သင်္ဘောကျင်း ပြည်ပလုပ်သား E-7 ဗီဇာ တောင်ကိုရီးယား ဖြေလျော့


24 April, 2022

သင်္ဘောကျင်း ပြည်ပလုပ်သား E-7 ဗီဇာ တောင်ကိုရီးယား ဖြေလျော့

 

သင်္ဘောကျင်း ကျွမ်းကျင်ပြည်ပလုပ်သား ၄,၄၂၈ ဦး ကို လုပ်ငန်းငယ် ၃၃၅ ခုအတွက် E-7 ဗီဇာများ ထုတ်ပေးမည်ဖြစ်သည်။ 
အဆိုပါလုပ်ငန်းငယ်များသည် တောင်ကိုရီးယားမှ သင်္ဘောကျင်းနှင့် ပင်လယ်ရေကြောင်း လုပ်ငန်း၇ ခုနှင့် လက်တွဲထားသော လုပ်ငန်းငယ်များ ဖြစ်သည်။
အကျုံးဝင်သည့် လုပ်သား အမျိုးအစားများမှာ ဂဟေသမား၊ ဆေးသုတ်သမား၊ လျှပ်စစ်အင်ဂျင်နီယာ၊ စက်ရုံအင်ဂျင်နီယာတို့ ဖြစ်သည်။


ပြည်တွင်း သင်္ဘောကျင်းလုပ်ငန်းများက တောင်းဆိုကြသောကြောင့် လိုက်လျောပေးလိုက်ခြင်း ဖြစ်သည်။

ယခုအခါ တောင်ကိုရီးယားမှ သင်္ဘောကျင်း လုပ်ငန်းများ အခြေအနေ ပြန်ကောင်းလာပြီး သင်္ဘောအသစ်များ တည်ဆောက်ပေးရန် အမှာစာများ လက်ခံရရှိသည်။ ထိုအခါ သင်္ဘောကျင်းများတွင် လုပ်သားအင်အား မလုံလောက်သည့် ပြဿနာကို ရင်ဆိုင်‌ေနကြရသဖြင့် ပြည်ပကျွမ်းကျင်လုပ်သားများဖြင့် ဖြည့်တင်းခြင်း ဖြစ်သည်။

 Korea Offshore Shipbuilding Association (KOSHIPA) မှ ထုတ်ပြန်သော အချက်အလက်များအရ သင်္ဘောကျင်းလုပ်ငန်းကဏ္ဍ အထွတ်အထိပ်ရောက်သည့် ၂၀၁၄ ခုနှစ်တွင် သင်္‌ဘောကျင်းကဏ္ဍတွင် လုပ်သားအင်အားဦးရေ ၂၉၃,၀၀၀ ရှိခဲ့သည်။ ၈ နှစ်တာ ကြာပြီးချိန်တွင် ထက်ဝက်လျော့ကျသွားသည်။ ယမန်နှစ်က လုပ်သားအင်အား ဦးရေ ၉၂,၀၀၀ မျှသာ ရှိခဲ့သည်။ 
 လက်ရှိအနေအထားတွင် သင်္ဘောကျင်းကဏ္ဍတွင် လာမည့် စက်တက်ဘာလမှာ လုပ်သားဦးရေ ၉,၅၀၀ ဖြည့်တင်းရန် လိုအပ်လိမ့်မည်။ ပြည်တွင်း သင်္ဘောကျင်းများသည် နည်းပညာ အဆင့်မြင့်သည့် သင်္ဘောများ တည်ဆောက်ပေးရန် အမှာစာများအတွက် သင်္ဘောများ တည်ဆောက်ပေးရမည် ဖြစ်သည်။
 
E-7 ဗီဇာ ရထားသူသည် အရည်အချင်းနှင့် တတ်ကျွမ်းမှု ပြည့်မီပါက နိုင်ငံပိုင် လုပ်ငန်းတွင်ဖြစ်စေ၊ ပုဂ္ဂလိကပိုင် လုပ်ငန်းတွင်ဖြစ်စေ အလုပ်ဝင်လုပ်ခွင့် ရှိသည်။
 
  
ယခင်က ပြဋ္ဌာန်းထားသည့် ခွဲတမ်းစနစ်ကို ဖျက်သိမ်းမည် ဖြစ်သည်။ ထိုခွဲတမ်းစနစ်အရ ဆိုလျှင် တောင်ကိုရီးယားတွင် ဂဟေသမား ၆၀၀ ဦးနှင့် ဆေးသုတ်သမား ၃၀၀ ဦးအထိသာ ဗီဇာ ထုတ်ပေးသည်။ 
ခွဲတမ်းစနစ်ဟောင်း ဖျက်သိမ်းလိုက်သော်လည်း E-7 ဗီဇာကို ၄,၄၂၈ ဦးထက် မပိုရန် ကန့်သတ်ချက် ဘောင်ခတ်ထားသည်။
ပြည်ပလုပ်သားဦးရေသည် နိုင်ငံသား လုပ်သားဦးရေ စုစုပေါင်း၏ ၂၀%ထက် မကျော်စေရ ဟူသည့် ပြဋ္ဌာန်းချက်ကြောင့် ဖြစ်သည်။
 
အကျုံးဝင်ရန် အရည်အချင်း သတ်မှတ်ချက်များ ကိုလည်း ဖြေလျှော့ပေးထားသည်။ လုပ်သက် အတွေ့အကြုံ မရှိသေးသည့် လူသစ်တန်း ဂဟေသမားများ၊ လျှပ်စစ်ပညာရှင်များကို အကျုံးဝင်သည်ဟု သတ်မှတ်ပေးလိုက်သည်။ ယခင်က လုပ်သက်အတွေ့အကြုံမရှိသေးပါက ဆေးသုတ်သမားများကိုသာလျှင် အကျုံးဝင်သည်ဟု သတ်မှတ်ထားသည်။

E-7 ဗီဇာ ရထားသူများကို Korea Trade-Investment Promotion Agency (KOTRA) က ကိုရီးယားဘာသာစကား သင်ယူရန် ကူညီပေးမည်။ ထို့ပြင် ကိုရီးယား ထုံးတမ်းဓလေ့နှင့် ယဉ်ကျေးမှု၊ လက်ရှိဖြစ်ပေါ်နေသော လူမှုကိစ္စရပ်များကိုလည်း သင်ပြပေးမည်ဖြစ်သည်။
ထိုအတွက် သင်တန်းများကို တောင်ကိုရီးယားနိုင်ငံရှိ တက္ကသိုလ်များတွင် သင်တန်းပို့ချပေးမည်။ 

Labour Affairs Read 3055 times