အင်ဒိုနီးရှား မြို့တော်သစ် နူဆန်တာရာ မဟာစီမံကိန်းကြီးအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်


05 June, 2022

အင်ဒိုနီးရှား မြို့တော်သစ် နူဆန်တာရာအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်


အင်ဒိုနီးရှားအစိုးရသည် မြို့တော်သစ် နူဆန်တာရာ Nusantara ကို အကောင်အထည်ဖော်ရန်အတွက် အလားအလာရှိသော ရင်းနှီးမြုပ်နှံသူများကို ငွေ‌ေကြးထည့်ဝင်ကြရန် အပြင်းအထန် စည်းရုံးလျက်ရှိသည်။

မြို့တော်သစ် နူဆန်တာရာ မဟာစီမံကိန်းကြီးကို ၂၀၄၅ ခုနှစ်တွင် ပြီးစီးရန် လျာထားသည်။


လက်ရှိမြိုတော် ဂျာကာတာသည် ဂျာဗားကျွန်းကြီးပေါ်တွင် တည်ရှိသည်။ ဂျာဗားကျွန်းသည် အင်ဒိုနီးရှားတွင် လူဦးရေ အများဆုံး ကျွန်းဖြစ်သည်။ 

မြို့တော်သစ်ကို ကာလီမန်တန်တွင် ၂၅၆,၁၄၂ ဟက်တာ ကျယ်ဝန်းသည့် ဧရိယာတွင် တည်ဆောက်ရန် လျာထားသည်။

 

 

၂၀၂၂ ဇွန်လ ၃ ရက် သောကြာနေ့တွင် နူဆန်တာရာ အာဏာပိုင် Bambang Susantono က ဗြိတိသျှ ဝန်ကြီးချုပ်ဟောင်း တိုနီ ဘလဲ နှင့် ဂျာကာတာတွင် တွေ့ဆုံခဲ့သည်။ ရင်းနှီးမြှုပ်နှံသူများ အတွက် အလားအလာကောင်းများ ပေးနေသည့် မြို့တော်သစ် ဖွံ့ဖြိုးရေးကို ဗြိတိန်က ကူညီပေးနိုင်လိမ့်မည်ဟု မျေှာ်လင့်ထားသည်။

Susantono က Blair  ကို လာမည့် စက်တင်ဘာလတွင် ကာလီမန်တန်သို့ အလည်လာရောက်ပြီး  နူဆန်တာရာ ဆောက်လုပ်ဆဲ အခြေအနေကို ကြည့်ရှုဖို့ ဖိတ်ကြားသည်။

အင်ဒိုနီးရှား စွမ်းအင်နှင့် သတ္တုအရင်းအမြစ်ဝန်ကြီး Arifin Tasrif သည် ၂၀၂၂ မေလ ၃၁ ရက် အင်္ဂါနေ့တွင် ဂျာမနီနိုင်ငံ  မြူးနစ်မြို့ရှိ ဂျာမန်စွမ်းအင်ကုမ္ပဏီ Siemens Energy သို့ သွားရောက်လည်ပတ်ခဲ့သည်။

ကုမ္ပဏီသည် ဒေသတွင်း လူသားအရင်းအနှီး (human capital)တိုးချဲ့မှုကို ပံ့ပိုးရန် ပညာရေးဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်ခြင်းအပါအဝင် Nusantara ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍကို ဖော်ဆောင်ရန် စိတ်ဝင်စားနေကြောင်း ၎င်းက ပြောကြားခဲ့သည်။


၂၀၂၂ မေလ ၃၀ ရက် တနင်္လာနေ့တွင် ရေကြောင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ညှိနှိုင်းရေးဝန်ကြီး Luhut Binsar Pandjaitan သည် နယ်သာလန်နိုင်ငံ Den Haag သို့ သွားရောက်လည်ပတ်စဉ်တွင် ဒတ်ခ်ျအစိုးရနှင့် စီးပွားရေးလုပ်ငန်းရှင်များအား ရင်းနှီးမြှုပ်နှံရန် ဖိတ်ကြားခဲ့သည်။

သူက နယ်သာလန် အခြေခံအဆောက်အအုံနှင့် ရေစီမံခန့်ခွဲမှုဝန်ကြီး Mark Harbers နှင့် တွေ့ဆုံခဲ့ပြီး ဘဏ္ဍာရေး အစီအစဉ်မှတစ်ဆင့်  Nusantara တွင် စိမ်းလန်း‌ေသာ စီးပွားရေးရင်းနှီးမြှုပ်နှံမှုကို  ပြုရန် အဆိုပြုခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ မြို့တော်သစ် နူဆန်တာရာ တည်ဆောက်ရေးသည်  ကြီးမားသော "မီဂါပရောဂျက်" ဖြစ်ပေရာအင်ဒိုနီးရှားနိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဌာန၏ အဆိုအရ ရန်ပုံငွေ ပမာဏ အနည်းဆုံး ၅၀၁.၅၆ ထရီလီယံရူပီယာ (အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံခန့်) လိုအပ်သည်။

