အင်ဒိုနီးရှား ပထမဆုံး မြန်နှုန်းမြင့်ရထား ဂျာကာတာသို့ ရောက်ရှိ


05 September, 2022

အင်ဒိုနီးရှား ပထမဆုံး မြန်နှုန်းမြင့်ရထား ဂျာကာတာသို့ ရောက်ရှိ

 

လာမည့်နှစ် ဇွန်လတွင် အပြီးအသတ်ပြီးစီးပါက ဂျကာတာ-ဘန်ဒေါင်းအမြန်ရထားသည် အရှေ့တောင်အာရှတွင် ပထမဆုံး မြန်နှုန်းမြင့်ရထားလမ်း ဖြစ်လာမည်။

ဂျကာတာ-ဘန်ဒေါင်းအမြန်ရထားလမ်းအတွက် ပထမဆုံးအသုတ် တရုတ်နိုင်ငံလုပ် မြန်နှုန်းမြင့်ရထားများသည် ဂျကာတာဆိပ်ကမ်းသို့ သောကြာနေ့ (စက်တင်ဘာ ၂ ရက်) တွင် ရောက်ရှိခဲ့သည်။

 

လွန်ခဲ့သောနှစ်ပတ်က တရုတ်နိုင်ငံအရှေ့ပိုင်း Shandong ပြည်နယ်ရှိ Qingdao ဆိပ်ကမ်းမှ ထွက်ခွာခဲ့ပြီး ယခုအခါ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်သို့ ဆိုက်ရောက်ခြင်းဖြစ်သည်။

 

indo_hi_speed.jpg

 

လျှပ်စစ်ခရီးသည်တင်ရထားတစ်စီးနှင့် ကီလိုမီတာ ၁၄၂ အကွာအဝေးရှိ အင်ဒိုနီးရှား၏ ပထမဆုံးအမြန်ရထားလမ်းအတွက် စစ်ဆေးရေးရထားတစ်တွဲ ပါဝင်သည်။

 

ရထားများကို နိုင်ငံပိုင် China Railway Rolling Stock ၏ လက်အောက်ခံ CRRC Qingdao Sifang မှ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

 

တရုတ်နိုင်ငံ၏ Belt and Road Initiative (BRI) အထင်ကရစီမံကိန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် အမြန်ရထားလမ်းအတွက် ကုမ္ပဏီသည် နောက်ထပ် လျှပ်စစ်ခရီးသည်တင်ရထား ၁၀ တွဲကို ထပ်မံပို့ဆောင်‌ပေးမည်ဖြစ်သည်။

 

တရုတ်နိုင်ငံမှ ထုတ်လုပ်သော မြန်နှုန်းမြင့်ရထားများကို အခြားနိုင်ငံသို့ ရေကြောင်းဖြင့် တင်ပို့ခြင်းအနေဖြင့် ယခုအကြိမ်သည် ပထမဆုံး အကြိမ်ဖြစ်သည်။

 

မြန်နှုန်းမြင့်ရထားလမ်း စီမံကိန်းကို အင်ဒိုနီးရှားနှင့် တရုတ် ကုမ္ပဏီများ၏ လုပ်ငန်းစုဖြစ်သည့် PT Kereta Cepat Indonesia-China (KCIC) က ကြီးကြပ်ဆောင်ရွက်ပါသည်။

 

KCIC မှ မြန်နှုန်းမြင့် အမြန်ရထားသည် အရှေ့တောင်အာရှတွင် အမြန်ဆုံးရထားများဖြစ်ပြီး အင်ဒိုနီးရှား၏ ပထမဆုံး မြန်နှုန်းမြင့် အမြန်ရထားလမ်းလည်းဖြစ်မည်ဟု KCIC မှ ပြောကြားခဲ့ပါသည်။

 ဂျကာတာနှင့် ဘန်ဒေါင်းကို ဆက်သွယ်ထားသည့် ရထားလိုင်းသည် ခရီးသွားချိန်ကို သုံးနာရီကျော်မှ မိနစ် ၄၀ ခန့်သာ ကြာတော့သည်အထိ လျှော့ချမည်ဖြစ်သည်။

