စက်မှုဇုန်များရှိ  ပိတ်ထားသည့်စက်ရုံအချို့တွင် အလုပ်သမားများ လစာမရရှိ


21 August, 2021

လက်ရှိ ရုံးပိတ်ရက်ရှည်ကာလတွင် ရန်ကုန်မြို့စက်မှုဇုန်များရှိ စက်ရုံအချို့ ပိတ်ထားသည့်အတွက် အလုပ်သမားများအနေဖြင့် လစာမရရှိဘဲ အခက်အခဲများဖြစ်ပေါ်နေကြောင်း သြဂုတ် ၂၀ ရက်တွင် အလုပ်သမားများ၏ ပြောကြားချက်အရ သိရသည်။ “ဒီလမှာ ကျွန်မတို့က ၁၃ ရက်နေ့အထိ  ဆင်းပြီးလို့ ခုနားဆိုလို့ နားနေရတယ်ပေါ့။ လစာကတော့ သူဋ္ဌေးက လကုန်အထိ မပေးနိုင်လို့ နားနေရတယ်ပေါ့။ နောက်လကိုတော့ လုပ်ရမယ်ဆိုရင် လစာကို ၁၅ ရာခိုင်နှုန်းနဲ့ အလုပ်သမားတွေကို ညှိထားတယ်ပေါ့။ ဒီလက်ရှိအစိုးရကပိတ်တဲ့ ပိတ်ရက်တွေမှာ လစာမပေးဘူးပေါ့။ မပေးနိုင်လို့ မပေးဘူးပေါ့နော်။ တချို့စက်ရုံတွေမှာတော့ ခုရုံးပိတ်ရက်တွေကိုလည်း ဆင်းရပြီးလစာရကြပါတယ်။ တချို့စက်ရုံတွေကလည်း နေ့စားနဲ့ပဲ ခေါ်တာဆိုတော့ ခုနောက်ပိုင်းကလည်း နေ့စားတွေပဲ ခေါ်တာများတော့ မလုပ်ရတဲ့ရက်ဆို ပိုက်ဆံမရကြဘူးပေါ့” ဟု စက်ရုံတစ်ရုံမှ အလုပ်နားနေရသည့် အလုပ်သမားတစ်ဦးက ပြောကြားသည်။

ထိုသို့အလုပ်နားနေရသည့်အတွက် လက်ရှိတွင် အဆောင်စရိတ်များ၊ အိမ်စရိတ်များ အဆင်မပြေ၍ အခက်အခဲများဖြစ်နေကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“ခုဆို အလုပ်တွေ အဆင်မပြေတော့ အခက်အခဲတွေက အရင်ထက် ပိုသိလာတာပေါ့နော်။ အဆောင်ခတွေ၊ အိမ်လခတွေနဲ့ အဆင်မပြေတာတွေရှိတယ်။ အဲဒီလိုအဆင်မပြေတော့ ပြန်တဲ့သူတွေလည်း များတယ်။ အလုပ်ထွက်သွားတဲ့သူတွေလည်းများတယ်။ တခြားအလုပ်ရှာလို့လည်း အဆင်မပြေကြဘူး” ဟု ၎င်းကဆိုသည်။

ယင်းသို့ ရုံးပိတ်ရက်ကာလတွင် စက်ရုံအချို့ပိတ်ပြီး အချို့စက်ရုံများ ဖွင့်လှစ်လျက်ရှိကာ အလုပ်သမားများ အလုပ်ဆင်းနေကြရကြောင်းလည်း အလုပ်သမားတစ်ဦး၏ပြောကြားချက်အရ သိရသည်။

“ကျွန်မတို့စက်ရုံကတော့ ခုဆင်းနေရပါတယ်။ မပိတ်ဘူး။ ဟိုတစ်ခါတုန်းကတော့ ကိုးရက်ပိတ်တယ်။ ခုတော့ ဆင်းနေရပါတယ်” ဟု အလုပ်သမားတစ်ဦးက ဆိုသည်။

ထိုသို့ အလုပ်ဆင်းနေရသည့် အလုပ်သမားများသည်လည်း ခွင့်ယူရာတွင် အခက်အခဲများရှိကြောင်း သိရသည်။ 


“အလုပ်သမားတွေအနေနဲ့ အခက်အခဲကတော့ ခုချိန်မှာ နေမကောင်းလို့ ခွင့်ယူမယ်ဆိုရင် ဆေးစာမပါဘဲနဲ့ ယူလို့မရဘူး။ ဆေးစာဆိုရင်လည်း သူတို့က ဖူလုံရေးဆေးစာပဲ ပေးတယ်။ ကျန်တဲ့ဆေးစာဆိုရင် ခွင့်မပေးချင်ဘူး။ ဖူလုံရေးဆေးစာဆိုတာလည်း သွားယူရဖို့တွေက အဝေးကြီးလေ။ အဲဒီအတွက်ကြောင့်သွားယူဖို့က အဆင်မပြေဘူး” ဟု ယင်းအလုပ်သမားက ဆိုသည်။

လက်ရှိကာလတွင် အချို့စက်မှုဇုန်များ၌ စက်ရုံများ ယာယီပိတ်ခြင်းနှင့် အပြီးပိတ်ခြင်းများလည်း ဖြစ်ပေါ်နေကြောင်း အလုပ်သမားများ၏ ပြောကြားချက်အရ သိရသည်။

“ကျွန်မတို့စက်ရုံကတော့ ယာယီပိတ်မယ်ဆိုပြီး ကြေညာပြီး ခုအထိတော့ မဖွင့်သေးဘူး။ မဖွင့်သေးတော့ ကျွန်မတို့လည်း နားနေရတယ်။ ဘာအလုပ်မှမရှိဘူး” ဟု အလုပ်သမားတစ်ဦးက ဆိုသည်။     

 

Source: news-eleven.com/article

 

Local News Read 385 times