စီမံကိန်း အကောင်အထည်ဖော်သည့် ပထမအဆင့်သည် ၂၀၂၄ ခုနှစ်အထိ လုပ်ဆောင်မည်ဖြစ်သည်။

 

 

 

ယခင်က ဂျပန်နိုင်ငံမှ SoftBank Group သည် မြို့တော်သစ် တည်ဆောက်မှုအတွက် အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံထက်မနည်း ရင်းနှီးမြှုပ်နှံရန် အဆင်သင့်ဖြစ်နေပြီဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း ၂၀၂၂ မတ်လတွင် အစီအစဉ်မှ နုတ်ထွက်ခဲ့သည်။

ရေကြောင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ညှိနှိုင်းရေးဝန်ကြီး Pandjaitan က ဆော်ဒီအာရေဗျကိုလည်း သူချဉ်းကပ်ခဲ့ပြီးပြီဟု ပြောကြားသည်။ ဆော်ဒီအာရေဗျက အလွန် ကြီးမားသော ပမာဏ ရင်းနှီးမြှုပ်နှံလိမ့်မည်ဟု သူက ပြောကြားသည်။
အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) အစိုးရက နူဆန်တာရာ ဆောက်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာ ၂၀ ဘီလျံကို Indonesian Investment Fund မှတစ်ဆင့် ဖယ်ထားပြီး ဖြစ်ကြောင်း သူက ပြောကြားသည်။
အင်ဒိုနီးရှားနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး Bahlil Lahadalia က စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Gan Kim Yong နှင့် ပြောဆိုဆွေးနွေးခဲ့ရာ၌ စမတ်စီးတီးများ၊ စိမ်းလန်းသော စက်မှုနှင့် ဒစ်ဂျစ်တယ် စီးပွားရေးတို့ကို အကောင်အထည်ဖော်ရန်အတွက် စင်ကာပူက ရင်းနှီးမြှုပ်နှံဖို့ ဖြစ်နိုင်ကြောင်း ပြောကြားခဒ့သည်။ 

ပြီးခဲ့သည့် သီတင်းပတ်က သမ္မတရုံး အရာရှိချုပ်  Moeldoko သည် ဂျကာတာတွင် စီးပွားရေးရာဝန်ကြီး Ann-Mari Kemell နှင့် တွေ့ဆုံခဲ့သည်။ဖင်လန်နိုင်ငံသည် စိမ်းလန်းပြီး သဘာဝပတ်ဝန်းကျင်နှင့် မိတ်ဘက်ဖြစ်သော မြို့အဖြစ် အင်ဒိုနီးရှားကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပေးရဖို့ စိတ်ပါဝင်စားကြောင်း ၎င်းက ထုတ်ဖော်ပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Sri Mulyani Indrawati က နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့် နူဆနါတာရာရှိ စီမံကိန်းများတွင် ပါ၀င်ရန် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များအတွက် ရွေးချယ်စရာနှစ်ခုရှိကြောင်း မကြာသေးမီက ရှင်းပြခဲ့သည်။

“ပထမတစ်နည်းက ရင်းနှီးမြှုပ်နှံသူတွေအနေဖြင့်  အစုရှယ်ယာရှင်တွေအဖြစ် ပါဝင်နိုင်ပါတယ်။  ဒုတိယတစ်နည်းက ရင်းနှီးမြှုပ်နှံသူများက ကျွန်တော်တို့ကို ချေးငွေထုတ်ချေးရုံသက်သက်  မြီရှင်များအဖြစ် ပါဝင်နိုင်ပါတယ်။ အနာဂတ် ရင်းနှီးမြှုပ်နှံသူများ အားလုံးအဖို့ ၎င်းတို့အတွက် အကျိုးအရှိဆုံးဖြစ်လိမ့်မယ်လို့ ထင်မြင်တဲ့ နည်းလမ်းကို   လွတ်လပ်စွာ ရွေးချယ်ခွင့် ရှိပါတယ်” ဟု ဝန်ကြီးက သတင်းထောက်များအား ပြောကြားခဲ့သည်။
 
အင်ဒိုနီးရှားသည် နိုင်ငံတော်ဘတ်ဂျက်ဖြင့် ကုန်ကျစရိတ်အားလုံးကို ကာမိရန် မတတ်နိုင်သောကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် နူဆန်တာရာတွင် ပါဝင်ကြဖို့ အရေးကြီးကြောင်းလည်း Indrawati က အလေးပေး ပြောကြားခဲ့သည်။

"ကျွန်မတို့ရဲ့ နိုင်ငံတော်ဘတ်ဂျက်ကို တံတားတွေ လမ်းတွေလိုမျိုး အခြေခံ အဆောက်အအုံတွေ ဖောက်လုပ်ဖို့ အဓိကထားပြီး သုံးစွဲသွားမှာပါ” ဟု ၎င်းက ရှင်းပြပါသည်။

Global News Investment/Divestment Read 485 times