တည်ဆောက်ရေး ကာလ ထပ်မံတိုးမြှင့်ခွင့်ပြုရေး တင်ပြရန် မလိုပါကြောင်း အသိပေးကြေညာ


21 April, 2022

တည်ဆောက်ရေး ကာလ ထပ်မံတိုးမြှင့်ခွင့်ပြုရေး တင်ပြရန် မလိုပါကြောင်း အသိပေးကြေညာ


မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၂၀၂၀ ပြည့်နှစ်မေလ ၁ ရက်နေ့မှ ၂၀၂၁ ခုနှစ်ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ၁ နှစ်နှင့် ၈ လအတွက် တည်ဆောက်ရေး ကာလ ထပ်မံတိုးမြှင့်ခွင့်ပြုရေး တင်ပြရန်မလိုပါကြောင်း အသိပေးကြေညာထားသည်ကို ဖော်ပြအပ်ပါသည်။



အသိပေးကြေညာချက်



မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် တိုင်းဒေသကြီး/ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီတို့၏ ခွင့်ပြုမိန့်/ အတည်ပြုမိန့်များဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေများကြောင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတည်ဆောက်မှု သို့မဟုတ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပြင်ဆင်မှုကာလအတွင်း လုပ်ငန်းဆောင်ရွက်မှုများ နှောင့်နှေးကြန့်ကြာခဲ့သဖြင့် တည်ဆောက်ရေး ကာလ တိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာကြပါသည်။

ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုကြောင့် အမှန်တကယ် ထိခိုက်နစ်နာခဲ့ရသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအပေါ် ကုစားပေးနိုင်ရန်ရည်ရွယ်၍ ၂၀၂၀ ပြည့်နှစ်မေလ ၁ ရက်နေ့မှ ၂၀၂၁ ခုနှစ်ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ၁ နှစ်နှင့် ၈ လကို ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တည်ဆောက်မှု သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ပြင်ဆင်မှုကာလအဖြစ် ထည့်သွင်းရေတွက်ခြင်းမပြုရန် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ကျင်းပသော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁/၂၀၂၂)ကြိမ်မြောက်အစည်းအဝေးက ဆုံးဖြတ်ခဲ့ပါသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် တိုင်းဒေသကြီး/ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီတို့၏ ခွင့်ပြုမိန့်/အတည်ပြုမိန့်ရရှိပြီး တည်ဆောက်ရေး (သို့မဟုတ်) ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိသော လုပ်ငန်းများအနေဖြင့် အဆိုပါကာလအတွင်း အကျုံးဝင်ပါက ကော်မရှင်သို့ တည်ဆောက်ရေး ကာလ ထပ်မံတိုးမြှင့်ခွင့်ပြုရေး တင်ပြရန်မလိုပါကြောင်းနှင့် ကော်မရှင်အနေဖြင့် တည်ဆောက်ရေး ကာလ တွက်ချက်ရာတွင် အဆိုပါကာလကို ထည့်သွင်းရေတွက်ခြင်းမပြုပါကြောင်း အသိပေးကြေညာ အပ်ပါသည်

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်

 

Laws and Regulations Investment/Divestment Read 249 times