သွယ်မှုဇုန် တည်ဆောက်နိုင်ရန် ရည်ရွယ်ထားပါကြောင်း၊ ချင်းရွှေဟော်နယ်စပ်တွင် Free Trade Zone စတင်ဆောင်ရွက်လျက်ရှိပြီး အခြေခံလိုအပ်ချက်များ ပြီးစီးနှင့်ပြီးဖြစ်၍ လာရောက်လည်ပတ် လေ့လာစေလိုပါကြောင်း၊ ယနေ့တွေ့ဆုံမှုသည် ကိုဗစ်ကာလအလွန် ပထမဆုံးအကြိမ်ဖြစ်ပြီး နောက်ပိုင်းတွင် ပိုမိုထိတွေ့ဆက်ဆံသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးတွင် ချင်းရွှေဟော်နယ်စပ် Free Trade Zone ဆောင်ရွက်ဆဲအခြေအနေများ၊ (၄) ကြိမ်မြောက် ကျင်းပသွားမည့် လင်ချန်းမြန်မာ ကုန်စည်ပြပွဲ၊ Transit Trade ကိစ္စ၊ ယွမ်/ကျပ် ငွေပေးချေမှုဆိုင်ရာကိစ္စရပ်များ၊ Border Pass ထုတ်ပေးနိုင်ရေး ကိစ္စနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

လင်ချန်းမြို့သည် ယူနန်ပြည်နယ်၏ အနောက်တောင်အရပ်တွင်တည်ရှိပြီး ဧရိယာအားဖြင့် (၂.၄) သိန်း ကီလိုမီတာ ကျယ်ဝန်းကာ ယခင်နှစ် GDP မှာ တရုတ်ယွမ်ငွေ သိန်းတစ်သောင်းရှိပြီး ယူနန်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုတွင် နံပါတ် (၈) နေရာတွင်ရှိသော မြို့ဖြစ်ပါသည်။
Source UMFCCI
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Investment/Divestment Local News Read 503 times