Invest Myanmar Summit တွင် ပညာရေး၊ ကျန်းမာရေးနှင့် အထည်ချုပ်လုပ်ငန်းများ အပါအဝင်ကဏ္ဍရှစ်ခု ဦးစားပေး


26 January, 2019

နေပြည်တော်တွင် နှစ်ရက်ကျင်းပမည့် Invest Myanmar Summit 2019 တွင် ပညာရေး၊ ကျန်းမာရေးနှင့် အထည်ချုပ်လုပ်ငန်းများ အပါအဝင် ဦးစားပေးကဏ္ဍရှစ်ခု ဆွေးနွေးမည်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူ ၇၀၀ ခန့် တက်ရောက်မည်ဟု ခန့်မှန်းထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးသန့်စင်ဝင်းက 7Day Daily အား ပြောသည်။

စာရင်းပေးသွင်းထားမှုများ အရ ပြည်ပလုပ်ငန်းရှင် ၂၀၀ ခန့် ရှိသည်ဟု ဦးသန့်စင်ဝင်းက ဆိုသည်။‘‘မြန်မာနိုင်ငံအတွင်းမှာ အခြေစိုက်နေတဲ့ အဖွဲ့အစည်းတွေ၊ သံရုံးတွေကလည်း စိတ်ပါဝင်စား လို့ စာရင်းပေးထားတာတွေ ရှိပါ တယ်။ ဒါကြောင့် ဒီဖိုရမ်ကြီးတစ်ခုလုံးဆိုရင် ရင်းနှီးမြှုပ်နှံသူ ၆၀၀၊ ၇၀၀ လောက် တက်ရောက်ကြ လိမ့်မယ်လို့ မျှော်မှန်းပါတယ်’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများပိုမိုဝင်ရောက်လာစေရန် အိန္ဒိယ၊ ဂျပန်၊ တရုတ်၊ စင်ကာပူ၊ ထိုင်း၊ ကိုရီးယားစသည့် နိုင်ငံများကို ရည်မှန်းချက်ထား၍ Road Showများဖြင့်လည်း သွားရောက်မိတ်ဆက်ခဲ့သည်ဟု ဦးသန့်စင်ဝင်းက ဆိုသည်။ယခုဆွေးနွေးပွဲတွင် ပညာ ရေး၊ ကျန်းမာရေး၊ လျှပ်စစ်၊ အိမ် ရာအဆောက်အအုံ၊ ခရီးသွား၊ ရေလုပ်ငန်း၊ ကုန်ထုတ်လုပ်မှု၊ အထည်ချုပ်လုပ်ငန်းများကို ဦးစားပေးကဏ္ဍအဖြစ် အဓိကဦးစားပေးဆွေးနွေးမည့်အပြင် ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း၊ ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ တနင်္သာရီ၊ စစ်ကိုင်း ပြည်နယ်နှင့် တိုင်းဒေသကြီး ဆယ်ခုကိုလည်း အဓိကဦးစားပေးအဖြစ် ထည့်သွင်းထားသည်ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

‘‘ပြည်နယ်နဲ့ တိုင်းတွေကို ကျွန်တော်တို့ ဝန်ကြီးဌာနရဲ့ မူဝါဒဖြစ်တဲ့ ဖွံ့ဖြိုးရေးစီမံကိန်းတွေနဲ့ တာဝန်ယူမှုရှိတဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကို ဦးစားပေးဖိတ်ခေါ်ဆောင်ရွက်ရန် ဆိုတဲ့အတိုင်း တိုင်းဒေသကြီး၊ ပြည်နယ်ဆယ်မှာရှိတဲ့ ဒေသလိုအပ်ချက်နဲ့ ဦးစားပေးကဏ္ဍတွေကို နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေကနေ တစ်နေရာတည်းမှာ သိခွင့်ရရှိမှာဖြစ်ပါတယ်’’ဟု ဦးသန့်စင်ဝင်းကဆက်လက်ပြောကြားသည်။

Invest Myanmar Summit 2019 ပွဲကို နေပြည်တော်ရှိ MICC-2 တွင် ယခုလ ၂၈ ရက်နှင့် ၂၉ ရက်တွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းပြောကြားမည် ဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံကုန် သည်များနှင့် စက်မှုလက်မှု လုပ် ငန်းရှင်များအသင်းချုပ် (UMFCCI)ဥက္ကဋ္ဌဦးဇော်မင်းဝင်းနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC)ဥက္ကဋ္ဌ ဦးသောင်းထွန်းတို့ က နှုတ်ခွန်းဆက် စကားပြောကြား မည်ဖြစ်သည့်အပြင် ရန်ကုန်မြို့ သစ်ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် အမှုဆောင်အရာရှိချုပ် ဦးသိမ်းဝေနှင့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို အကောင်အထည်ဖော်ခွင့်ရထားသည့် CITIC Group (Myanmar) ဦးဆောင်ညွှန်ကြားရေးမှူး Yuan Shaobin တို့လည်း ပါဝင်ဟောပြောမည် ဖြစ်သည်။

7 Day Daily

Local News Events & Exhibition Investment/Divestment Read 400 times