"Invest Myanmar Summit 2019”


17 December, 2018

ပြည်ပလုပ်ငန်းရှင်များကို မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမယ့် အခွင့်အလမ်းတွေဆီသို့ ခေါ်ဆောင်ပေးမယ့် Invest Myanmar Summit 2019 အား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၈ နဲ့ ၂၉ ရက်နေ့များမှာ နေပြည်တော်၌ ကုန်သည်စက်မှုအသင်းချုပ်က ဦးဆောင်ပြီး ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ယခုလို ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေဆီ ခေါ်ဆောင်ပေးသွားမယ့် Invest Myanmar Summit 2019 ကို နိုင်ငံတကာသံရုံးများ၊ နိုင်ငံတကာ စက်မှုလက်မှုအသင်းအဖွဲ့များ၊ INGO အဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပ ဘဏ်အဖွဲ့အစည်းများနှင့် ကုမ္ပဏီများကို မိတ်ဆက်ပေးသည့် အခမ်းအနားအနေနဲ့ အသင်းချုပ်က “In inauguration of Invest Myanmar Summit 2019” ကို ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့ Pan Pacific Hotel မှာ “International Night” အဖြစ် နိုင်ငံတကာအဖွဲ့အစည်းများ စုံလင်စွာနဲ့ မိတ်ဆုံစားပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားတွင် အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက “အသင်းချုပ်ဟာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံတော်အစိုးရနဲ့အတူပူပေါင်းပြီး ထိထိရောက်ရောက် ဦးဆောင်နေတဲ့ အသင်းကြီးဖြစ်ပြီး ယခု Invest Myanmar Summit ပွဲကြီးကိုလည်း ပထမဆုံးအကြိမ် ကျင်းပသွားမှာဖြစ်ကာ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်တွင်းပြည်ပမှ စီးပွားရေးလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံသူများကို အတူပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်ကျင်းပသွားမှာဖြစ်တယ်” လို့ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက နေပြည်တော်မှာပြုလုပ်မယ့် Summit မှာ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းများစွာနဲ့ အကျိုးအမြတ်များစွာ ရှိပါတယ်။ တိုင်းဒေသကြီးအစိုးရတွေအနေနဲ့လည်း လုပ်ငန်းများပြီးမြောက်စေဖို့ အကောင်းဆုံး ပံ့ပိုးဆောင်ရွက်သွားမှာဖြစ်ပြီး၊ အသင်းချုပ်အနေနဲ့လည်း ရင်းနှီးမြှုပ်နှံမှုများတွင် ပိုမိုဆွဲဆောင်မှုရှိစေရန်၊ ရင်းနှီးကျွမ်းဝင်မှုရှိစေရန် ပါဝင်သွားမှာဖြစ်ပါတယ်။

ရင်းနှီးမြှုပ်နှံမှုဥပဒေများ ပိုမိုပွင့်လင်းလာခြင်း၊ အကာအကွယ်များနှင့် အထောက်အပံများ ပိုမိုပေးလာနိုင်ခြင်းတို့ကြောင်း ရင်းနှီးမြှုပ်နှံသူများအတွက် ကြီးမားသော ရလဒ်၊ အပြောင်းအလဲကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ ရရှိနိုင်မည့် အခွင့်အလမ်းကောင်းများကို Invest Myanmar Summit 2019 မှပါဝင်ပြီး အနာဂတ်တွင် ပိုမိုဖွံ့ဖြိုးတိုးတက်စေဖို့ စီးပွားရေးလုပ်ငန်းတိုင်းရှိ Stakeholder များအနေဖြင့် အသင်းချုပ်နဲ့ပူးပေါင်းကာ အတူတကွဆောင်ရွက်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်” လို့ အခမ်းအနားတွင် ပြောကြားခဲ့ပါတယ်။

နှစ်ရက်တာကျင်းပပြုလုပ်သွားမယ့် ယခု Summit မှာ ကုန်ထုတ်လုပ်မှု၊ အထည်ချုပ်ကဏ္ဍ၊ လျှပ်စစ်နှင့်စွမ်းအင်၊ စားသာက်ကုန်၊ ခရီးသွားလုပ်ငန်း၊ ပညာရေး၊ ကျန်းမာရေးနှင့် မြေယာစသည့် ကဏ္ဍကြီးရှစ်ခုအတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ အလုပ်အကိုင်အခွင့်အလမ်းများ တိုးများလာစေရန် ရည်မှန်းထားပြီး အမေရိကန်၊ အင်္ဂလန်၊ တရုတ်နှင့် ဟောင်ကောင်၊ သြစတြေးလျ၊ ကိုရီးယား၊ ဂျပန်၊ ထိုင်း၊ စင်ကာပူနှင့် အိန္ဒိယ နိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များ ဝင်ရောက်လာကြရန် မျှော်မှန်းထားကြောင်း Summit နဲ့ပတ်သက်ပြီး အသင်းချုပ်ဥက္ကဋ္ဌ ဦးဝေဖြိုး၏ ရှင်းလင်းချက်မှ သိရပါတယ်။ Summit နဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက www.investmyanmarsummit2019.com ကို ဝင်ရောက်လေ့လာနိုင်ကြောင်း သိရှိရပါတယ်။

ကုန်သည်စက်မှုအသင်းချုပ်

Investment/Divestment Events & Exhibition Read 648 times