အင်ဒိုနီးရှား သတ္တုလုပ်ငန်းကဏ္ဍ တန်ဖိုးဖြည့်ထည့်ရန် ဆုံးဖြတ်ချက် ခိုင်မာ


26 February, 2023

အင်ဒိုနီးရှား သတ္တုလုပ်ငန်းကဏ္ဍ တန်ဖိုးဖြည့်ထည့်ရန် ဆုံးဖြတ်ချက် ခိုင်မာ

TO GET INSTANT UPDATE 
Join Telegram Channel 
https://t.me/Guid4U

အင်ဒိုနီးရှား၏ နီကယ်တင်ပို့မှုတန်ဖိုးသည် ဝယ်ယူသူများအား နိုင်ငံအတွင်း သန့်စင်စက်ရုံများ တည်ထောင်ရန် ဖိအားပေးခဲ့ပြီးနောက် ငါးနှစ်အတွင်း ဆယ်ဆ မြင့်တက်လာခဲ့သည်။

ယခုအခါ အရှေ့တောင်အာရှ၏ အကြီးမားဆုံး စီးပွားရေးဖြစ်သည့် အင်ဒိုနီးရှားသည် ကြေးနီမှ ငါးအထိ အရာအားလုံးကို ပြုပြင်ပေးပြီး တန်ဖိုးမြင့်တက်စေခြင်းဖြင့် ဝင်ငွေပိုမြင့်သော နိုင်ငံစီးပွားရေးဆီသို့ ဦးတည်ထားသည်။

 ၂၀၄၅ ခုနှစ်တွင် လူတစ်ဦးချင်းအရ စုစုပေါင်းပြည်တွင်းထုတ်ကုန် (GDP) ကို  နှစ်ဆတိုးပြီး ကန်ဒေါ်လာ ၁ သောင်း ဖြစ်လာရန် ရည်မှန်းချက် ထားရှိသည်။ 

ကမ္ဘာ့ဘဏ်၏ ဝင်ငွေမြင့်မားသော နိုင်ငံစာရင်းထဲ ဝင်လုနီးပါး အခြေအနေသို့ ရောက်ရှိမည် ဖြစ်သည်။

ရင်းနှီးမြှုပ်နှံမှုဝန်ကြီး Bahlil Lahadalia က “ကျွန်တော်တို့ဟာ နီကယ်ကို ရှေ့ပြေးနမူနာအဖြစ် အကောင်အထည် ဖော်နေပါတယ်။ အဓိပ္ပာယ် မရှိတာက ကျွန်တော်တို့မှာ ကုန်ကြမ်းတွေ ရှိနေပေမဲ့ သန့်စင်ပေးဖို့ ပြည်ပကို ရောင်းတယ်။ ပြီးရင် သန့်စင်ပြီးသားသတ္တုကို ကျွန်တော်တို့  ပြန်ဝယ်ယူပြီး တင်သွင်းတယ်။ ကျွန်တော်တို့မှာ ဦးနှောက်တွေ ဘယ်ရောက်နေသလဲ" ဟု ပြောကြားသည်။

အလယ်အလတ်တန်း ဝင်ငွေအဆင့် နိုင်ငံအဖြစ်မှ မြင့်မတက်နိုင်တော့သည့် နိုင်ငံအများအပြားကြားတွင် ထုတ်လုပ်ရေးနှင့် ကုန်ထုတ်စွမ်းအားမြှင့်တင်ခြင်းဖြင့်  အမြင့်သို့ တက်နိုင်ခဲ့သည့် နိုင်ငံ အနည်းအကျဉ်းထဲတွင် ပါဝင်သော ထိုင်ဝမ်နှင့် တောင်ကိုရီးယားတို့၏ စီးပွားရေးပုံစံများကို အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုက  ထောက်ပြသည်။

