အောက်တိုဘာလတွင် နိုင်ငံတကာ ရော်ဘာညီလာခံကို ကျင်းပရန် စီစဉ်


30 April, 2019

ဈေးကွက်သစ်များ ချိတ်ဆက်နိုင်မယ့် အခွင့်အရေးအပါအဝင် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ တိုးတက်ဖို့ နိုင်ငံတကာ ရော်ဘာညီလာခံကိုလာမယ့်အောက်တိုဘာလတွင် မြန်မာနိုင်ငံမှာ ကျင်းပဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများအသင်း အတွင်းရေးမှူးဦးခိုင်မြင့်က ပြောပါတယ်။

အဆိုပါ ညီလာခံကို ရော်ဘာကုန်ကြမ်းထုတ်လုပ်တဲ့ နိုင်ငံများမှ ကိုယ်စားလှယ်များ၊ ရော်ဘာကုန်ချောထုတ်လုပ်တဲ့ တာယာကုမ္ပဏီကြီးများ၊ ကမ္ဘာ့ရော်ဘာစိုက်ပျိုးထုတ်လုပ်မယ့် ပညာရှင်များ တက်ရောက်လေ့ရှိတာကြောင့် ဈေးကွက်သစ်များအပြင် စိုက်ပျိုးထုတ်လုပ်မယ့် နည်းပညာအသစ်တွေလည်း ရရှိနိုင်မယ်လို့ ၎င်းကပြောပါတယ်။ ထပ်မံ၍ ဦးခိုင်မြင့်က ကမ္ဘာ့ရော်ဘာထုတ်လုပ်သူတွေ မြန်မာကိုသိဖို့ အခွင့်အလမ်းတစ်ခုပါလို့ ပြောပါတယ်။

နိုင်ငံတကာရော်ဘာဖွံ့ဖြိုးရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ IRDB က နှစ်စဉ်ညီလာခံကို အဖွဲ့ဝင်နိုင်ငံတွေမှာ လှည့်လည်ပြုလုပ်လေ့ရှိပါတယ်။ အဆိုပါအဖွဲ့မှာ နိုင်ငံ ( ၂၀ ) ကျော်ပါဝင်ကာ မြန်မာနိုင်ငံလည်း အဖွဲ့ဝင်အဖြစ် ပါဝင်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု ပမာဏက တိုးတက်နေပေမယ့်လည်း နိုင်ငံတကာဈေးနှုန်း တည်ငြိမ်နေခြင်းကြောင့် ပြည်တွင်းဈေးကွက်မှာ RSS-3 တစ်ပေါင်ကို ကျပ် ( ၈၃၀ ) ခန့် ဈေးဖွင့်ထားပါတယ်။ နိုင်ငံတကာဈေးကွက်မှာတော့ ရော်ဘာကုန်ကြမ်းဈေးဟာ တစ်တန်ကို ဒေါ်လာ ( ၁,၇၀၀ ) ခန့်သာရှိပါတယ်။

မြန်မာနိုင်ငံရဲ့ ရော်ဘာကုန်ကြမ်းထုတ်လုပ်မှု ပမာဏကို အခုနှစ်မှာ တန်ချိန်သုံးသိန်းခန့် ရှိမယ်လို့ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများက ခန့်မှန်းထားပါတယ်။ ဘီးလင်းမြို့နယ်မှ ရော်ဘာခြံပိုင်ရှင်တစ်ဦးက ရာသီဥတုပုံမှန်ရှိနေခြင်းကြောင့် ရော်ဘာအထွက်နှုန်းက ပုံမှန်အခြေအနေမှာ ရှိနေတယ်လို့ ပြောပါတယ်။

၂၀၁၉ စာရင်းများအရ မြန်မာနိုင်ငံမှာ ရော်ဘာစိုက်ဧက ( ၁၆ ) သန်းကျော်ရှိပြီး အစေးလှီးနိုင်တဲ့ဧက ရှစ်သိန်းကျော်ရှိပါတယ်။ ပြည်ပကို ရော်ဘာကုန်ကြမ်းပမာဏ တန်ချိန် ( ၁.၆ ) သိန်းခန့် တင်ပို့နိုင်မယ်လို့ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်းက ခန့်မှန်းထားပါတယ်။

7Day Daily

Local News Events & Exhibition Read 454 times