 

ဂျာကာတာနှင့် အိမ်နီးချင်းပြည်နယ် အနောက်ဂျာဗားမြို့တော် ဘန်ဒေါင်းကြားတွင် ဘူတာလေးခု ထားရှိမည်ဖြစ်သည်။

 

ရထားလမ်းဖောက်လုပ်မှုမှာ ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီး လာမည့်နှစ် ဇွန်လတွင် အဆင်သင့်ဖြစ်ရန် အစီအစဉ် ရေးဆွဲထားကြောင်း KCIC က ပြောသည်။

 

အဆိုပါရထားများကို တရုတ်နိုင်ငံမှ အင်ဒိုနီးရှားသို့ အသုတ် ၄သုတ်ဖြင့် တင်ပို့မည်ဖြစ်ပြီး နောက်ဆုံးအသုတ်အနေဖြင့် ၂၀၂၃ ခုနှစ် မတ်လတွင် ရောက်ရှိမည်ဖြစ်သည်။

 

ရထားတစ်စီးတိုင်းတွင် ရထားရှစ်တွဲပါရှိပြီး ခရီးသည် ဦးရေ ၆၀၀ အထိ တင်ဆောင်နိုင်သည်။

၎င်းတွင် ခရီးသည် ၁၈ ဦးအတွက် VIP အတန်း၊ ခရီးသည် ၂၈ ဦး အတွက် ပထမတန်း၊ ခရီးသည် ၅၅၅ ဦးအတွက် ဒုတိယတန်းနှင့် စား‌ေသာက်ခန်းရထားတွဲတို့ ပါဝင်သည်။

 

 ရထား၏ အမြင့်ဆုံးအမြန်နှုန်းမှာ တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ ဖြစ်ကာ နေ့စဉ်ခရီးသည် ၃၀,၀၀၀ ခန့် သယ်ဆောင်နိုင်မည်ဟု ခန့်မှန်းထားသည်။

 

 ဂျကာတာ-ဘန်ဒေါင်း အမြန်ရထားလမ်းကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် အပြီးသတ်ရန် ရည်ရွယ်ထားသော်လည်း မပြီးစီးခဲ့ချေ။

 မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်းသည် မြေယာသိမ်းဆည်းမှုနှင့် COVID-19 ကျန်းမာရေးနှင့် သွားလာရေး ကန့်သတ်ချက်များကဲ့သို့သော ပြဿနာများကြောင့် နှောင့်နှေးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

China Development Bank မှ ထောက်ပံ့ငွေဖြင့် အကောင်အထည်ဖော်ပါသည်။

တရုတ်နှင့်  ဂျပန်တို့ အပြိုင်အဆိုင် တင်ဒါလေလံဆွဲပြီးနောက် တရုတ်ကို ချီးမြှင့်ခဲ့သည်။

 

ကုန်ကျစရိတ်မှာ ကနဦးတွင် ရူပီယာ ၆၆ ဒသမ ၇၆ ထရီလီယံ (အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၈ ဘီလီယံ) ခန့်ရှိမည်ဟု ခန့်မှန်းထားသော်လည်း ရူပီယာ ၁၁၃ ထရီလီယံအထိ မြင့်တက်လာခဲ့သည်ဟု မစ္စတာ ရီယာဒီက ဖေဖော်ဝါရီတွင် အင်ဒိုနီးရှားပါလီမန်သို့ ပြောကြားခဲ့သည်။

 

ရထားစမ်းသပ် ပြေးဆွဲမည့် အဦးဆုံး ခရီးစဉ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်  နှင့် အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို တို့ ရထားအတူစီးကြရန် အစီအစဉ် ရှိသည်။ ယခုနှစ် နိုဝင်ဘာလတွင် ဖြစ်လိမ့်မည်ဟု လျာထားပါသည်။ 

Source: CNA
#MyanmarIndustriesGuide
Telegram Channel https://t.me/Guid4U

 

Global News Export, Import Read 4987 times