အင်ဒိုနီးရှားသည် ကုန်ကြမ်းတင်ပို့မှုအပေါ် ဆယ်စုနှစ်များစွာ မှီခိုလာခဲ့သည်။ သယံဇာတ ကျိန်စာသင့်နေသည့်နှယ် ဖြစ်နေခဲ့သည်။ ချမ်းသာသည့်နိုင်ငံများက အင်ဒိုနီးရှားမှ သယံဇာတများကို တူးဖော်ထုတ်ယူပြီး ကုန်ကြမ်းအဖြစ်ဖြင့် ယူဆောင်သွားကြရာ အင်ဒိုနီးရှားသည် ကုန်ကြမ်းဈေးနှုန်းများဖြင့်သာ ရောင်းချခဲ့သည်။ ၎င်းကုန်ကြမ်းဈေးနှုန်း ဈေးကျလျှင် ဝင်ငွေ အကြီးအကျယ် ထိခိုက်သည်။

၎င်းကျိန်စာမှ လွတ်အောင် ပြည်တွင်းမှာ ကုန်ချောအဆင့်သို့ ပြောင်းလဲသည့် လုပ်ငန်းစဉ်များ တိုးမြှင့်လုပ်ကိုင်ရန် ဦးတည်ထားသည့် လမ်းပြမြေပုံအသစ်သည် ယခုနှစ်တွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ဖြင့် စတင်မည်ဖြစ်ပြီး ထို့နောက် ငါးလုပ်ငန်းကို ဆက်လက်လုပ်ကိုင်မည် ဖြစ်သည်။

ချမှတ်ထားသည့် အစီအစဉ်အရ အင်ဒိုနီးရှားနိုင်ငံသည် သန့်စင်ပြီး စားအုန်းဆီ၊ အုန်းထွက်ပစ္စည်း၊ သစ်၊ ပင်လယ်ရေမှော်နှင့် ဆားတို့ကိုသာ တင်ပို့မည်ဖြစ်သည်။ ကုန်ကြမ်းအဖြစ် တင်ပို့ခြင်း ရပ်ဆိုင်းတော့မည် ဖြစ်သည်။

ထိုသို့ ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၅၄၅ ဘီလီယံ လိုအပ်မည်ဟု အစိုးရက ခန့်မှန်းထားသည်။ 

“လူသန်း ၂၈၀၊ ကျွန်းပေါင်း ထောင်နဲ့ချီတဲ့ ဂဏန်းတွေနဲ့ အင်ဒိုနီးရှားကို ရောင်းချခဲ့ဖူးတယ်။  ဒါဟာ ရင်းနှီးမြှုပ်နှံမှု မဟုတ်ဘဲ သမိုင်းကို မြှင့်တင်တာပါ” ဟု Lahadalia က ပြောကြားခဲ့သည်။

“အခု ကျွန်တော်တို့က သူတို့ကိုပြောတယ်။  ခင်ဗျားတို့က ဘယ်လုပ်ငန်းကို လိုချင်တာလဲ။  ဒီမှာ ခင်ဗျားတို့ လုပ်နိုင်မယ့် အရာပဲ၊ ခင်ဗျားတို့ လုပ်နိုင်မယ် နေရာပဲ လို့ ပြောပြပြီး ရောင်းတယ်" ဟု သူက ပြောသည်။ 

 ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနသည် မျှော်မှန်းထားသော ပြန်ရနိုင်မည့် ဝင်ငွေနှုန်း၊ အရင်းကြေမည့် အချိန်ဇယားနှင့် ရရှိနိုင်သည့် ပြည်နယ်မက်လုံးများနှင့်တကွ ရင်းနှီးမြှုပ်နှံသူများမှ ရွေးချယ်နိုင်သော ပရောဂျက်များ၏ စာရင်းကို   ထုတ်ဝေသည်။

ကိုကာစေ့ စက်ရုံ စီမံကိန်းကို Central Sulawesi တွင် ၄၉.၈ ဘီလီယံရူပီ (ကန်ဒေါ်လာ ၃.၃ သန်း) ဖြင့် လုပ်ကိုင်မည်ဆိုပါက နှစ်စဉ်ဝင်ငွေ ၂၂% ပြန်ရမည်။

