တောင်ကိုရီးယားတွင် ခွက်ဟောင်းပြန်သိမ်း အစီအစဉ် စတင်


06 May, 2022

တောင်ကိုရီးယားတွင် ခွက်ဟောင်းပြန်သိမ်း အစီအစဉ် စတင်

ရာသီဥတု ဖောက်လွှဲဖောက်ပြန် ဒုက္ခပေးခြင်းကို တိုက်ပွဲဝင်ဖို့ တစ်ခါသုံးပစ္စည်း အမှိုက်များ လျှော့ချရန်နှင့် တိုင်းပြည်၏ အရင်းအမြစ်များ ချွေတာရန်အတွက် တောင်ကိုရီးယား အစိုးရက တစ်ခါသုံးခွက် သုံးစွဲပြီးချိန်မှာ ပြန်လာအပ်တဲ့သူအတွက်  ဆုကြေး ချီးမြှင့်ပါတယ်။
စမတ်ဖုန်းအက်ပ်တစ်ခုကို အသုံးပြုပြီး ဆုကြေးကို အက်ပ်မှတစ်ဆင့် စာရင်းသွင်းပေးပါတယ်။
နိုင်ငံတစ်လွှားမှာရှိတဲ့ ကော်ဖီဆိုင်တွေမှာ တစ်ခါသုံးခွက်ဖြင့် ကော်ဖီဝယ်သောက်ပြီးတဲ့အခါ ခွက်ကို ပြန်လာအပ်တဲ့သူကို ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ဝမ် ၃၀၀ ဆုချပါတယ်။ ဝမ် ၃၀၀ က အမေရိကန်ဒေါ်လာ ၀.၂၄ နှင့် ညီမျှပါတယ်။ ခွက်လာအပ်သူရဲ့ စမတ်ဖုန်းထဲမှ အက်ပ်မှာ  "resource circulation deposit" ကို စာရင်းမှတ်ပေးပါတယ်။ အက်ပ်ကို Google Play Store နှင့်  Apple App Store တို့မှာ ရယူနိုင်ပါတယ်။

ဇွန်လ ၁၀ ရက်မှာ စတင်ကျင့်သုံးတော့မယ့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး မူဝါဒအသစ်ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ကြိုတင်မိတ်ဆက်တဲ့ ခွက်ပြန်သိမ်း အစီအစဉ် ဖြစ်ပါတယ်။ 
စမ်းသပ်အဆင့် ဝန်ဆောင်မှုကို မေလ ၆ ရက်မှာ Sejong တွင် တည်ရှိတဲ့ ကော်ဖီဆိုင် ၄ ဆိုင်ဖြင့် စတင်ခဲ့ပါတယ်။ အစီအစဉ်ကို စိတ်ဝင်စားတဲ့ ဆိုင်များကို တိုးချဲ့လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။ စမ်းသပ်အဆင့်ကို ဇွန်လ ၉ ရက်အထိ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ပါဝင်လုပ်ကိုင်တဲ့ ဆိုင်များကို ဘားကုတ်ပါတဲ့ ခွက်များ ပေးအပ်ထားပါတယ်။ ခွက်လာအပ်တဲ့အခါ ဆိုင်မှာ ခွက်ပေါ်က ဘားကုတ်ကို ဖတ်ရပါတယ်။ လာအပ်သူရဲ့ စမတ်ဖုန်းမှာ တင်ထားတဲ့ အက်ပ်မှ ဘားကုတ်ကိုလည်း ဖတ်ရပါတယ်။ ပြီးတဲ့အခါ ခွက်လာအပ်သူရဲ့ ဘဏ်စာရင်းထဲသို့ ဆုကြေးကို အလိုအလျောက် ထည့်ပေးလိုက်ပါတယ်။ တကယ်လို့ ငွေသားဖြင့် လိုချင်ရင် ဆိုင်မှဝန်ထမ်းထံ တောင်းခံရယူနိုင်ပါတယ်။

တောင်ကိုရီးယားမှ branded cafe ဈေးကွက်က အာရှမှာ အကြီးမားဆုံး ဖြစ်ပါတယ်။ ကေည်ဖီဆိုင်ပေါင်း ၇၀,၀၀၀ ကျော် ရှိပါတယ်။ တစ်ခါသုံးခွက် တစ်နှစ်လျှင် ၈.၄ ဘီလျံ ဝန်းကျင် သုံးစွဲပါတယ်။ 

Global News Read 276 times