အသေးစားရေနံချက်လုပ်ငန်းများကို လိုင်စင်ထုတ်ပေးတော့မည်


14 September, 2018

ရေနံစိမ်းဂါလန် ၃၀,၀၀၀ အထိ ချက်လုပ်နိုင်ရန် အသေးစားရေနံချက်လုပ်ငန်းများ (Mini Refinery) ကို ခွင့်ပြုလိုင်စင်ထုတ်ပေးမည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက စက်တင်ဘာ ၁၃ ရက်တွင် ကြေညာသည်။

လျှောက်ထားသူများသည် မြန်မာနိုင်ငံသားနှင့် နိုင်ငံသားပိုင်ကုမ္ပဏီများ ဖြစ်ရမည်ဖြစ်ပြီး အ ချက် ၁၂ ချက်ပြည့်စုံလျှင် လျှောက်ထားနိုင်သည်။

အဆိုပါ လုပ်ငန်းများသည် ရေနံချက်ရာတွင် ရေနံစိမ်းပမာဏအနည်းဆုံးဂါလန် ၃,၀၀၀ မှ အများဆုံးဂါလန် ၃၀,၀၀၀ အထိ ချက်လုပ်ခွင့်ပြုမည်ဟု ဖော်ပြထားသည်။

လျှောက်ထားသူများသည် နိုင်ငံသားဖြစ်ပါက

မှတ်ပုံတင်နံပါတ်၊

လိပ်စာ၊

ကုမ္ပဏီမှတ်ပုံတင်၊

မြေပိုင်ဆိုင်မှု အထောက်အထား၊

လုပ်ငန်းတည်နေရာ အကျယ်အဝန်းနှင့် ပတ်ဝန်းကျင်အနေအထား၊

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ ထောက်ခံချက်၊

စက်ရုံပုံစံစသည့်အချက်များ တင်ပြရမည်ဖြစ်သည်။

ထို့ပြင် ကုန်ကြမ်းရယူမည့် အစီအစဉ်များ၊ ထွက်ရှိမည့် စက်သုံးဆီအမျိုးအစား၊ စက်ရုံတွင် အသုံးပြုမည့် ရေပမာဏနှင့် ရေ ယူမည့်နည်းလမ်း၊ လျှပ်စစ်နှင့် လောင်စာသုံးစွဲမည့် အစီအစဉ်များ တင်ပြရမည်ဖြစ်သည်။

ဝန်ကြီးဌာနက ရေနံစိမ်းတူးဖော်ရေးတွင် လက်ယက်တွင်းများကို ခွင့်ပြုထားပြီး မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင်၌ အများဆုံး ထုတ်လုပ်နေသည်။ ထိုရေနံစိမ်းများကို ဒေသခံများက ချက်ဖိုများတွင် ကိုယ်တိုင်ချက် လုပ်နေသည်။

‘‘မုံရွာဘက်မှာရှိတဲ့ ချက်ဖိုတွေကတော့ မြန်မာ့နည်း၊ မြန်မာ့ဟန်နဲ့ တည်ဆောက်ထားတဲ့အတွက်ကြောင့် ထွက်လာတဲ့အရည် အသွေး တည်ငြိမ်ချင်မှ တည်ငြိမ်မယ်၊ သူလည်းသူ့ဟာနဲ့သူ ကောင်းပါတယ်။ သူတို့လည်း ခေတ်မီအောင် ကြိုးစားပြီး ထုတ်ပါတယ်’’ ဟု မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မြင့်က ပြောသည်။

အစိုးရ ထုတ်ပြန်ချက်တွင်ပါသည့် သတ်မှတ်ချက်သည် ရေနံချက်ဖိုထက် ရေနံချက်လုပ်ပြီး အဆင့်မြင့် ဆီထုတ်ရန်ဖြစ်ပြီး ထိုစနစ်သည် ကုန်ကျစရိတ်များနိုင်ကြောင်းနှင့် ထိုပမာဏကို ဒေသခံလုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံမည်မဟုတ်ကြောင်း မကွေးတိုင်း၌ ရေနံချက်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ပြည်တွင်း၌ ဒီဇယ်နှင့် ဓာတ်ဆီသာထုတ်လုပ်နိုင်ပြီး ပရီမီယံအဆင့် မထုတ်နိုင်သေးကြောင်း ၎င်းက ပြောသည်။ ‘‘ဂါလန် ၃,၀၀၀ နဲ့ ၃၀,၀၀၀ ကြားထုတ်နိုင်တယ်။ အဆင့်မြင့်ဆီလို့ ပြောထားတယ်။ ဒီလိုဆိုထားရင် ကျပ်သိန်း သုံး၊ လေးသောင်းရင်းမှ စက်က ဒီနိုင်ငံရောက်မယ်။ ဒီနည်းပညာတိုင်းဆိုရင် ထုတ်ဖို့ဆိုရင် မလွယ်ဘူး။ တရုတ်စက်တွေတော့ ရှိတယ်။ ကြံ့ခိုင်မှုတော့ မသေချာဘူး။ ဒီလောက်ပမာဏကို ဘယ်သူက စွန့်စားပြီး လုပ်နိုင်မလဲ။ ဒေသခံတွေအတွက် မဖြစ်နိုင်ဘူး’’ ဟု မကွေးတိုင်း ရေနံလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။ မြန်မာနိုင်ငံတွင် သန်လျင်နှင့် ချောက်မြို့၌ အစိုးရပိုင်ရေနံချက်စက်ရုံ နှစ်ရုံရှိပြီး ယင်းတို့ကို ၁၉၅၀ နှင့် ၁၉၆၀ တို့တွင် ဆောက်လုပ်ခြင်း ဖြစ်သည်။

မကွေးတိုင်းတွင် အစိုးရက ရေနံချက်စက်ရုံတည်ထောင်ရန် စီစဉ်ထားပြီး တစ်နှစ်လျှင် ရေနံစိမ်း တန်နှစ်သန်းချက်လုပ်နိုင်မည်ဟု ဆိုထားသည်။

7 day

Local News Tips Read 4169 times