ရေအားလျှပ်စစ်စက်ရုံ ငါးရုံကို ပြင်သစ်ဖွံ့ဖြိုးရေးအေဂျင်စီ ( AFD ) ထံမှ ချေးငွေ ယူရို ၃၅.၇ သန်းရယူပြီး အလုံးစုံပြုပြင်မွမ်းမံကာ အဆင့်မြှင့်တင်သွားမယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောပါတယ်။
ဒီစက်ရုံငါးရုံရဲ့ စက်သက်တမ်းတွေက ၁၀ နှစ်ကျော်ကနေ နှစ် ၃၀ ကျော်အထိ မောင်းနှင်ထားတဲ့ စက်တွေဖြစ်နေပြီး အကြီးစားပြင်ဆင်မှုတွေ ဆောင်ရွက်နိုင်ခြင်းမရှိတဲ့အတွက်ကြောင့် စက်တွေကို စိတ်ချလက်ချ မောင်းနှင်နိုင်မှုကျဆင်းလာပြီး တာဘိုင်၊ ဂျင်နရေတာ၊ ထိန်းချုပ်မှုစနစ်တွေမှာ မကြာခဏ ချို့ယွင်းမှုတွေ ပေါ်ပေါက်လာပါတယ်။
ဓာတ်အားပေးစက်ရုံတွေ ချို့ယွင်းမှုဖြစ်လို့ ပြန်လည်ပြုပြင်ရတဲ့အခါ ကာလရှည်ရပ်တန့်ရရင် ဓာတ်အားစနစ်အတွင်းမှာ ဓာတ်အားထုတ်လုပ်နိုင်မှု လျော့နည်းပြီး ဓာတ်အားပြတ်တောက်မှုတွေလည်း ဖြစ်ပေါ်ပါတယ်။ ဒါ့ကြောင့် ရေရှည်မှာ လျှပ်စစ်ပိုမိုထုတ်လုပ်နိုင်ရေးအတွက် အကြီးစားပြင်ဆင်ခြင်းနဲ့ အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်မှာ ဖြစ်ပါတယ်။
အဆင့်မြှင့်တင်မယ့် ရေအားလျှပ်စစ်စက်ရုံငါးရုံတွင် ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ်မှ ရဲနွယ်ရေအားလျှပ်စစ်စက်ရုံ၊ မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့မှ မုန်းချောင်းရေအားလျှပ်စစ်စက်ရုံ၊ မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်မှ ကင်းတားရေအားလျှပ်စစ်စက်ရုံ၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်မှ ဇောင်းတူရေအားလျှပ်စစ်စက်ရုံနဲ့ စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ်မှ သဖန်းဆိပ်ရေအားလျှပ်စစ်စက်ရုံတို့ ပါဝင်ကြောင်းသိရပါတယ်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ဖို့ ၂၀၁၆ ခုနှစ် နိုဝင်ဘာကစပြီး အကြိုလေ့လာမှုတွေကို စတင်ဆောင်ရွက်ခဲ့ကာ ယခုနှစ်အတွင်း လုပ်ငန်းများ စတင်မယ်လို့ သိရပါတယ်။
လက်ရှိတွင် အဆိုပါ စက်ရုံများမှ တစ်နှစ်ကို လျှပ်စစ်ဓာတ်အား ၅၆၅ ကီလိုဝပ် နာရီသန်းသာ ထုတ်လုပ်နိုင်ပြီး အလုံးစုံပြုပြင်မွမ်းမံခြင်းနဲ့ အဆင့်မြှင့်တင်ခြင်းတွေကို ဆောင်ရွက်ပြီးသွားပါက ၈၁ ကီလိုဝပ် နာရီသန်းပေါင်း တိုးတက်ထုတ်လုပ်နိုင်ကာ တစ်နှစ်ကို စုစုပေါင်း ၆၄၆ ကီလိုဝပ် နာရီသန်းပေါင်း ထွက်ရှိလာမှာဖြစ်ပါတယ်။
Pyi Myanmar