East Java တွင် ကြေးနီသန့်စင်စက်ရုံကို ကန်ဒေါ်လာ ၁.၁၃ ဘီလီယံဖြင့် လုပ်ကိုင်မည် ဆိုပါက နှစ်စဉ်ဝင်ငွေ ၁၆% ပြန်ရမည်။

 

၎င်းမူဝါဒ အလုပ်ဖြစ်သည့် လက္ခဏာများကို တွေ့နေရပြီဖြစ်သည်။

ယမန်နှစ်က ကုန်သွယ်မှု ပိုငွေ စံချိန်သစ်တင် မြင့်မားခဲ့သည်။ ရင်းနှီးမြှုပ်နှံမှု ၄၄% တိုးခဲ့ပြီး စုစုပေါင်း ကန်ဒေါ်လာ ၈၀ ဘီလီယံ ရှိခဲ့သည်။

အထူးသဖြင့် နီကယ်နှင့် ကြေးနီကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ပမာဏ များပြားခဲ့သည်။

နိုင်ငံ၏အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်သည့် အနောက်ပါပူဝါတွင် သဘာဝဓာတ်ငွေ့ကို ဓာတ်မြေဩဇာတွင် သုံးစွဲရန် မက်သနော၊ ယူရီးယားနှင့် အမိုးနီးယားအဖြစ်သို့ ပြောင်းလဲရန်အတွက် စက်ရုံများ တည်ဆောက်လျက်ရှိသည်။

ငါးလုပ်ငန်းကဏ္ဍတွင်ထိုင်း သို့မဟုတ် ဗီယက်နမ်ရှိ စက်ရုံများသို့ ဖမ်းဆီးရမိသည့် ငါး၊ ပုစွန်များ တင်ပို့ခြင်းအစား တူနာငါးနှင့် ပုစွန်များကို စားသုံးသူများအတွက် အဆင်သင့်အဆင့်အထိ ပြုပြင်ထုပ်ပိုးရန် စက်ရုံများကို တည်ထောင်ထားသည်။


အင်ဒိုနီးရှား၏ နီကယ်ကဏ္ဍ ကံကောင်းထောက်မသည်။  လျှပ်စစ်ကားများအတွက် ဘက်ထရီ ထုတ်လုပ်မှု အရှိန်မြင့်တက်လာရာ ဘက်ထရီအတွက် အဓိကလိုအပ်သည့် နီကယ်သတ္တုသည် ကမ္ဘာ့ဈေးကွက်တွင် ဝယ်လိုအား ရုတ်တရက် မြင့်တက်သွားသည်။ 

အင်ဒိုနီးရှားက နီကယ်သတ္တုကို မိုင်းတွင်းမှ ထွက်လာသည့် ကုန်ကြမ်းအနေဖြင့် တင်ပို့ခြင်း မပြုတော့ဘဲ အရည်ကြိုသန့်စင်ပြီး နီကယ်သတ္တု ကုန်ချော ထုတ်လုပ်ပြီး တင်ပို့ရန် ပြဋ္ဌာန်းခဲ့သည်။ 

ဥရောပသမဂ္ဂက နီကယ်သတ္တုရိုင်း တင်ပို့မှု ပိတ်ပင်လိုက်သည်ကို ကန့်ကွက်သည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့က ဥရောပသမဂ္ဂ ကန့်ကွက်သည်ကို သဘောတူသည်။ သိုသော် သမ္မတ ဂျိုကိုဝီက အလျှော့မပေးချေ။ နီကယ်မူဝါဒ ပြောင်းလဲပေးဖို့ ငြင်းပယ်ခဲ့သည်။ 

 Lahadalia က "ကျွန်တော်တို့ လမ်းတစ်ဝက်ကို ရောက်နေပြီ။ ဘာလို့ နောက်ကြောင်းပြန်လှည့်ရမှာလဲ" ဟု ပြောကြားသည်။ 

 

Source Bloomberg News

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Export, Import Laws and Regulations Read 300 times