အမေရိကန်ဒေါ်လာ ၂ သိန်းခွဲ ရနိုင်မယ့်  မော်ထိုင်းအရက်ပုလင်း


11 January, 2022

အမေရိကန်ဒေါ်လာ ၂ သိန်းခွဲ ရနိုင်မယ့်  မော်ထိုင်းအရက်ပုလင်း

အရက်တပုလင်းအတွက် ဒေါ်လာ ရာထောင်ချီပြီး ပေးဖို့ ဈေးခေါ်ရတာ မလွယ်ဘူးဆိုတာ သေချာပေမဲ့ ၁၉၅၉ ခုနှစ်ထုတ် ဘိုင်ဂျူအရက် တစ်ပုလင်းကို ခရစ္စတီးလေလံမှာ ကြမ်းခင်းဈေး အမေရိကန်ဒေါ်လာ ၂သိန်းခွဲ သတ်မှတ်ထားပါတယ်။ 

 

 

အရက်ပုလင်းက ရှားမှရှား ဖြစ်ပြီး ပုလင်းကို ကြာ သေသေချာချာ သိမ်းဆည်းထားတာကြောင့် နှစ်ကာလရှည်နေပြီ ဖြစ်ပေမဲ့လည်း အခြေအနေ ယိုယွင်းခြင်း ကင်းပါတယ်။
လေလံမှာ တခြားမော်တိုင်းအရက်ပုလင်း အတော်များများကိုလည်း အတွဲလိုက် လေလံတင်မှာ ဖြစ်ပြီး တစ်တွဲကို အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ကျော် ရလိမ့်မယ်လို့ မျှော်မှန်းထားပါတယ်။

၂၀၂၂ ဇန်နဝါရီလ ၁၃ ရက်ကို နောက်ဆုံးရက် သတ်မှတ်ထားတဲ့ အွန်လိုင်းလေလံမှာ အရက်ပုလင်း အစုအတွဲ ၁၀၀ ပါဝင်ပါတယ်။ တန်ဖိုးတွေက ကန်ဒေါ်လာ ၁၂၅,၀၀၀ မှ ၂၅၀,၀၀၀ အထိ ဖြစ်ပါတယ်။

လေလံတင်မယ့် အရက်ပုလင်းတွေထဲမှာ ၁၉၅၉ ခုနှစ်ထုတ် အရက်ပုလင်းတွေက ခြွင်းချက်ထားရမယ့် ရှားပါးပစ္စည်းများ ဖြစ်ပါတယ်။ အခု‌လို သက်တမ်းရင့် မော်တိုင်းအရက် ရဖို့က အတော်ခဲယဉ်းပါတယ်။ အတုတွေကလည်း ပေါများပါတယ်။ 

ရှားရှားပါးပါး အစစ်ပုလင်းက အသစ်အတိုင်း ပကတိအခြေအနေမှာ ရှိနေပြီး အလေးချိန် 887g ရှိပါတယ်။ ဒီတော့ ပုလင်းထဲမှ အရက် အငွေ့ပျံ ဆုံးရှုံးခဲ့တာ ၁၀% အောက်မှာပဲ ရှိနေပါတယ်။ ဒီအချက်က အရက်ပုလင်းကို အလွန်အမင်း ကောင်းမွန်တဲ့  အခြေအနေဖြင့် သိမ်းဆည်း ထားခဲ့ကြောင်း သက်သေထူပါတယ်လို့ ခရစ္စတီး ဝိုင်ဌာနရဲ့ အရက်ကျွမ်းကျင် ပညာရှင် Fiona Hui က ပြောကြားပါတယ်။

အဲဒီ အရက်ပုလင်းတွေကို တရုတ်နိုင်ငံမှ တရုတ်စုဆောင်းသူတစ်ဦးက ပိုင်ဆိုင်ပါတယ်။

 

၁၉၅၉ ထုတ် Wuxing Mao-tai အရက်ပုလင်း ထိပ်ပိုင်း

 

ဂျပန်နိုင်ငံ ကိုယ်စားပြု ဆာကေးအရက်၊ ရုရှားနိုင်ငံ ကိုယ်စားပြု ဗော့ဒ်ကာအရက်နည်းတူ မော်တိုင်းအရက်က တရုတ်နိုင်ငံ ကိုယ်စားပြု အရက် ဖြစ်ပါတယ်။ နိုင်ငံခြားသား ဧည့်သည်တော်တွေကို တိုက်ဖို့ ဂုဏ်ဆောင်အရက် ဖြစ်ပါတယ်။

