စားအုန်းဆီ ပို့ကုန်ခွန် လျှော့ချပေးရန် အင်ဒိုနီးရှား စဉ်းစားနေဟုဆို


08 July, 2022

စားအုန်းဆီ ပို့ကုန်ခွန် လျှော့ချပေးရန် အင်ဒိုနီးရှား စဉ်းစားနေဟုဆို

အင်ဒိုနီးရှားနိုင်ငံသည် ၎င်း၏ စားအုန်းဆီ ပြည်ပတင်ပို့မှုအ‌ပေါ် ပို့ကုန်ခွန် စည်းကြပ်မှုအား ဖြတ်တောက်ရန် စဉ်းစားနေကြောင်း အစိုးရအဖွဲ့ဝန်ကြီးတစ်ဦးက ကြာသပတေးနေ့ (ဇူလိုင် ၇ ) တွင် ပြောကြားခဲ့သည်။
 ပြည်တွင်းဟင်းချက်ဆီများ ဖူလုံစေရေးကို ကာကွယ်ရန် ရည်ရွယ်ပြီး ပြည်ပတင်ပို့မှု တားမြစ်ခဲ့ခြင်းကြောင့် စားအုန်းဆီ သိုလှောင်မှု များပြားလွန်းနေသည်ကို ဖြေဖျောက်ရန် ကြိုးပမ်းမှုတစ်ရပ် ဖြစ်သည်။

စားဆီကို ကမ္ဘာ့အများဆုံး ထုတ်လုပ်ပေးသည့် အင်ဒိုနှီးရှားနိုင်ငံသည် ပြည်ပတင်ပို့မှုကို သီတင်းပတ် ၃ ပတ်တိုင်တိုင် ပိတ်ပင်ခဲ့ပြီး မေလကုန်ပိုင်းတွင်  ပြန်ဖွင့်‌ပေးပြီးသည့်နောက်တွင် မူဝါဒ အမျိုးမျိုး ပြောင်းလဲလျက်ရှိသည်။

ပြည်တွင်း သိုလှောင်ကန်များ ပြည့်နေသဖြင့် ဆီစက်များ ဆီထားဖို့ နေရာမရှိသောကြောင့် အလုပ်ရပ်ထားကြရသည်။ ဆီလှောင်ကန်များထဲမှ ဆီများကို ရှင်းထုတ်ပြီး ဆီစက်များ ထုတ်လုပ်မည့်ဆီများ ထားသိုဖို့ နေရာရရှိရေးကို ဆောင်ရွက်နိုင်မှ ဆီစက်များ ပုံမှန်လည်ပတ်နိုင်မည်ဖြစ်ပြီး ထိုသို့လည်ပတ်နေနိုင်မှ ဆီအုန်းစိုက်ခင်းများမှ ဆီအုန်းခိုင်များ ဝယ်ယူနိုင်မည်။ ထိုသို့ အဝယ်လိုက်မှသာလျှင် ဆီစက်များ ရပ်ထားသဖြင့် ဝယ်လိုအား မရှိသောကြောင့် ဈေးပြုတ်ကျနေသော ဆီအုန်းခိုင်များ ဈေးပြန်ရလာမည်။ ဈေးမရသဖြင့် ဒုက္ခရောက်ပြီး မကျေမနပ်ဖြစ်နေကြသော ဆီအုန်းစိုက်ပျိုးသူ လယ်သမားများ အဆင်ပြေကြမည်။ သို့ဖြစ်ရာ ပြည်ပသို့ တင်ပို့နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း ဝါရင့်ဝန်ကြီး Luhut Pandjaitan က ပြောကြားသည်။

"တင်ပို့မှု စီးဆင်းဖို့အတွက် စီးပွားရေးလုပ်ငန်းတွေကို တင်ပို့ဖို့ မက်လုံးတွေပေးဖို့ လိုပါတယ်။ အဲဒီအတွက်  ပို့ကုန်အခွန်စည်းကြပ်မှုကို လျှော့ချရမှာဖြစ်ပါတယ်" ဟု  Luhut မှ ပြောကြားခဲ့သည်။ 

အင်ဒိုနီးရှားသည် ပို့ကုန်ခွန်ကို ယခင်က အများဆုံး ကန်ဒေါ်လာ ၃၇၅ သတ်မှတ်ထားခဲ့ရာမှ ဇူလိုင်လအတွက် တစ်တန်လျှင် အများဆုံး ကန်ဒေါ်လာ ၂၀၀ သို့ လျှော့ချခဲ့သော်လည်း ဩဂုတ်လတွင်  ကန်ဒေါ်လာ ၂၄၀ သို့ တိုးမြှင့်မည်ဖြစ်သည်။

အင်ဒိုနီးရှားကုန်သွယ်ရေးဝန်ကြီးဌာနသည်  ၎င်း၏ပို့ကုန်ရည်ညွှန်းစျေးနှုန်းကို လစဉ်အစားနှစ်ပတ်တစ်ကြိမ် သတ်မှတ်ရန် စဉ်းစားနေကြောင်း၊ သို့မှသာ အပြောင်းအလဲမြန်သော နိုင်ငံတကာစျေးနှုန်းများကို ပိုမိုထင်ဟပ်စေမည်ဟု ပြောကြားပါသည်။

