ဂျပန်နိုင်ငံ ပြည်ဝင်ခွင့် အစီအစဉ်သစ်နှင့် ကုမ္ပဏီများရဲ့ တာဝန်များ


21 November, 2021

ဂျပန်နိုင်ငံက ကိုဗစ်ကြောင့် ပိတ်ထားတဲ့ နယ်ခြားဝင်ပေါက်တံခါးချပ်တွေ ဖွင့်လိုက်တာဟာ ဂျပန်ကို ဝင်ဖို့ ဗီဇာရထားပြီးသား စောင်ဆိုင်းနေရသူ ၃၇၀,၀၀၀ ဦးအတွက်တော့ သတင်းကောင်း ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့အထဲမှာ အများစုက ကိုယ့်အလှည့် ရောက်လာဖို့ အချိန်အတော်ကြာကြာ စောင့်ရဦးမှာ ဖြစ်ပါတယ်။ အကြမ်းအားဖြင့် ၇၀% ဟာ ပညာသင်တွေနဲ့ အလုပ်သင်တွေ ဖြစ်ပါတယ်။

Kai Japanese Language School က နိုင်ငံပေါင်း ၄၉ ကျော်မှ ပညာသင်တွေ ကျောင်းလာတက်ဖို့ လက်ခံထားတယ်။ ကျောင်းသူကျောက်းသား ၁၅၀ ဝန်းကျင် စောင့်ဆိုင်းနေကြတယ်။ ဝင်ခွင့်ရဖို့ လျှောက်ထားခဲ့တာမှာ တင်းကျပ်တဲ့ စည်းကမ်းတွေနဲ့ စိစစ်ပြီး ၄၄ ယောက်ကိုသာ လျှောက်ထားခွင့် ပေးခဲ့ပါတယ်။ ကျန်တဲ့သူတွေ လျှောက်လွှာတင်ခွင့် မရကြဘူး။
ကျောင်းကိုယ်စားလှယ် Hiroko Yamamoto က "တကယ်လို့ အရေးယူဆောင်ရွက်ပေးခြင်း မရှိဘူးဆိုရင် တချို့ ကျောင်းသူကျောင်းသားတွေက ဂျပန်မှာ စာလာသင်ဖို့ လက်မြှောက်လိုက်ကြလိမ့်မယ်" လို့ ပြောပါတယ်။

ပိတ်ထားတဲ့ဘပြည်ဝင်ခွင့်တွေ ပြန်ဖွင့်ပေးလိုက်တာမှာ စီးပွားရေးကိစ္စ ကာလတို လာရောက်‌ေနထိုင်မယ့် သူများ၊ ပြည်ပပညာသင်များ၊ အလုပ်သင်များကို ပြည်ဝင်ခွင့် ပြန်လည်ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။  

ရောက်လာတဲ့သူတွေကို သက်ဆိုင်ရာ ကုမ္ပဏီတွေ ကျောင်းတွေက တာဝန်ယူကြီးကြပ်ပေးရမှာ ဖြစ်ပါတယ်။

ကာကွယ်ဆေး အပြည့်ထိုးပြီးသူ စီးပွားရေးကိစ္စဖြင့် လာရောက်သူများနှင့် ပင်လယ်ရပ်ခြားမှ ပြန်လာမယ့် ဂျပန်နိုင်ငံသားများအဖို့ ကွာရင်တင်း ၃ ရက် ဝင်ရမှာ ဖြစ်ပြီး တာဝန်ယူထားတဲ့ ကုမ္ပဏီရဲ့ ကြီးကြပ်မှုအောက်မှာ ဆက်ရှိနေဖို့ လိုအပ်ပါတယ်။

၃ ရက်တာ ကွာရင်တင်းဝင်ပြီးတဲ့အခါ ကြီးကြပ်ရမယ့် ၇ ရက်တာအတွက် အသေးစိတ် စည်းကမ်းများကို အစိုးရက ပြဌာန်းထားပါတယ်။
သွားလာတဲ့အခါ shinkansen ကျည်ဆံရထား အပါအဝင် ရထားစီးဖို့ ကြိုတင်နေရာယူထားတဲ့ ထိုင်ခုံတွေမှာပဲ စီးရမယ်။ ဘတ်စ်ကား စီးရင်လည်း ကြိုတင်နေရာယူထားတဲ့ ထိုင်ခုံတွေမှာပဲ စီးရမယ်။

သွားလာခွင့် လျှောက်လွှာ၊ ရောက်ရှိလာသူ စာရင်း၊ ကတိဝန်ခံချက်၊ ခရီးစဉ် အသေးစိတ် စသဖြင့် လျှောက်လွှာပုံစံ ၆ ခု ဖြည့်ပြီး တင်ရမယ်။ 
လုပ်ငန်းရဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနထံမှ လျှောက်လွှာကို အတည်ပြုချက် ခွင့်ပြုချက် ရယူရမယ်။
ကွာရင်းတင်းဝင်ဖို့ အိမ်ခန်း စီစဉ်ခြင်း၊ ခရီးသည် ပို့ဆောင်ရေး၊ ကျန်းမာရေး ဆေးစစ်ခြင်း အစရှိသဖြင့် ပြည်ပမှ ဆိုက်ရောက်လာသူတွေအတွက် လုပ်ဆောင်ရတာတွေကို ယခင်က အစိုးရက တာဝန်ယူလုပ်ကိုင်‌‌ေပးခဲ့ပြီး ယခုအခါ ကုမ္ပဏီတွေက ကိုယ့်လူ ကိုယ်တာဝန် အစအဆုံးယူရမှာ ဖြစ်ပါတယ်။ ထို့အပြင် စာရွက်စာတမ်း တင်ပြရမှာတွေ ပိုများပြီး အဆင့်ဆင့် တင်ပြရမှာတွေလည်း ပိုများပါတယ်။

လေဆိပ်မှာ တစ်ရက်တာအတွက် ၃,၅၀၀ ဦးအထိ လက်ခံဆောင်ရွက်ပေးမှာ ဖြစ်ပြီး ၅,၀၀၀ ဦးအထိ တိုးမြှင့်ဖို့ အစီအစဉ် ရှိပါတယ်။

ပြည်ဝင်ခွင့် စိစစ်တာကို ဗီဇာထုတ်ပေးတဲ့ ရက်စွဲ အစဉ်အတိုင်း လုပ်ကိုင်ပေးမှာဖြစ်လို့ နိုဝင်ဘာလမှာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ မတ်လအထိ ဗီဇာ ထုတ်ပေးထားသူတွေကို စိစစ်မှာ ဖြစ်ပါတယ်။

ကိုဗစ်မဖြစ်ခင် ၂၀၂၀ ဇန်နဝါရီလတုန်းက နေ့စဉ် ဆိုက်ရောက်ခရီးသည်ဦးရေ ၁၄၀,၀၀၀ ဝန်းကျင် ကိုင်တွယ်ပေးခဲ့ပါတယ်။ ယခု တစ်ရက်ကို လူ ၅,၀၀၀ အထိ လုပ်ကိုင်ပေးတယ်ဆိုရင် ယခင်စံချိန်ဟောင်းရဲ့ ၄% ဝန်းကျင်မျှသာ ဖြစ်ပါတယ်။ 

Global News Read 596 times