တရုတ်ပြည်တွင်းမှာသာ အများဆုံး သုံးစွဲတာ ဖြစ်ပေမဲ့ ဘိုင်ဂျူးအရက် ထုတ်လုပ်တဲ့လုပ်ငန်း Kweichow Moutai က ၂၀၂၀ ခှနှစ်မှာ ကမ္ဘာ့အကြီးမားဆုံး အရက်ထုတ်လုပ်ရေးလုပ်ငန်း ဖြစ်လာခဲ့ပါတယ်။
 
Mao-tai မော်တိုင်းဆိုတဲ့အမည်က ဒေသစွဲဖြင့် တွင်တဲ့အမည် ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ကွေ့ကျိုပြည်နယ်ရှိ မော်တိုင်းမြို့မှာ ချက်တဲ့အရက် ဖြစ်တာကြောင့် မော်တိုင်းအရက်လို့ ခေါ်ဝေါ်ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ Kweichow Moutai မှ ထုတ်လုပ်တဲ့ ဘိုင်ဂျူး baijiu အရက်ကိုသာ မော်တိုင်း Mao-tai လို့ အမည်ပေးထားပြီး မော်တိုင်းမြို့မှာ ချက်လုပ်တဲ့ အခြားအရက်တွေကိုတော့ မော်တိုင်းမြို့ ဘိုင်ဂျူး Maotai Town baijiu လို့ ခေါ်ဝေါ်ကြပါတယ်။

Kweichow Moutai မှ ထုတ်လုပ်တဲ့ အရက် ၂ မျိုး ယခုလေလံမှာ ပါဝင်ပါတယ်။ Wuxing နဲ့  Feitian ဖြစ်ပြီး အရက်က အတူတူ ဖြစ်ပါတယ်။ ထုပ်ပိုးပုံ ကွာခြားပါတယ်။
Wuxing မော်တိုင်းကို ပြည်တွင်းဈေးကွက်အတွက် ထုတ်လုပ်ပါတယ်။ 

 

 

Mao-tai အရက်ပုလင်းကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးပါတယ်။ လက်လီဆိုင်မှာ လူတစ်ဦးလျှင် ၂ ပုလင်းသာ ဝယ်ယူခွင့် ရှိပါတယ်။
ကန့်သတ်ထားတာကြောင့် ပြင်ပဈေးကွက် ဖြစ်ပေါ်နေပြီး စက်ရုံထုတ်ဈေးထက် ဈေးပိုကြီးပါတယ်။

မော်တိုင်းက မီးတောက်အရက် ဖြစ်လို့ အနာတရ ဖြစ်ရင် ဒဏ်ရာကို ဆေးကြောဖို့လည်း သုံးကြပါတယ်။

 

 

 မော်တိုင်းအကြောင်းပြောရင် တရုတ်နိုင်ငံရေး ခေါင်းဆောင် မော်စီတုံးပါမှ ပြည့်စုံပါလိမ့်မယ်။
 ဥက္ကဋ္ဌကြီးမော်က မော်တိုင်းအရက်ရဲ့ အရည်အသွေးနဲ့ အလားအလာကောင်းတာကို အသိအမှတ်ပြုပါတယ်။ အရက်ချက်ဖို့သုံးတဲ့ရေ ရယူတဲ့ မြစ်နဲ့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ပေးတဲ့ မူဝါဒ ချမှတ်ပြဌာန်း ပေးခဲ့ပါတယ်။
 အမေရိကန်သမ္မတနစ်ဆင် တရုတ်ပြည်ကို အလည်လာစဉ် မော်တိုင်းနဲ့ ဧည့်ခံခဲ့ပါတယ်။

လေလံမှာ  “In Memory of Great Man’s 120th Anniversary of Birth Package Mao-tai” ဆိုတဲ့ မော်တိုင်းအရက်ပုလင်း သုံးတွဲပါဝင်ပါတယ်။ ဥက္ကဋ္ဌကြီးမော်ရဲ့ ၁၂၀ နှစ် မွေးနေ့အထိမ်းအမှတ် ထုတ်ပိုးထားတာ ဖြစ်ပါတယ်။ တတွဲမှာ ၃ ပုလင်းစီ ပါဝင်ပြီး တစ်တွဲကို ကန်ဒေါ်လာ ၁၄,၀၀၀ အထိတန်ဖိုးသတ်မှတ်ထားပါတယ်။ 

Tips Read 880 times