အင်ဒိုနီးရှား၊ မလေးရှားနှင့် ဥရောပနိုင်ငံများရှိ စားအုန်းဆီစျေးနှုန်းများကို အခြေခံ၍ ရည်ညွှန်းစျေးနှုန်း သတ်မှတ်ပြီး ပို့ကုန်အခွန်ပမာဏကို သတ်မှတ်ရန် ၎င်းရည်ညွှန်းစျေးနှုန်းကို အသုံးပြုပါသည်။
နောက်ဆုံးသတ်မှတ်သည့် ရည်ညွှန်းဈေးနှုန်း‌ေရချိန်မှာ ရောင်းဈေးသည် တစ်တန် ကန်ဒေါ်လာ ၁,၅၀၀ ကျော်ပါက အခွန်နှုန်းထားအမြင့်ဆုံးဖြင့် စည်းကြပ်သည်။ ထို့အပြင် သီးခြားပို့ကုန်ခွန်အဖြစ် တစ်တန်လျှင် ကန်ဒေါ်လာ ၂၈၈ ကောက်ခံသည်။ 

အင်ဒိုနီးရှား၏ တင်ပို့ရောင်းချမှုများ ပြန်လည်စတင်ခြင်း၊ အထွက်တိုးခြင်းနှင့် စီးပွားရေးကျဆင်းမှုကို စိုးရိမ်ခြင်းတို့ကြောင့် အာရှစားအုန်းဆီဈေးနှုန်းများ မကြာသေးမီရက်သတ္တပတ်များအတွင်း ကျဆင်းခဲ့သည်။ မလေးရှားစားအုန်းဆီဈေးသည် ယခုလတွင် ၁၈ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။

အင်ဒိုနီးရှား၏ ဆီအုန်းရိတ်သိမ်းရာသီ အမြင့်ဆုံးအချိန်တွင် လယ်သမားများထံမှ စားအုန်းဆီများ ပိုမိုဝယ်ယူရန် ကုမ္ပဏီများအတွက် ဆီထားသိုဖို့ နေရာရှင်းလင်းရန် အစိုးရသည် စားအုန်းဆီများကို "ရှင်းထုတ်" ဖို့ ကြိုးပမ်းနေသည်။

"ရှင်းထုတ်တာကို လုပ်နေပါပြီ။ ဒါပေမဲ့ ကျွန်တော်တို့ မျှော်လင့်တဲ့ ရလဒ်ကို မရသေးဘူး" ဟု Luhut က ပြောကြားသည်။

အင်ဒိုနီးရှားစားအုန်းဆီဘုတ်အဖွဲ့ဥက္ကဋ္ဌ Sahat Sinaga က ပြည်တွင်းစားအုန်းဆီသိုလှောင်မှုသည် ပြည်ပတင်ပို့မှုများ ပိတ်ပင်ခဲ့ပြီးသည့်နောက်တွင် တန်ချိန် ၆ ဒသမ ၂ သန်းအထိ မြင့်တက်လာခဲ့သည်ဟု ဆိုသည်။

အင်ဒိုနီးရှား၏ ပို့ကုန်မူဝါဒများ အဆက်မပြတ် အပြောင်းအလဲများကြောင့် ဝယ်လက်များ သတိထား‌ေနရပြီး ပို့ကုန်လုပ်ငန်းရှင်များသည် သင်္ဘောများ ရဖို့  အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

နိုင်ငံတကာ ဈေးနှုန်းများ ကျဆင်းခြင်း နှင့် ပို့ကုန်အခွန်များ မြင့်မားခြင်းတို့ကြောင့် ကုမ္ပဏီများအား ပို့ကုန်များ ခေတ္တရပ်ရန် အကြောင်းပြချက် ရရီနေစေပြီး ဖြေလျှော့ပေးရန် တောင်းဆိုမှုများ ရှိနေကြောင်း ၎င်းက ပြောသည်။
“အခွန်နဲ့ စည်းကြပ်မှုအတွက် ၂၅ ရာခိုင်နှုန်း လျှော့ပေးဖို့ အကြံပြုချင်ပါတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိ ပို့ကုန်ခွဲတမ်းဖြင့် တင်ပို့‌နေကြခြင်းများသည် ဩဂုတ်လနှောင်းပိုင်းအထိ ပုံမှန်မဖြစ်နိုင်‌သေးဟု ၎င်းက သုံးသပ်သည်။ 

စားအုန်းဆီစက်အချို့သည် ဆီအုန်းခိုင်များဝယ်ယူခြင်းကို ရပ်တန့်ထားဆဲဖြစ်ပြီး အချို့မှာ ဈေးနှုန်း အနိမ့်ဖြင့်သာ ဝယ်ယူနေကြကြောင်း ဆီအုန်းစိုက်ခင်း တောင်သူများက ပြောကြားကြသည်။

 

အနောက် ကာလီမန်တန် ပြည်နယ်တွင် လယ်သမားများသည် ဆီစက်မှ နေ့စဥ်ဝယ်ယူမှု ခွဲတမ်းသတ်မှတ်ထားသည့်အတွက် ဆီအုန်း ရောင်းချရန် ရက်အတန်ကြာ စောင့်ဆိုင်းရကြောင်း လယ်သမား Albertus Wawan က ပြောကြားကြားသည်။ ဆီအုန်းများ အပြည့်တင်ထားကြသည့် ထရပ်ကားများ စီတန်းရပ်ထားသည့် တန်းအရှည်ကြီးသည် မိမိအလှည့် ရောက်မည့်ရက်ကို စောင့်ဆိုင်းနေကြရသည်။
#MyanmarIndustryGuide
Telegram Channel
https://t.me/Guid4U
Sourec Reuters

Agriculture & Livestock Export, Import Read 985 times