ကိုရီးယားလုပ်ငန်းရှင်များမှ မြန်မာ့သနပ်ခါး ဝယ်ယူရန် စိတ်ဝင်စား


21 May, 2019

ကိုရီးယားနိုင်ငံမှ ဘူဆန်ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ အလှကုန်လုပ်ငန်းရှင် (၁၂) ဦးပါဝင်တဲ့ အဖွဲ့က မြန်မာနိုင်ငံမှာ အလှကုန်လုပ်ငန်းနဲ့ပတ်သက်ပြီး ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်အတွက် မေလ ၁၆ ရက်နေ့က ကုန်သည်စက်မှုအသင်းချုပ်သို့လာရောက်ကာ မြန်မာလုပ်ငန်းရှင်များနှင့်အတူ တွေ့ဆုံခဲ့ပါတယ်။

လက်ရှိအချိန်တွင် ကိုရီးယား အလှကုန်လုပ်ငန်းရှင်များက မြန်မာနိုင်ငံ၌ ကိုရီးယားအလှကုန်များကို စိတ်ဝင်စားမှု မြင့်တက်နေတယ်လို့ ကြားသိရပြီး မြန်မာလုပ်ငန်းရှင်များနဲ့ ချိတ်ဆက်ကာ စီးပွားရေး ပူးပေါင်းဆောင်ရွက်လို၍ လာရောက်ခြင်းဖြစ်တယ်လို့ သိရှိရပါတယ်။

ဒါ့ပြင် ကိုရီးယား အလှကုန်လုပ်ငန်းရှင်အချို့မှ မြန်မာ့သဘာဝသနပ်ခါးကို ဝယ်ယူပြီး ကိုရီးယားသို့ တင်သွင်းရန်နဲ့ အဆင့်မြှင့်အလှကုန်အဖြစ် ထုတ်လုပ်ရန်အတွက်လည်း စိတ်ဝင်စားကြောင်း အသင်းချုပ်ထံမှ သိရပါတယ်။

 မြန်မာနိုင်ငံရဲ့ အလှကုန်နဲ့ပတ်သက်တဲ့ လက်လီ၊ လက်ကား ဈေးကွက်အခြေအနေများနဲ့ မြန်မာ့သနပ်ခါးရဲ့ သဘောသဘာဝနဲ့ ကိုရီးယားကို တင်သွင်းဖို့ စိတ်ဝင်စားပါက ကူညီဆောင်ရွက်ပေးမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် ကိုရီးယားနိုင်ငံအနေဖြင့် နှစ်စဉ် ရင်းနှီးမြှုပ်နှံမှုအဆင့်၌ ၄၉ နိုင်ငံတွင် နံပါတ် ၆ အဆင့်တွင် ရှိနေပြီး ရင်းနှီးမြှုပ်နှံမှုပမာဏက ၂၀၁၉ ခုနှစ် မတ်လအထိ အမေရိကန်ဒေါ်လာ ၃.၉၅၃ ဘီလီယံရှိကြောင်း အသင်းချုပ်ထံမှ သိရပါတယ်။

အဆိုပါဆွေးနွေးပွဲကို အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက် တက်ရောက်ခဲ့ပြီး ကိုရီးယားလုပ်ငန်းရှင်များအနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန်အတွက် သိရှိလိုတဲ့ ရင်းနှီးမြှုပ်နှံမှု မူဝါဒနဲ့ ဥပေဒများကို ရှင်းလင်းတင်ပြခဲ့ပြီး အလှကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းရောင်းချရန်အတွက် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်များကိုလည်း ဖြေကြားပေးခဲ့ပါတယ်။

 UMFCCI 

Local News Read 789 times