ဒီဇင်ဘာ ၅ ရက်တွင် ကန်ပိုက်တီမြို့ နယ်စပ်ကုန်သွယ်ရေးဂိတ် ပြန်လည်ဖွင့်လှစ်မည်


03 December, 2021

ကချင်ပြည်နယ်နှင့် ထိစပ်လျက်ရှိသည့် တရုတ်နိုင်ငံ၏ ကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်သည့် ဝိုင်းမော်မြို့နယ် ကန်ပိုက်တီမြို့ နယ်စပ်ကုန်သွယ်ရေးဂိတ်ကို ဒီဇင်ဘာ ၅ ရက်တွင် ပြန်လည်ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ကချင်ပြည်နယ် သီးနှံစိုက်ပျိုးရေး လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးစောအေးချမ်းထံမှ သိရသည်။
ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးဂိတ်ကို ဇူလိုင် ၁၃ ရက်မှစတင်၍ မြန်မာနိုင်ငံအတွင်း ကိုဗစ်တတိယလှိုင်းတွင်ပိတ်ထားခဲ့ရာမှ ယခုအခါ ပြန်လည်ဖွင့်လှစ်နိုင်ရေး တရုတ်နိုင်ငံ ကုန်သည်ကြီးများအသင်းမှ ကိုယ်စားလှယ်အဖွဲ့နှင့် မြစ်ကြီးနားခရိုင် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့မှ မြစ်ကြီးနားမြို့တွင် နိုဝင်ဘာ ၃ရက်မှစတင်၍ (၈)ကြိမ်တိုင်ညှိနှိုင်းခဲ့ပြီး (၉)ကြိမ် မြောက် ညှိနှိုင်းအစည်းအဝေးမှ သဘောတူညီချက်များ ရရှိခဲ့ခြင်းဖြစ်သည်။
ညှိနှိုင်းဆွေးနွေးပွဲမှ သဘောတူညီချက်တွင် မြန်မာနိုင်ငံသားယာဉ်မောင်း ၅၀၀ ဦးအား PCR စက်ဖြင့် ကိုဗစ်ရောဂါပိုးရှိ၊ မရှိ စစ်ဆေးရန်၊ ကျန်းမာရေးစစ်ဆေးရေး ဂိတ်များထားရှိရန် နေရာသတ်မှတ်ခြင်း၊ ယာဉ်အား မောင်းနှင်ပို့ဆောင်ခြင်းနှင့် ပြန်လည် ရယူခြင်း၊ ကျန်းမာရေးစစ်ဆေးချက်များအရ သတ်မှတ်ချက်များအတိုင်း နေထိုင်ပြုမူရေး စသည့်အချက်များပါဝင်ပြီး ယခုခွင့်ပြု စမ်းသပ်မောင်းနှင်မည့် ကုန်သွယ်မည့်ယာဉ်အစီးရေ ၅၀၀ အပြင် လိုအပ်ချက်ရှိပါက ဆက်လက်ခွင့်ပြုနိုင်ရေးတို့ ပါဝင်ကြောင်း သိရသည်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်နှင့် မြစ်ကြီးနားမြို့နယ်တို့တွင် တစ်ရှူးငှက်ပျော စိုက်ပျိုးရေးကုမ္ပဏီများရှိပြီး တစ်ရှူးငှက်ပျော များမှာ ဒီဇင်ဘာလတွင် ၂၂ ဘီးတွဲကားမော်တော်ယာဉ်အစီးရေ ၈၀ ခန့်ထွက်ရှိပြီး ၂၀၂၂ခုနှစ် ဇန်နဝါရီလမှစတင်၍ ငှက်ပျော တင်ယာဉ်အစီးရေ ၃၀၀ ခန့်အထိ နေ့စဉ်ထွက်ရှိနိုင်မည်ဖြစ်ကာ ဒေသတွင်းစိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်နေသည့် ကုမ္ပဏီများမှ လည်း ကန်ပိုက်တီနယ်စပ် ကုန်သွယ်ရေးဂိတ်ဖွင့်လှစ်ရန် လိုလားလျက်ရှိနေသကဲ့သို့ ဒေသတွင်းသို့ ပုံမှန်ဝင်ရောက်မည့် စားသောက်ကုန်၊ လူသုံးကုန်နှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းကိရိယာများ သယ်ယူပို့ဆောင်သည့် လုပ်ငန်းရှင်များကလည်း ဒေသတွင်းနေပြည်သူများ ဈေနှုန်းသက်သာစွာ ရောင်းချခွင့်ရရှိရန် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးဂိတ်အား ပြန်လည်ဖွင့်လှစ်ရန် မျှော်လင့်လျက် ရှိကြောင်းသိရသည်။ 
မိုဃ်းကျ(မြစ်ကြီးနား)

Export, Import Read 3526 times