Invest Myanmar Summit 2019


08 November, 2018

ပြည်တွင်းစီးပွားရေးများဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးတွင်သာမက မန္တလေး၊ ရှမ်း၊ ဧရာဝတီ၊ ကရင်၊ မွန်၊ တနင်္သာရီစသည့်ဒေသများတွင်ပါ ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ဖန်တီးပေးနိုင်ရန်နှင့် ဈေးကွက်ကို ပိုမိုချဲ့ထွင် ပေးနိုင်ရန်အတွက် ကုန်သည်စက်မှုအသင်းချုပ်မှ ကြီးမှူး၍ Invest Myanmar Summit 2019 ကို ၂၀၁၉ ခုနစ်၊ ဇန်နဝါရီလ (၈~၉) ရက် နေ့တွင်၊ နေပြည်တော်၊ MICC(II)တွင် ကျင်းပပြုလုပ်မည်ဖြစ်ပါတယ်။

Summit သို့ နိုင်ငံပေါင်း (၉)နိုင်ငံ (အမေရိကန်၊ အင်္ဂလန်၊ တရုတ်နှင့် ဟောင်ကောင်၊ အိန္ဒိယ၊ ဂျပန်၊ ကိုးရီးယား၊ သြစတြေးလျ၊ စင်ကာပူ၊ထိုင်း)တို့မှ ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များအား ကုန်သည်စက်မှုအသင်းချုပ်မှ ဖိတ်ခေါ် မည်ဖြစ်တယ်။

Summit မှတစ်ဆင့် ကုန်ထုတ်လုပ်မှု၊ အထည်ချုပ်ကဏ္ဍ၊ လျှပ်စစ်နှင့်စွမ်းအင်၊ စားသောက်ကုန်၊ ခရီးသွားလုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေးနှင့် မြေယာစသည့် ကဏ္ဍကြီးရှစ်ခုတွင် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်၍ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးနိုင်ရန် မျှော်မှန်းထားခဲ့ပါတယ်။ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာကုန်သည်စက်မှုအသင်းများနှင့် မီဒီယာများအား တွေ့ဆုံ၍ Invest Myanmar Summit 2019 နှင့်စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲကို အသင်းချုပ်တွင်ကျင်းပခဲ့ပါတယ်။

“ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတိုးမြှင့်တာကနေတစ်ဆင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ဖို့ ကုန်သည်စက်မှု အသင်းချုပ်အနေနဲ့လည်းတာဝန်ရှိပါတယ်။ ဒါကြောင့်မို့ Invest Myanmar Summit 2019 လို အခမ်းအနားမျိုးကျင်းပပြီး တစ်ဖက်တစ်လမ်းကကူညီဆောင်ရွက်နေတာဖြစ်ပါတယ်၊” ဟု ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌဦးဝေဖြိုးက ပြောကြားခဲ့ပါတယ်။

 Invest Myanmar Summit 2019 သို့ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံတော် အစိုးရ၊ ဒေသတွင်းအစိုးရမှ တာဝန်ရှိသူများအပါအဝင် တက်ရောက်သူပေါင်း (၈၀၀) ကျော် တက်ရောက်ရန် ကုန်သည်စက်မှုအသင်းချုပ် က မျှော်မှန်းထားပြီးနိုင်ငံအတွက် စီးပွားရေးအခွင့်အလမ်းများရရှိရုံသာမက၊ နိုင်ငံတော်အစိုးရ၊ ဒေသတွင်းအစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေရန် အထောက်အပံ့ဖြစ်စေမည်ဖြစ်ပါတယ်။

 

Events & Exhibition Read 548 times