ဧပြီ ၂၈ တွင် အင်ဒိုနီးရှား စားအုန်းဆီတင်ပို့မှု ရပ်ဆိုင်းမည်


23 April, 2022

ဧပြီ ၂၈ တွင် အင်ဒိုနီးရှား စားအုန်းဆီတင်ပို့မှု ရပ်ဆိုင်းမည်

 

အင်ဒိုနီးရှား စားအုန်းဆီတင်ပို့မှုကို ဧပြီလ ၂၈ ရင်မှစ၍ ထိထိရောက်ရောက် ပိတ်ပင်မည်ဖြစ်ကြောင်း သမ္မတ ဂျိုကို ဝီဒူဒူ (ဂျိုကိုဝီ)က ဧပြီလ ၂၂ ရက် သောကြာနေ့ ဗီဒီယို မိန့်ခွန်းတွင် အသိပေးကြောကြားသည်။ ထပ်မံကြေညာခြင်း မပြုမချင်း ရက်အကန့်အသတ်မရှိ ပိတ်ပင်ထားမည်ဟု ပြောကြားသည်။

စားအုန်းဆီကြမ်း၊ ဆီချော နှစ်မျိုးစလုံး ပိတ်ပင်မှုတွင် အကျုံးဝင်သည်။

ပြည်တွင်း စားသုံးဆီ ဈေးနှုန်း မြင့်မားနေခြင်းကို ထိန်းချုပ်ရန် စားအုန်းဆီ ပြည်ပတင်ပို့မှုကို ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။

ဗီဒီယို ထုတ်လွှင့်မှုတွင် သမ္မတက ယခုကျင့်သုံးသည့် မူဝါဒသည် ပြည်တွင်းတွင် စားသောက်ကုန် ထုတ်ကုန်များ ရရှိဖို့ သေချာစေရန် စီမံလုပ်ဆောင်သည့် ရည်ရွယ်ချက် ဖြစ်ကြောင်း ပြောကြားသည်။

"ပြည်တွင်းဈေးကွက်မှာ ဟင်းချက်ဆီ ပေါများပြီး လူအများ တတ်နိုင်တဲ့‌ဈေးနှုန်းများ ဖြစ်နေစေဖို့အတွက် ဒီမူဝါဒ အကောင်အထည်ဖော်တာကို ကျွန်တော် မျက်ခြည်မပြတ်စောင့်ကြည့်ပြီး အကဲဖြတ်မယ်” ဟု ၎င်းက ဆိုသည်။

စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် ထိပ်တန်းနှစ်နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနှင့် မလေးရှားတို့တွင် ထုတ်လုပ်မှု အားနည်းနေပြီး ကမ္ဘာ့ဈေးကွက်ထဲတွင် ဝယ်လိုအား မြင့်တက်နေသဖြင့် စားအုန်းဆီကြမ်း ဈေးနှုန်းများ စံချိန်တင် မြင့်တက်သည်။ စားအုန်းဆီသည် အင်ဒိုနီးရှားတွင် အဓိက ဟင်းချက်ဆီ ဖြစ်ပြီး ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းမြင့်မားခြင်းနှင့် ပြတ်လပ်မှုများ ဖြစ်ပေါ်နေခဲ့သည်။

၂၀၂၂ ဇန်နဝါရီလတွင် အင်ဒိုနီးရှား အစိုးရက စားအုန်းဆီ တင်ပို့မှုကို ကန့်သတ်ခဲ့ပြီး များမကြာခင်မှာ ကန့်သတ်ချက်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။ ယခု ဧပြီလ ၂၈ ရက်တွင် ယတိပြတ် ပိတ်ပင်မည် ဖြစ်သည်။

စားအုန်းဆီလုပ်ငန်းကဏ္ဍ ဦးဆောင်အသင်း GAPKI က အစိုးရ မူဝါဒကို လိုက်နာမည် ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။ သို့သော် စားအုန်းဆီလုပ်ငန်းက‌ဏ္ဍကို ထိခိုက်စေမည် ဖြစ်သဖြင့် ပြန်လည်စဉ်းစား သုံးသပ်ပေးပါရန် ကြေညာချက်တွင် ဖော်ပြထားသည်။

ဆီအုန်းစိုက်ခင်းများကြောင့် တောပြုန်းသည်၊ ရှားပါးတိရစ္ဆာန်များ နေထိုင်ကျက်စားရန် နေရာပျောက်ဆုံးစေသည်ဟု ပြစ်တင်ဝေဖန်မှုများကြောင့် ဆီအုန်းစိုက်ခင်း အသစ်များ တိုးချဲ့ရန် ပါမစ်ကို ၂၀၁၈ ခုနှစ်ကတည်းက အစိုးရက ပိတ်ပင်ထားခဲ့သည်။ သို့ဖြစ်ရာ ထုတ်လုပ်မှု ပမာဏ တိုးစေရန်အတွက် ဆီအုန်းစိုက်ခင်းများ တိုးချဲ့စိုက်ပျိုးခွင့် မရရှိချေ။

စားအုန်းဆီ ပြည်တွင်းလက်လီဈေးသည် ပျမ်းမျှအားဖြင့် ၁ လီတာ ၂၇,၄၃၆ ရူပီယာ (ကန်ဒေါ်လာ ၁.၈၄) ဖြစ်ပြီး ယခုနှစ် သုံးလတာအတွင်း ၄၀% ဈေးတက်သည်။ အချို့ဒေသများတွင် ဈေး ၂ ဆ တက်ခဲ့သည်။

ဟင်းချက်ဆီ ဈေးနှုန်းမြင့်တက်သည့်အတွက် မြို့ကြီးများတွင် ကျောင်းသားများ ဆန္ဒပြကြသည်။

အစိုးရက လက်ကားဈေးနှုန်းကို ၁ လီတာ ၁၄,၀၀၀ ရူပီယာ အမြင့်ဆုံးဈေးနှုန်းအဖြစ် သတ်မှတ်ပြဋ္ဌာန်း ထားသည်။

လက်တွေ့တွင်၁၈,၀၀၀ ရူပီယာအထက်တွင် ရှိသော ဈေးနှုန်းများဖြင့် ရောင်းချနေကြသည်။

ပို့ကုန်ပါမစ်အတွက် လာဘ်ပေးလာဘ်ယူခြင်းများ ရှိနေသည်ကို အစိုးရက စုံစမ်းဖော်ထုတ်လျက် ရှိသည်။

အမေရိကန်ဒေါ်လာ - ရူပီယာ ငွေလဲနှုန်း
($1 = 14,356.0000 rupiah)

Reuters

Agriculture & Livestock Export, Import Read 18018 times